အတိတ်ကို ပြန်ကြည့်ပြီး မည်သူ့ကိုမျှ ကလဲ့စားချေလိုစိတ်ဖြင့် လုပ်မည်မဟုတ်ဘဲ မှန်ကန်သည့်စနစ် ပြောင်းသုံးပါက အားလုံးအတူ လက်တွဲပြီး နိုင်ငံအကျိုး လုပ်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အတိတ်ကို ပြန်ကြည့်ပြီး မည်သူ့ကိုမျှ ကလဲ့စားချေလိုစိတ်ဖြင့် လုပ်မည်မဟုတ်ဘဲ မှန်ကန်သည့်စနစ် ပြောင်းသုံးပါက အားလုံးအတူ လက်တွဲပြီး နိုင်ငံအကျိုး လုပ်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 11 October 2015
အောင်ဇော်ထွန်း၊ အောင်ကျော်ထက်၊ ပြည့်ဖြိုးအောင်

အတိတ်ကို ပြန်ကြည့်ပြီး မည်သူကိုမျှ ကလဲ့စားချေလိုစိတ်ဖြင့် လုပ်မည်မဟုတ်ဘဲ မှန်ကန်သည့်စနစ်ကို ပြောင်းသုံးပါက အားလုံး အတူလက်တွဲကာ နိုင်ငံအကျိုးကို လုပ်နိုင်သည်ဟု အောက်တိုဘာ ၁၁ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီး၌ ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါများသည့် နိုင်ငံဖြစ်သော်လည်း ပြည်သူများ ဆင်းရဲနေခြင်းမှာ စနစ်ကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “လမ်းမှာ ခရီးသွားရင် ကြည့်လိုက်လို့ရှိရင် ကျွန်မတို့ နိုင်ငံက အရမ်းချမ်းသာ တယ်နော်။ စိမ်းစိုနေတာပဲ။ သယံဇာတ ပစ္စည်းတွေ ထွက်လိုက်တာကလည်း မနည်းဘူး။ အဲဒီလိုဖြစ်နေတဲ့ နိုင်ငံမှာ ပြည်သူတွေ ဘာလို့ဒီလောက် ဆင်းရဲနေရတာလဲဆိုတာ ဒါမေးခွန်းထုတ်စရာပါ။ အဲဒါ ဘာဖြစ်လု့ိလဲ ဆိုတော့ စနစ်ကြောင့်ပဲ။ စနစ်ကြောင့် ဖြစ်နေတာ။ ကျွန်မက ဘယ်ပုဂ္ဂိုလ်  ဘယ်အဖွဲ့အစည်းကိုမှ လက်ညှိုး မထိုးချင်ဘူး။ ဒါ စနစ်ပဲ။ စနစ်ကို ပြောင်းလိုက်။ မှန်ကန်တဲ့ စနစ်ကို ပြောင်းပြီးတော့ သုံးလိုက်။ ကျွန်မတို့ အားလုံးဟာ အတူလက်တွဲပြီးတော့ နိုင်ငံ့အကျိုးအတွက် လုပ်နိုင်တယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ မျက်နှာငယ်လေးနဲ့ အခြားနိုင်ငံမှာ သွားပြီးတော့ ရုန်းကန်နေစရာ အကြောင်း ဘာမှမရှိဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ်လက်မထောင်ပြီး နေနိုင်တယ်” ဟုဆိုသည်။
ဖောင်ကြီးဒေသသည် နိုင်ငံ့ဝန်ထမ်းများ သင်တန်းပို့ချရာ နေရာတစ်ခုဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းများနှင့် ပတ်သက်ပြီး ၎င်းအမြင်ကို ပြောကြားရာ မြန်မာနိုင်ငံ ပြည်သူများ၏ဘ၀ အဆင်ပြေ စေရန်အတွက် ဝန်ထမ်းများကောင်းရန် များစွာအရေးကြီးကြောင်း၊ ဝန်ထမ်းဆိုသည်မှာ ပြည်သူများ၏ဝန်ကို ပေါ့သွားအောင် လုပ်ပေးရမည်ဆိုသည့် အဓိပ္ပာယ်ရှိကြောင်း၊ ပြည်သူကို ဖိနှိပ်ရန်မဟုတ် ဆိုသည်ကို အားလုံးက နားလည်ရမည်ဖြစ်ပြီး ယင်းသို့ဖြစ်နေခြင်းသည်လည်း ဝန်ထမ်းများ၏ အပြစ်မဟုတ်ဘဲ စနစ်ပြဿနာသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်နံနက်က လှည်းကူးမြို့နယ် ဖောင်ကြီးတွင် ပြုလုပ်သော NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ဟောပြောစဉ် (ဓာတ်ပုံ- အောင်ကျော်ထက်)
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ငယ်ငယ်တုန်းက နိုင်ငံ့ဝန်ထမ်းတွေကို ပြည်သူတွေက အားကိုးပါတယ်။ ဝန်ထမ်းတွေဆိုတာ တကယ်ပဲ ပြည်သူပြည်သားတွေအကျိုး ထမ်းဆောင်ဖို့ ပြည်သူပြည်သားတွေရဲ့ ဝန်တွေပေါ့အောင် လုပ်ဖို့ဆိုတာ ကျွန်မတို့ ငယ်ငယ်လေး ကတည်းက နားလည်တယ်။ လက်ဖက်ရည်ဖိုး ဆိုတာ လက်ဖက်ရည်ဆိုင်မှာပဲ ကြားဖူးတယ်။ အပြင်ဘက်မှာ ကျွန်မတို့ မကြားဖူးဘူး။ အဲဒီလို အခြေအနေတွေကနေ ပြောင်းသွားတာဟာ စနစ်ပြောင်းသွားလို့။ ပြောရမယ်ဆိုရင် လွတ်လပ်ရေး ရခါစက သုံးခဲ့တဲ့ ဒီမိုကရေစီစနစ်ဟာ ပျောက်ကွယ်သွားပြီးတော့ အာဏာရှင်စနစ် ပေါ်ပေါက်လာလို့  ဒီလိုအခြေအနေတွေ ဖြစ်သွားရတာပါ” ဟု ပြောကြားသည်။
ဒေသခံတစ်ဦးက ဝန်ထမ်းများအရေး ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒီမိုကရေစီ အစိုးရတစ်ခု ထူထောင်သည့် အခါတွင် ဝန်ထမ်းများ၏ အခွင့်အရေးများကို ပြည့်ပြည့်၀၀ ပေးသွားမည်ဟု ပြောကြားခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်က “ဝန်ထမ်းများ ကျွမ်းကျင်အောင်လု့ိ အဆင့်မြင့်အောင်လို့ သိက္ခာရှိရှိနဲ့ နေနိုင်အောင်လို့ ပြည်သူ့ရဲ့အကျိုးကို ထမ်းဆောင်နိုင်အောင်လို့ အဲဒါတွေလည်း လုပ်သွားဖို့ လုံးဝရည်ရွယ်ချက် ရှိပါတယ်။ အရင်တုန်းက အတိတ်ကို ပြန်ကြည့်ပြီး ဘယ်သူ့ကိုမှလည်း ကလဲ့စားချေချင်တဲ့စိတ်နဲ့ ကျွန်မတို့ ဆက်ပြီးတော့သွားမှာ မဟုတ်ပါဘူး ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
“ကိုယ်ကဝန်ထမ်းဆိုရင် ကိုယ့်ကိုလခ ပေးထားတာ ပြည်သူတွေပဲ။ အဲဒီတော့ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေက ပြည်သူတွေပဲဆိုတာ နားလည်ရမယ်။ ကိုယ့်အလုပ်တာဝန် ဝတ္တရားကို ထမ်းဆောင်မယ့် ဝန်ထမ်းများဟာ ကျေးဇူးတရား အရရော အလုပ်ဝတ္တရား အရရော ပြည်သူတွေရဲ့ အကျိုးကို ဦးထိပ်ထားရမယ်။ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်မှ ကိုယ့်ရဲ့တာဝန်လည်း ကျေရာရောက်မယ်။ ကိုယ်ဟာ ကျေးဇူးတရားကို သိတတ်ရာ ရောက်မယ်။ မှန်မှန်ကန်ကန် လုပ်လို့ရှိရင် ဝတ္တရားနဲ့ ကျေးဇူးတရားဆိုတာ ခွဲဖို့မလိုပါဘူး။ မမှန်မကန် လုပ်တဲ့သူတွေကျတော့ ဇဝေဇဝါ ဖြစ်တာပေါ့။ တကယ်တန်းတော့ ဝတ္တရားတို့ ကျေးဇူးတရားတို့ မဟုတ်ပါဘူး။ အဲဒီလို စဉ်းစားတဲ့သူတွေက ငါ့ထိမှာလား မထိဘူးလားဆိုတာ ဒါကိုပဲ စဉ်းစားကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကိုထိမှာလား မထိမှာလားဆိုတာ အဓိက မဟုတ်ဘူး။ ကိုယ့်ပြည်သူတွေ ထိမှာလား မထိမှာလား ဆိုတာ အဓိက ထားပြီးတော့ စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီး၊ ရဲမွန်နှင့် လှည်းကူးမြို့တို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောမှု ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ အများအပြားက ထောက်ခံကြိုဆို ခဲ့ကြသည်။
 

Most Read

Most Recent