မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်း၏ နည်းပြချုပ်အဖြစ် သြစတြေးလျလူမျိုး အဲရစ်ဝီလျံကို တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။ MFF သည် မူလက မြန်မာ ယူ-၂၁ အသင်း နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်အား ခန့်အပ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းမှာ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ဖြစ်လာခဲ့သောကြောင့် အဲရစ်ဝီလျံအား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
MFF သည် မြန်မာ ယူ-၂၁ အသင်းကို ပြည်တွင်းနည်းပြများအား ကိုင်တွယ်စေရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားသား နည်းပြကိုသာ တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၊ ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်းတို့မှ ကစားသမားအများစုဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး (၂၈) ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် မြန်မာ ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများလည်း ပါဝင်လာဖွယ်ရှိနေသည်။ အဲရစ်ဝီလျံသည် မြန်မာ ယူ-၁၆ အသင်း၏ နည်းပြချုပ်အဖြစ် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းက ခန့်အပ်ခံခဲ့ရပြီး ၎င်းလက်ထက်တွင် မြန်မာ ယူ-၁၆ အသင်းမှာ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဒုတိယနေရာရရှိခဲ့ပြီး အာရှ ယူ-၁၆ ခြေစစ်ပွဲတွင်မူ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိပေ။ ထို့ပြင် အဲရစ်ဝီလျံသည် ရန်ကုန်အသင်းအား ပြည်တွင်းချန်ပီယံဆုများ ရရှိစေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ တစ်ဦးဖြစ်ပြီး ၎င်းင်းလက်ထက်တွင် ရန်ကုန်အသင်းမှာ တစ်ရာသီအတွင်း အမှတ်ပေးချန်ပီယံဆုနှင့် ရှုံးထွက် ချန်ပီယံဆုတို့ကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၁ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင် ဗီယက်နမ်အသင်း အပါအဝင် ထိုင်း၊ မြန်မာ၊ စင်ကာပူ၊ တောင်ကိုရီးယားတို့မှ လူငယ် လက်ရွေးစင်အသင်းများ၊ ဗီယက်နမ်မှ ဟောင်အန်းဂယ်လိုင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်းကို အဲရစ်ဝီလျံ ကိုင်တွယ်မည်ဖြစ်ပြီး အသင်းလေးသင်းဖြင့် လာမည့် နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်