ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်က ဆိုက်ကား အစီးရေ ၁၀၀၀ ဝန်းကျင်၊ ဆိုင်ကယ် အစီးရေ ၅၀၀ ကျော်၊ ထော်လာဂျီနှင့် မော်တော်ကားအစီးရေ ၁၀၀ကျော်၊ လူဦးရေ သောင်းချီဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြောင်း မအူပင်မြို့တွင်းကို လှည့်လည်အင်အား ပြခဲ့ကြောင်း သတင်းရရှိသည်။
သောင်းချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ သူများသည် မအူပင်မြို့ရှိ ကမ်းနားလမ်း၊ မင်းလမ်း၊ တေဇလမ်း၊ အောင်ဇေယျလမ်း၊ ရေလဲလမ်း၊ ဘုရားလမ်း၊ ၁၀လမ်းတို့ကို လှည့်ပတ်ကာ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မအူပင် မြို့ပေါ်ရှိ အရပ်ဘက် အဖွဲ့အစည်း များဖြစ်သော ပျိုးခင်းသစ်၊ မာဃ၊ မေတ္တာရှင်၊ စေတနာရှင်တို့နှင့် ဒေသခံလုပ်ငန်း ရှင်များက ဦးဆောင်ကာ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး လေးအိမ်စု၊ ထနှီး၊ မလက်တို၊ လကျာၤးကြီး၊ ဝါးတော၊ ရေနံချောင်း၊ အလန်း၊ မီးသွေးချောင်း၊ စစ်ချောင်း၊ အောင်ဟိတ်၊ ငါးကြီးဂယက်၊ ရွှေတောင်မှော်၊ ရေလဲ၊ ထန်းပင်ကွေ့၊ မရမ်းကွေ့၊ တာပတ်၊ ကျုံစုတ် စသည့် မအူပင်မြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူလူထုများနှင့် မြို့ပေါ်နေ လူထုများက တတ်ရောက်ကာ အားပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။
နံနက် ၈ နာရီမှ စတင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံပွဲကြောင့် မြို့တွင်း လမ်းများတွင် လူများဖြင့် ပြည့်နှက်သွားခဲ့ပြီး လမ်းဘေးဝဲယာမှ အားပေး ထောက်ခံသူ များကလည်း ရေသန့်ဘူး ဝေခြင်း၊ မုန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့ရွာမှာအခု လမ်းတွေ ရှိနေပြီ။ မီးတွေ ရှိနေပြီ။ ဒါပေမဲ့ မယုံပါဘူး။ လမ်းတွေ၊ မီးတွေဆိုတာ နဂိုကတည်းက အစိုးရက လုပ်ပေးရမယ့် တာဝန်ပါ။ ဒါပေမဲ့ ကျွန်မတို့က ကျွန်မဖြစ်ချင်ဘူး။ ကျွန်စနစ်ကို မကြိုက်ဘူး။ ရရင် ပျော်တယ်။ အဲဒီလမ်းတွေ၊ မီးတွေဟာ နှလုံးသားကို မကျော်နိုင်ဘူး။ ရင်ထဲက မဲတစ်ပြား ဟာ အမေစု ဆီမှာပဲရှိတယ်။ NLD ကိုပဲ မဲပေးမယ်။ ရွာမှာလည်း NLD ထောက်ခံသူတွေချည်းပဲ”ဟု ရွှေတောင်မှော် ကျေးရွာမှ မတူးတူးမာက ပြောကြားသည်။
“အင်္ကျီတွေ လိုက်ပေးတယ်။ ဦးထုပ်တွေ လိုက်ပေးတယ်။ ဒါပေမဲ့ ကျွန်မတို့တွေက မယူကြဘူး။ ကျွန်မတို့ အိမ်သားလေးယောက်မှာ တစ်ယောက်မှ မယူဘူး။ လမ်းခင်းပေးမယ်၊ မီးပေးမယ်လို့ ပြောလည်း အင်းအင်း တော့ ပြောလိုက်တယ်။ အတိုက်အခံလည်း မလုပ်ဘူး။ သူဘာပြောမလဲ ဆိုတာသိချင်လို့၊ ဒါပေမဲ့ အမေစုပဲ မဲပေးမှာ။ ကျွန်မတို့ရွာမှာဆို NLD အားပေး ထောက်ခံတဲ့သူနဲ့ ကျန်တဲ့ ပါတီ အားပေး ထောက်ခံတဲ့သူဆို သုံးပုံတစ်ပုံ လောက်တော့ရှိတယ်။ သုံးပုံ တစ်ပုံ ဆိုရင် တောင် NLD နိုင်ပြီလေ။ သုံးပုံတစ်ပုံမှ NLD မနိုင်ဘူး ဆိုပြီး ညစ်လို့ကတော့ တရားစွဲမှာ” ဟု ရေလဲ ကျေးရွာမှ မလွင်ဦးက ပြောကြားသည်။
“မနက်ကတည်းက အစောကြီးထပြီး ကျွန်တော်တို့ အနှေးယာဉ် လုပ်သားတွေ စုရပ်ကို ရောက်နေတာ။ ဝန်ကြီး ပြောသလို သူဌေးတွေ မဟုတ်ပါဘူးဗျာ။ တစ်နေ့လုပ်မှ တစ်နေ့စားတွေပါ။ ဒါပေမဲ့ စိတ်ချမ်းသာ၊ လက်ချမ်း သာ နေနိုင်အောင်NLD ကိုပဲ မဲပေးမှာပါ”ဟု မအူပင်မြို့ပေါ်ရှိ အနှေးယာဉ် လုပ်သား တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ အခုလို ထောက်ခံပွဲတွေ လုပ်တယ်။ လူဦးရေကလည်း တကယ်ကို သောင်းနဲ့ချီ လောက်အောင် များပြားတယ်။NLD နိုင်ဖို့အတွက် လုပ်တယ်။ NLD ကလည်း နိုင်ဖို့ သေချာသလောက် ရှိနေပြီ။ ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေက မဲမသမာမှုတွေ မဖြစ်အောင် ဆက်လက် စောင့်ကြည့်မယ်”ဟု မအူပင်မြို့ ပျိုးခင်းသစ် ဖောင်ဒေးရှင်းမှ ကိုသန်းထိုက်အောင်က ပြောကြားသည်။
သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်က ပြည်ခိုင်ဖြိုး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် မအူပင်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဦးစိန်ဝင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အိအိပြုံး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် ဦးဇော်မိုး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်းအဖြစ် ဦးသက်ကိုလေးတို့က ဝင်ရောက် ရွေးကောက် ခံမည် ဖြစ်ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်း၌ မြို့မရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး မဲပေး ပိုင်ခွင့်ရှိသူ နှစ်သိန်း တစ်သောင်းကျော်ရှိကြောင်း သိရသည်။









