မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းမဆို ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းအပေါ် လုံးဝလက်ခံလိုခြင်း မရှိကြောင်း သူရဦးရွှေမန်း ပြောကြား

မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းမဆို ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းအပေါ် လုံးဝလက်ခံလိုခြင်း မရှိကြောင်း သူရဦးရွှေမန်း ပြောကြား
Published 11 October 2015
စိုးမင်းထိုက်

မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းမဆို ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းအား လုံး၀ လက်ခံလိုခြင်း မရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာများအား ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်တွင် ဖြူးမြို့နယ်အတွင်း မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နေစဉ်တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးရွှေမန်းက “ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးစား လုပ်တာကို လုံးဝမနှစ်မြို့ဘူး။ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရပဲပြောပြော၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ ဥပဒေအရပဲ ပြောပြော လက်ခံနိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါကြောင့် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းမဆို ဘာသာရေးကို အလွဲ အသုံးပြုပြီးတော့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်တာကတော့ လုံး၀ လက်ခံလိုခြင်း မရှိပါဘူး”ဟု ပြောကြားသည်။
ဆက်လက်၍ “အဲဒီလို ဆောင်ရွက်နေတာကို ဘယ်သူက ဆုံးဖြတ်ပေးရမလဲဆို ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်တဲ့အဖွဲ့က တိုင်တယ်ဆိုရင် တိုင်ကြားမှုကို လက်ခံပြီးတော့ ဆုံးဖြတ်တဲ့အဖွဲ့က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
၎င်းအနေဖြင့်မူ ပါတီ၏ မူဝါဒနှင့်သာ လုပ်ဆောင်ကြောင်း၊ သို့ရာတွင် ကိုယ်စားလှယ်၏ ထူးခြားသည့် အခြေအနေနှင့်ဒေသ၏ ထူးခြားသည့် အခြေအနေပေါ် မူတည်ပြီး မွမ်းမံ၍ ပြောဆို စည်းရုံးနိုင်ကြောင်း၊ ပါတီတွင် ထိုကဲ့သို့သော မူဝါဒ မရှိကြောင်း၊ မူဝါဒ မရှိဘဲ ဆောင်ရွက်သည် ဆိုပါက ပါတီအပေါ် သစ္စာမရှိရာ ရောက်ကြောင်း ဆက်လက် ပြောကြားသည်။
“အဲဒီအတိုင်း လုပ်နေတယ်ဆိုရင်တော့ ဥပဒေကို မလေးစားရာ ရောက်တယ်။မည် သူမဆိုပါ။ ဒါကြောင့်မို့လို့ သစ္စာ ရှိတယ်ဆိုတာက လွယ်လွယ်လေးနဲ့ ပါးစပ်က ပြောတယ်။ ပါးစပ်က သစ္စာရှိတယ် ပြောနေရုံနဲ့ မရဘူး။ သစ္စာဆိုတာ မှန်ကန်ခြင်းပဲ။ မှန်ကန်စွာ ပြုကျင့်ခြင်းဟာ သစ္စာပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဥပဒေ သို့မဟုတ်လို့ရှိရင် မူဝါဒ တစ်ခုခု ချမှတ်ထားတဲ့အတွက် အဲဒီမူဝါဒနဲ့ အညီပဲလုပ်ရမယ်။ အဲဒီလို မူဝါဒနဲ့အညီ လုပ်တာမှ သစ္စာရှိတယ်လို့ ပြောလို့ရပါတယ်” ဟု သူရဦးရွှေမန်းက မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မူလပါတီ ဖြစ်သည့်အတွက် သစ္စာရှိကြောင်း၊ သစ္စာရှိသည် ဆိုသည့်နေရာတွင် ပါတီက ချမှတ်ထားသည့် ရည်မှန်းချက် ပန်းတိုင်ကို မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း သည်သာ သစ္စာရှိသည်ဟု ပြော၍ရကြောင်း၊ ထို့အတွက် ချမှတ်ထားသည့် ရည်မှန်းချက်၊ ပါတီက ထုတ်ပြန်ထားသည့် ဖော်ပြချက် မူဝါဒများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆက်ပြောမည်ဆိုပါက ပါတီသည် နိုင်ငံ့အတွက်ပဲ ဖြစ်ရမည် ဖြစ်ပြီး ပါတီက ပါတီအတွက် မဖြစ်ရကြောင်း၊ နိုင်ငံအတွက် ပြည်သူ့အတွက်ပဲ ဆောင်ရွက် ရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် နေရသည့်အတွက် မဲဆွယ် စည်းရုံးရေးအတွက် အခက်အခဲ မရှိကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောင်နိုင်ရေးနှင့် ပတ်သက်၍ ကိုယ့်ရဲ့ပုံ၊ ကိုယ့်ရဲ့အနေအထားကို ဖော်ပြခြင်း မရှိမှုမှာ ၎င်း၏အပိုင်း မဟုတ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အပိုင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ မပါသည့်အတွက် ထိခိုက်စရာ အကြောင်း မရှိကြောင်း၊ ဖြူးမြို့နယ်အတွင်းရှိ ပြည်သူများက နားလည်သည့် သဘောရှိကြောင်း၊ ထို့ပြင် ဒေသမှာရှိသည့် ပြည်သူများက နားလည်ရုံတင်မကဘဲ သေချာ ဂဃနဏ သိရှိပြီး ဖြစ်သည့်အတွက် ယုံကြည်မှုလည်း အပြည့်ရှိမှာ ဖြစ်သည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာထဲ ဒါမှမဟုတ် အခြားမှာ မထည့်တာ ဘာမှ ပြဿနာမရှိ ကြောင်း၊ လူဆိုသည်မှာ ကိုယ့်ရဲ့ပါတီအပေါ်တွင် သစ္စာရှိရကြောင်း ၎င်းက ပြောကြားသည်။                  

Most Read

Most Recent