အရည်အသွေးနိမ့်မှုကြောင့် မြန်မာ့ရော်ဘာကုန်ကြမ်းများ ပြည်ပတင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရ

အရည်အသွေးနိမ့်မှုကြောင့် မြန်မာ့ရော်ဘာကုန်ကြမ်းများ ပြည်ပတင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရ
Published 11 October 2015
ချမ်းမြေ့သူ

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများ၏ အရည်အသွေး နိမ့်ကျမှုကြောင့် ပြည်ပသို့ တင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော်မှ ၃၅၀ ဝန်းကျင်အထိ ဈေးနှိမ်ဝယ်ယူခြင်း ခံနေရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့မှု ပြုလုပ်ရာတွင် ခြံငယ်ရာခိုင်နှုန်းမှာ ၉၀ ကျော်အထိ ပါဝင်နေပြီး ပြည်ပသို့ တင်ပို့ရာတွင် အရည်အသွေးပေါ် မူတည်၍ ဈေးနှိမ်ဝယ်ယူမှု ခံနေရခြင်းဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် ထုတ်လုပ်မှုပိုင်းတွင် အရည်အသွေး ပိုမိုကောင်းမွန်စွာ ထုတ်လုပ်ကြရန် လိုအပ်ကြောင်းနှင့် အရည်အသွေး ကောင်းမွန်မှု ရှိပါက ပြည်ပဝယ်လက်များ အနေဖြင့် ပိုမိုဝယ်ယူလာကြမည်ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း ဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ယခုအခါ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများအား ပြည်ပတင်ပို့ရာတွင် ရရှိသည့်ဈေးမှာ အိမ်နီးချင်းနိုင်ငံများမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို ပေးဝယ်သည့်ဈေးထက်ပင် နိမ့်ကျမှု ရှိနေကြောင်း သိရသည်။“ပြည်တွင်းက ထုတ်လုပ်သူတွေ အနေနဲ့ အရည်အသွေးပိုင်းကို ပိုပြီးအလေးထား ဆောင်ရွက်ဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ပျိုးဧကတွေ များပြီးတော့ ပြည်ပဈေးကွက်တွေကို အများကြီး တင်ပို့နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ ပြည်ပက ဝယ်ယူမယ့်သူတွေ အနေနဲ့ ဈေးစကားပြောတဲ့ အခါမှာ အရည်အသွေးကိုကြည့်ပြီး ပြောကြတယ်။ အရည်အသွေး မကောင်းတဲ့ အခါကျတော့ သူတို့အနေနဲ့ အလုံးအရင်းနဲ့ ဝယ်ချင်ရင်တောင် ဒီဘက်က အရည်အသွေးပိုင်း လိုအပ်ချက်တွေ ရှိနေပြန်ရော။ အဲဒါကြောင့် ဈေးကောင်း ပိုမို ရရှိနိုင်သလို တင်ပို့မှု အများကြီး ပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် အရည်အသွေးပိုင်းကို မြှင့်တင်ထုတ်လုပ်ကြဖို့ လိုပါတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။မြန်မာနိုင်ငံမှ အရည်အသွေးမြင့်သည့် ရော်ဘာကုန်ကြမ်းများကို ဂျပန်နိုင်ငံက အလုံးအရင်းဖြင့် ဝယ်ယူရန် စိတ်ဝင်စားမှုရှိပြီး ပဲခူးတိုင်းဒေသကြီးရှိ ခြံနှစ်ခြံတွင် အရည်အသွေးမြင့် ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှု ပြုလုပ်နိုင်ရန် ဂျပန်နည်းပညာရှင်များကိုယ်တိုင် လာရောက်ကူညီပေးမှုများ ရှိသော်လည်း ယခုအချိန်အထိ စာချုပ်ချုပ်ဆိုကာ ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent