ပုဂံဒေသတွင် နိုင်ငံခြားသားများအား ဝန်ဆောင်မှုပေးနေသည့် ရှုခင်းကြည့် မီးပုံးပျံ စီးနင်းခြင်းများကို ရှေးဟောင်း စေတီပုထိုး၊ အဆောက်အအုံမျာ းတည်ရှိရာ Monument Zone၏ ပြင်ပ၌သာ ခွင့်ပြုတော့မည်

ပုဂံဒေသတွင် နိုင်ငံခြားသားများအား ဝန်ဆောင်မှုပေးနေသည့် ရှုခင်းကြည့် မီးပုံးပျံ စီးနင်းခြင်းများကို ရှေးဟောင်း စေတီပုထိုး၊ အဆောက်အအုံမျာ းတည်ရှိရာ Monument Zone၏ ပြင်ပ၌သာ ခွင့်ပြုတော့မည်
Published 18 October 2015
ကိုနော် ( ပုဂံ )

၂၀၁၄ ခုနှစ်အတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ရှုခင်းကြည့် မီးပုံးပျံများ ပံျသန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်တည်လာရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားသားများအား ဝန်ဆောင်မှု ပေးနေသည့် ရှုခင်းကြည့် မီးပုံးပျံ စီးနင်းခြင်းများကို ရှေးဟောင်းစေတီ၊ ပုထိုး၊ အဆောက်အအုံများတည်ရှိရာ Monument Zoneနှင့် ကင်းလွတ်သည့် နေရာများတွင်သာ ပျံသန်းခွင့် ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် အောက်တိုဘာ ၁၆ ရက်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဦးဆောင် ပြုလုပ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရာ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများ၊ ရှေးဟောင်း သုတေသန ပညာရှင်များ၊ ဗိသုကာ ပညာရှင်များ၊ ယူနက်စကိုမှ ကျွမ်းကျင် ပညာရှင်များ၊ ဟိုတယ်၊ ခရီးသွားနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းရှင်များ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပုဂံအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ပုဂံဆိုက်တစ်ခုလုံးကို တင်ဖို့အတွက် ဆွေးနွေးကြတယ်။ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့အခါ ကွက်တိကွက်ကျား မတင်ဘဲနဲ့ ဆိုက်တစ်ခုလုံးကို တင်ဖို့ ဆုံးဖြတ်တယ်။ နောက်တစ်ခုက ရှုခင်းကြည့် မီပုံးပျံတွေ ပျံသန်းမှုကို ကျွန်တော်တို့ Monument Zoneပြင်ပကနေပဲ ပျံသန်းခွင့်ပြုတော့မယ်”ဟု ရှေးဟောင်း သုတေသနဦးစီးဌာနတွင် ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ယခုအခါ ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဦးမျိုးညွန့်အောင်က ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံများ တည်ရှိရာဇုန် Monument Zon ရှေးဟောင်းနယ်မြေဇုန် Ancient Zoneနှင့် ကာကွယ်ထိန်းသိမ်းရေး ဇုန် Prevention Zoneဟူ၍ ပညာရှင်များက သတ်မှတ် ထားရှိသည်။
“အစည်းအဝေးကသုံးရက် ကျင်းပတာပေါ့။ အရင်နေ့တွေကတော့ စာတမ်းဖတ်တာတို့၊ ပုံမှန် ဆွေးနွေးတာတို့လောက်ပဲ။ ဒီနေ့ကတော့ ဘောလုံးတွေ ပျံသန်းမှုကို နေရာသတ်မှတ်တာတို့၊ ကျူးကျော် အိမ်ရာတွေနဲ့ ပတ်သက်တာတွေ ဆွေးနွေး ဆုံးဖြတ်တာတွေ ဆောင်ရွက်ခဲ့ကြတယ်ဟု ပုဂံဇုန်ဧည့် လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။
အဆိုပါအစည်းအဝေးအား ရှေးဟောင်း သုတေသနပြတိုက်တွင် အောက်တိုဘာ ၁၄ ရက်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင်မူ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင် နေသူများပါ တက်ရောက်ခဲ့သည်။

Most Read

Most Recent