Facebook တွင် အကောင့်အတုတစ်ခုမှ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးအား ပုတ်ခတ်ထားသည့် ဓာတ်ပုံများ၊ ရေးသားမှုများဖော်ပြမှုကြောင့်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ အမျိုးသား တစ်ဦးအား အောက်တိုဘာ ၁၆ ရက် ညပိုင်း က သက်ဆိုင်ရာရဲစခန်းမှ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါဖမ်းဆီးထိန်းသိမ်းခံရသူမှာ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်တွင် နေထိုင်သူ ကိုလူဇော်စိုးဝင်း (အသက် ၂၈ နှစ်) ဆိုသူဖြစ်ပြီး ၎င်းအား Zaw Htoo Mg (သို့) Lunch Zaw Soe Win အကောင့်ဖြင့် Facebook တွင် ရေးသားဖော်ပြခြင်းဟုတ်၊ မဟုတ်ကျွမ်းကျင်သူများဖြင့် တိုက်ဆိုင်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ကိုလူဇော်စိုးဝင်းကို အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ) နဲ့အမှု ဖွင့်ထားတယ်။ ညစ်ညမ်းစွာ ဆဲဆိုတာတွေ ပတ်သက်ပြီးတော့ နစ်နာတဲ့ တပ်မတော်ပိုင်းက မနေ့ညက အမှုလာဖွင့်လို့ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာဖြစ်တယ်။ တင်တဲ့အကောင့်က သူ ဟုတ်မဟုတ်စိစစ်နေပါတယ်” ဟု အဆိုပါရဲအရာရှိက အောက်တိုဘာ ၁၇ ရက် ညပိုင်းက ဖြေကြားခဲ့သည်။
လတ်တလောတွင် ကိုလူဇော်စိုးဝင်းကို ဒေါပုံမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် Facebook မှာ ရေးသားထားသည့် အကောင့်တွင် ကိုလူဇော်စိုးဝင်း၏ မှတ်ပုံတင်အား အသုံးပြုဖော်ပြထားခြင်းကြောင့် ၎င်းအား ထိန်းသိမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေါပုံမြို့နယ်နေသူသည် ၎င်း၏ ကိုယ်ပိုင်သုံးနေကျ Ko Pu Tu အမည်ရှိ အကောင့်ဖြင့် အသက် ၂၈ နှစ်ပြည့်မှ မှတ်ပုံတင်ရရှိသည်ကို ပျော်၍ Facebook တွင် တင်မိခဲ့ကြောင်း၊ ယင်းနောက် မှတ်ပုံတင်အား ရိုက်ကူးထားသော ဓာတ်ပုံကို Cover Photo အဖြစ် အသုံးပြုကာ နိုင်ငံတော်အရာရှိများအား ဆဲဆိုရေးသားမှုများ ဖော်ပြသည့် အကောင့်တုများ ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် မိမိ၏အကောင့် Ko Pu Tu မှာ Roport ပြုလုပ်ခံရပြီး လော့ကျသွားခဲ့သဖြင့် Lu Zaw Soe Win ဆိုသည့် အမည်အရင်းဖြင့် အကောင့် ပြန်လည်ရရှိခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် ကိုလူဇော်စိုးဝင်းက သူ၏အကောင့်တွင် ထိန်းသိမ်းမခံရမီ ဖော်ပြထားသည်။
ယင်းကဲ့သို့ မိမိ၏မှတ်ပုံတင်အား အသုံးပြုထားသည့် အကောင့်များမှ ရေးသားဖော်ပြမှုများကြောင့် အောက်တိုဘာ ၁၄ ရက် ၁၁ နာရီ ၃၅ မိနစ်(နံနက်/ညဟူ၍ ဖော်ပြထားခြင်းမရှိ)တွင် ဒေါပုံရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ကိုလူဇော်စိုးဝင်း၏ အကောင့်တွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိအချိန်တွင် တပ်မတော်မှ အမှုဖွင့်သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)ဖြင့် ဖမ်းဆီးအရေးယူထားသူ သုံးဦးနှင့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဥပဒေပုဒ်မ- ၃၄ (ဃ) ဖြင့် အရေးယူခံရသူတစ်ဦးအပါအဝင် စုစုပေါင်း လေးဦး ရှိခဲ့ပြီဖြစ်သည်။
အကောင့်တုဖြင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအား ပုတ်ခတ်ထားသည့် ဓာတ်ပုံများ၊ ရေးသားမှုများ ဖော်ပြမှုကြောင့်ဟုဆိုကာ ဒေါပုံမြို့နယ်မှ အမျိုးသားတစ်ဦးအား ပုဒ်မ-၆၆ (ဃ)ဖြင့် ဖမ်းဆီးစစ်ဆေး