၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာ အသင်းနှင့် လာအိုအသင်းတို့ ယနေ့ ညနေပိုင်းက မြန်မာအသင်း၏ အိမ်ကွင်းပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆူပါချာလာဆိုင်းကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယင်းနိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း၏ ယခု ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမဆုံးနိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။မြန်မာအသင်းသည် လက်ဘနွန်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲမှ ပွဲထွက်လူစာရင်းကို ခြောက်နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး တိုက်စစ်ပိုင်းကိုလည်း အပြောင်းအလဲပြုလုပ်ကာ ဆောင်လမန်ကို အထောင်တိုက်စစ်မှူး၊ ကျော်ကိုကိုနှင့် အောင်သူတို့ကို တောင်ပံများ၌ ကစားစေခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာအသင်း တိုက်စစ်ကစား ပုံပိုကောင်းလာပြီး ဦးဆောင်ဂိုးစတင်ပေးခဲ့ရသော်လည်း ဂိုးများ ပြန်လည်သွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။ပွဲအစ တစ်မိနစ်တွင် ဆာရာဗူသီက လာအိုအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ၁၃ မိနစ်တွင် ဆောင်လမန်က ချေပဂိုး ပြန် သွင်းခဲ့သည်။ မြန်မာအသင်း ချေပဂိုးရရှိပြီးနောက်ပိုင်းတွင် ကစားပုံ ပိုကောင်းလာပြီး အနိုင်ဂိုးများကို ၃၁ မိနစ်တွင် ကျော်ကိုကို၊ ၅၁ မိနစ်တွင် အောင်သူတို့က သွင်းယူပေးခဲ့သည်။မြန်မာအသင်းသည် ယခုပွဲနိုင်ပွဲကြောင့် ငါးပွဲကစား လေးမှတ်ဖြင့် အဆင့် လေးနေရာသို့ တက်ရောက်လာနိုင်ပြီး လာမည့် နိုဝင်ဘာလတွင် တောင်ကိုရီးယား၊ ကူဝိတ်အသင်းတို့နှင့် ခြေစစ်ပွဲစဉ်များ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။









