နောက်သက်တမ်းအတွက် စဉ်းစားမယ်ဆိုရင် ဒီကိန်းဂဏန်းတွေကို တာဝန်ယူရလိမ့်မယ် (၂)

နောက်သက်တမ်းအတွက် စဉ်းစားမယ်ဆိုရင် ဒီကိန်းဂဏန်းတွေကို တာဝန်ယူရလိမ့်မယ် (၂)
Published 22 October 2015
ကျော်ဇောလင်း

(၁)
သမ္မတကြီးခင်ဗျား ... နိုင်ငံတစ်ခု တိုးတက်မှုကို ပြောတော့မယ်ဆိုရင် အဲဒီနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ အခြေခံ လူနေမှုဘ၀ အဆင့်အတန်း ဘယ်လောက် မြင့်တက် လာသလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ စားဝတ်နေရေး ဘယ်လောက်အထိ ပြေလည်အောင် လုပ်ပေးသလဲ ဆိုတာက အဓိက အရေးကြီး ပါတယ်။
တိုင်းပြည်က တိုးတက်နေတယ်ပြောပြီး ပြည်သူတွေက ဆင်းရဲတွင်း နက်နေတယ်ဆိုရင် ဒါဟာသဘာ၀ မကျပါဘူး။ ဒါ့အပြင် ပြည်သူတစ်ဦးချင်းစီရဲ့ အခြေခံ အခွင့်အရေးတွေ ဖြစ်တဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေကိုလည်း တိုးတက်အောင် လုပ်ဆောင်ပေးရမှာက အစိုးရတစ်ရပ်ရဲ့ အဓိကတာဝန်ပဲ ဖြစ်ပါတယ်။
ဒီငါးနှစ်တာ ကာလမှာ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာဟာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်နေရပါတယ်။ ကျွန်တော့် အနေနဲ့ ပထမရေးခဲ့တဲ့ ဆောင်းပါးမှာ သမ္မတကြီး တာဝန်မယူမီ အခြေခံ စားသောက်ကုန်တွေရဲ့ အခြေအနေနဲ့ သမ္မတကြီးလက်ထက် ငါးနှစ်တာ ကာလအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေကို နှိုင်းယှဉ်ခဲ့ပြီး ပြည်သူလူထု အနေနဲ့ ငါးနှစ်တာအတွင်း ထိုးတက်ခဲ့တဲ့ ကိန်းဂဏန်းရဲ့ ဒဏ်ကို မခံနိုင်တော့ဘူးဆိုတာ ရေးသားဖော်ပြ ခဲ့ပါတယ်။
 
(၂)
ဒါ့အပြင် ဒီငါးနှစ်တာအတွင်း ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ နောက်ထပ် အကြီးကျယ်ဆုံး အကျပ်အတည်း တစ်ခုဖြစ်တဲ့ နေထိုင်စရိတ် ကိန်းဂဏန်းတွေ ကြီးမြင့်လာမှုကို တင်ပြပါမယ်။ တိုင်းပြည်က စီးပွားရေး ကျနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းက ရှားပါးတဲ့အတွက် နေ့စဉ်နဲ့အမျှ ပြည်သူတွေဟာ ဘဝရပ်တည်ရေး အတွက် ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံရပ်ခြားကို ထွက်ခွာနေကြရပါတယ်။ ကျေးရွာတွေမှာ ဆိုရင်လည်း လယ်လုပ်ဖို့အတွက် အလုပ်သမား ရှားပါးတဲ့အထိ လူငယ် လူရွယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း အတွက် မွေးရပ်ဇာတိတွေကို အသီးသီး စွန့်ခွာနေကြပါတယ်။
နိုင်ငံခြားကို မထွက်နိုင်တဲ့ သူတွေက မြို့ပေါ်တက်ပြီး အလုပ်လုပ်ကြတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ တက်ပြီး ရရာအလုပ်နဲ့ အသက်မွေးကြရတဲ့သူတွေ မနည်းပါဘူး။ ရွှေ့ပြောင်း အခြေချသူတွေ များလာတာနဲ့အတူ မြို့ကြီးတွေမှာ လူဦးရေ သိသိသာသာထူထပ် များပြားလာပါတယ်။ ရန်ကုန်မြို့မှာဆိုရင် လူဦးရေ ခြောက်သန်းနီးပါးအထိ ရှိလာပါတယ်။ တဖြည်းဖြည်းနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ နေရေးအတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာ စရိတ်က ငါးနှစ်တာ အတွင်းမှာ အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပါတယ်။
         
(၃)
ရန်ကုန်မြို့မှာ အိမ်ငှားဈေးနှုန်းတွေက ငါးနှစ်တာအတွင်း ကြောက်စရာကောင်းအောင် ထိုးတက်သွားခဲ့ပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်မယူမီ ၂၀၀၈ အောက်တိုဘာလက ရန်ကုန်မြို့ လူနေထူထပ်တဲ့ ကမာရွတ်၊ ဗဟန်း၊ စမ်းချောင်းတို့လို နေရာတွေမှာ နှစ်သိန်းဝန်းကျင် လောက်ပဲရှိတဲ့ တိုက်ခန်းငှားခဟာ အခု ၂၀၁၅ အောက်တို ဘာမှာ လေးသိန်းဝန်းကျင်မှာ ရှိပါတယ်။ ငါးနှစ်တာ အတွင်းမှာ အိမ်ခန်းငှားခတွေဟာ အနိမ့်ဆုံး နှစ်ဆကနေ သုံး၊ လေး၊ ငါးဆအထိ ကြောက်စရာကောင်းအောင် မြင့်တက်သွားပါတယ်။
မြို့စွန်တွေလို့ ပြောရမယ့် ဒဂုံတောင်၊ မြောက် စတဲ့ နေရာတွေမှာ ၂၀၁၀ တုန်းက ၃၀၀၀၀ နဲ့ ငှားလို့ရတဲ့ အိမ်တစ်လုံးဟာ အခု ၂၀၁၅ အောက်တိုဘာမှာ တစ်သိန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
သာမန်ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း တစ်ဦး လစာသုံးသိန်းလောက် ရတယ်ဆိုရင်တောင် သူ့ရဲ့ လစာတစ်ဝက်က အိမ်ငှားစရိတ်နဲ့ပဲ ကုန်သွားမှာ ဖြစ်ပါတယ်။ ဒါတောင် နေရာ၊ အထပ်အမြင့် အကျယ်အဝန်းအပေါ် လိုက်ပြီး ဈေးက အများကြီး ကွာပါတယ်။ လစာ သုံးသိန်းလောက်ရတဲ့ ဝန်ထမ်းတစ်ဦးဟာ သူ့ရဲ့ဝင်ငွေနဲ့ ရန်ကုန်မြို့တွင်း ဧရိယာထဲမှာရှိတဲ့ အိမ်ခန်းငှားဖို့ ဆိုတာ မလွယ်ပါဘူး။
အိမ်ခြံမြေ အရောင်းအဝယ် ဈေးနှုန်းတွေကတော့ ၂၀၁၀ နောက်ပိုင်းမှာ နှစ်ဆ သုံးဆ ခုန်တက်ခဲ့ပြီး အခု ၂၀၁၅ အောက်တိုဘာ အရောက်မှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ စောင့်ကြည့် အကဲခတ်နေရတဲ့ အချိန်မို့လို့ ဈေးနှုန်းမြင့်တက်မှု ရပ်တန့်သွား ခဲ့ပါတယ်။ ဒါကလည်း ဈေးကျသွားတာမျိုး မဟုတ်ဘဲ ဈေးကွက်ကို စောင့်ကြည့်ပြီး အရောင်းအဝယ် မလုပ်ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။
 
(၄)
အစိုးရအနေနဲ့ ရန်ကုန်မြို့ကို တိုးချဲ့ဖို့ စီမံကိန်းတွေ ရေးဆွဲတယ်။ မြို့သစ်တွေ ထပ်ချဲ့ဖို့လုပ်တယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်တယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ နေထိုင်ရေး ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ပါဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းက  ရန်ကုန်မြို့ကို ချဲ့တဲ့အနေနဲ့ ဒဂုံမြို့သစ် တောင်/မြောက်၊ အရှေ့ဆိပ်ကမ်း စတဲ့မြို့သစ်တွေကို အကောင်အထည် ဖော်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနေရာတွေမှာ လူဦးရေ သိပ်သည်းမှုနှုန်းက တစ်စတုရန်းမိုင်ကို လူ ၅၀၀၀ ခန့်သာ နေထိုင်ကြပြီး လူဦးရေ သိပ်သည်းမှုအရ အနိမ့်ဆုံး အခြေအနေတွေမှာပဲ ရှိနေပါတယ်။ ရေ၊ မီး၊ လမ်း စတဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု လိုအပ်ချက်တွေကြောင့် မြို့သစ်တွေမှာ လူဦးရေ ဖြန့်ကြက်နိုင်မှု အားနည်းပြီး မြေကွက်လွတ်တွေပဲ များနေပါတယ်။
အစိုးရအနေနဲ့ မြို့သစ်တွေ အကောင်အထည် ဖော်ရာမှာ အားနည်းချက်တွေ ရှိနေတာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု မရှိတာ၊ Corruption အတွက် အာမခံချက် မရှိတာတွေကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ခံခဲ့ရပါတယ်။ ဒါ့အပြင် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍကို ပြည်သူအများစု အဆင်ပြေအောင် လုပ်ဆောင် ပေးနိုင်ခြင်း မရှိတာကြောင့်လည်း မြို့သစ်တွေဟာ စည်ကားသင့်သလောက် မစည်ကားဘဲ ဖြစ်ခဲ့ပါတယ်။
 
(၅)
တန်ဖိုးနည်း တန်ဖိုးမျှတ အိမ်ရာတွေကလည်း လူထုရဲ့ အိမ်ရာ လိုအပ်ချက်ကို အမှန်တကယ် ထိထိရောက်ရောက် ဖြေရှင်း မပေးနိုင်တာ တွေ့ရပါတယ်။ တန်ဖိုးနည်း အိမ်ရာတွေဟာ အခြေခံ လူတန်းစား အလွှာအတွက် လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေ ဖြစ်နေပါတယ်။ ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ ရောင်းချပေးမယ်ဆိုတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဧရာဝဏ်၊ ရတနာအိမ်ရာ စီမံကိန်း တိုက်ခန်းတွေရဲ့ တစ်ပေပတ်လည် ဈေးနှုန်းဟာ ကျပ်တစ်သိန်းကနေ ၁၂၀၀၀၀ အကြား ကျသင့်တယ်လို့ သိရပါတယ်။ ဒီတော့ တိုက်ခန်းတစ်ခန်းကို အနည်းဆုံး ကျပ်သိန်း ၆၀၀ ကနေ ကျပ်သိန်း ၇၀၀ ဝန်းကျင်အထိ ကျသင့်မယ်ဆိုတော့ အမှန်တကယ် အိမ်ရာလိုအပ်နေတဲ့ အခြေခံ လူတန်းစား အတွက် လက်လှမ်း မမီနိုင်တဲ့ အခြေအနေတွေ ဖြစ်သွားပါတယ်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ခွင့်ရပြီး တန်ဖိုးနည်းကနေ တန်ဖိုးမျှတဆိုပြီး လုပ်တယ်။ ကျပ်သိန်း ၂၀၀ ဝန်းကျင်တွေ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်လာတဲ့ အချိန်မှာ ရန်ကုန်မြို့တွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက တိုက်ခန်းဈေးနှုန်း တွေကလည်း ခုန်တက်သွားခဲ့တယ်။ ဒီတော့ ဝန်ထမ်းတစ်ဦး၊ အောက်ခြေက ပြည်သူတစ်ဦး အနေနဲ့ ကိုယ်ပိုင်တိုက်ခန်း တစ်ခန်း ဝယ်ဖို့ဆိုတာ အိပ်မက် မက်ရုံလောက် ဖြစ်သွားပြီး ရတဲ့ဝင်ငွေနဲ့ မြို့တွင်း ဧရိယာတွေမှာ အိမ်ခန်းငှားနေဖို့ အတွက်တောင် ရုန်းကန်ရတဲ့ အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။
နေထိုင်စရိတ် မတန်တဆ ကြီးမြင့်မှုကို မဖြေရှင်းနိုင်တဲ့အပြင် ဒီအစိုးရ လက်ထက်မှာ မြေယာပြဿနာတွေ၊ ကျူးကျော်ပြဿနာတွေက နေရာအနံှ့မှာ ဖြစ်နေခဲ့တယ်။ ဒါတွေ အတွက်လည်း ပြည်သူတွေ စိတ်ကျေနပ်အောင် ပွင့်လင်းမြင်သာစွာ မလုပ်ပေး နိုင်ခဲ့ပါဘူး။
 
(၆)
ပြည်သူတွေအတွက် နေထိုင်စရိတ်ကလည်း ဘယ်လောက်အထိ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလဲ ဆိုတာကို ငါးနှစ်တာအတွင်း ကိန်းဂဏန်းတွေက သက်သေပြနေပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ နောက်ထပ်ငါးနှစ် သက်တမ်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေ ခံနိုင်ဖွယ်ရှိမှာ မဟုတ်ပါဘူး။
လက်တွေ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခြေခံပြည်သူလူထုရဲ့ စားဝတ်နေရေး အခက်အခဲကို မြင်အောင်ကြည့်မယ်ဆိုရင် ဖုန်းတွေ ပေါလာတာ၊ ကားတွေ ပေါလာတာဟာ တကယ့်အပြောင်းအလဲ အစစ်အမှန် မဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။
ပြည်သူတွေရဲ့ Living Standard အမှန်ကို အခြေခံ စားဝတ်နေရေး ပြေလည် ကောင်းမွန်မှုရှိ၊ မရှိနဲ့ဘဲ ချိန်ထိုးကြည့်ရပါမယ်။ လက်ရှိ အခြေအနေတိုင်း ဆိုရင်တော့ သမ္မတကြီး အနေနဲ့ နောက်သက်တမ်းအတွက်  စဉ်းစားဖို့ ဒီကိန်းဂဏန်းတွေက ခွင့်ပြုနိုင်စရာ မရှိပါဘူး။ ငါးနှစ်တာ ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိန်းဂဏန်းတွေကို သမ္မတကြီး အနေနဲ့ ဘယ်လို ဖြေရှင်းပေးမလဲ။ နောက် သက်တမ်းအတွက် စဉ်းစားမယ် ဆိုရင်တော့ ဒါတွေကို တာဝန်ယူရ ပါလိမ့်မယ်။

 

Most Read

Most Recent