ခေတ်သစ ်လူသားမျိုးနွယ်သည် ယခင်ယူဆထားသည်ထက် ပို၍စောစွာ အာဖရိကပြင်ပမှ ထွက်ပေါ်လာ

ခေတ်သစ ်လူသားမျိုးနွယ်သည် ယခင်ယူဆထားသည်ထက် ပို၍စောစွာ အာဖရိကပြင်ပမှ ထွက်ပေါ်လာ
Published 15 October 2015

တရုတ်နိုင်ငံ တောင်ပိုင်းတွင် လူသား၏ သွားများကို ရှာဖွေတွေ့ရှိခဲ့မှုက ယခင်က လွှမ်းမိုးခဲ့သော သီအိုရီများ ထောက်ပြခဲ့သည်ထက် နှစ်ပေါင်း ၇၀,၀၀၀ ခန့်အထိ စော၍ ခေတ်သစ်လူသား မျိုးစိတ်သည် အာဖရိကမှ ထွက်ခွာလာကြောင်း အထောက်အထား တစ်ရပ်ကို ရရှိစေသည်ဟု အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော လေ့လာချက် တစ်ရပ်က ဖော်ပြသည်။
Homo sapiens ဟု ခေါ်သော ခေတ်သစ်လူသား မျိုးစိတ်သည် ယနေ့ခေတ် တရုတ်နိုင်ငံသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀,၀၀၀ နှင့် ၁၂၀,၀၀၀ အတွင်း ရောက်ရှိ ခဲ့သည်ဟု ယခုလေ့လာချက်အရ သိရပြီး ခေတ်သစ် လူသားများ၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မြေပုံကို ပြန်လည်ရေးဆွဲနိုင်သည်ဟု ဆိုသည်။
“အထွေထွေ သဘောအရ လက်ခံထားတဲ့ ပုံစံက ခေတ်သစ်လူသား မျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ က အာဖရိက တိုက်ကနေ ထွက်ခွာလာတယ်လို့ ဆိုပါတယ်” ဟု ယခုလေ့လာချက်ကို ပူးတွဲရေးသားသူ လန်ဒန်ယူနီဗာစတီ ကောလိပ်မှ သုတေသန ပညာရှင် တစ်ဦးဖြစ်သော မာရီယာမာ တီနွန်တောရက်စ်က ပြောကြားခဲ့သည်။
“ဒီကိစ္စမှာ ကျွန်မတို့အနေနဲ့ Homo sapiens မျိုးစိတ်အား ယခင်လက်ခံထားတာထက် ပိုစောပြီး အာဖရိက တိုက်ကနေ ထွက်ခွာလာတယ်လို့ ပြောရပါလိမ့်မယ်” ဟု  မာတီနွန်တောရက်စ်က ယခုလေ့လာချက် ဖော်ပြခဲ့သော Nature ဂျာနယ်သို့ ပြောကြားခဲ့သည်။
သို့သော် အဆိုပါ လူသားများ အာဖရိကတိုက်မှ ထွက်ခွာလာရာ လမ်းကြောင်းကိုမူ တွေ့ရှိရခြင်း မရှိသေးပေ။ ယခင်သုတေသနက အဖြစ်နိုင်ဆုံး လမ်းကြောင်းမှာ အရှေ့အာဖရိကမှ အာရေဗျကျွန်းဆွယ်နှင့် အရှေ့အလယ်ပိုင်း ဒေသကိုဖြတ်ကာ အရှေ့အာရှသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ယခုတွေ့ရှိချက်များအရ ပထမဆုံး ခေတ်သစ်လူသား အစစ်သည် အရှေ့အာဖရိက၌ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က ပေါ်ထွက်လာပြီး ဥရောပတိုက်သို့ မသွားမီ တရုတ်တွင် အခြေချခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ကြောင်း လေ့လာချက်က ဖော်ပြထားသည်။
ယနေ့ခေတ် တရုတ်နိုင်ငံတွင် ခေတ်သစ်လူသားများ ထွက်ပေါ်လာပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၄၅,၀၀၀ (အနည်းဆုံး ၄၀,၀၀၀) ထက်ပို၍စောပြီး Homo sapiens မျိုးစိတ်များ ဥရောပတိုက်သို့ ဝင်ရောက်ခဲ့သည် ဟူသည့် အထောက်အထားများ မရှိသေးဟု ဆိုသည်။ တောင်ရှန်းမြို့အနီး ဖူယန်ဂူအတွင်း ဒူးအထိသာ နက်သည့် သဲဆန်သည့် မီးခိုးရောင် ရွှံ့လွှာထဲမှ၍ တူးဖော်တွေ့ရှိရသော သွား ၄၇ ချောင်းသည် ယနေ့ခေတ် လူသားတို့၏ သွားပုံစံများနှင့် တူညီကြောင်း  လေ့လာချက်၌ ဖော်ပြထားသည်။
Ref : AFP

Most Read

Most Recent