မူဆယ် နယ်စပ်တွင် မြန်မာနှင့် တရုတ် ဆန်ကုန်သည်များ ဆန်အရောင်းအဝယ် ပြုလုပ်ရာ၌ ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့် လက်ငင်း ငွေပေးချေသည့်စနစ် ကျင့်သုံး

မူဆယ် နယ်စပ်တွင် မြန်မာနှင့် တရုတ် ဆန်ကုန်သည်များ ဆန်အရောင်းအဝယ် ပြုလုပ်ရာ၌ ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့် လက်ငင်း ငွေပေးချေသည့်စနစ် ကျင့်သုံး
Published 10 October 2015
နီလာ

မြန်မာနှင့်တရုတ် ဆန်ကုန်သည် အများစု မူဆယ် နယ်စပ်တွင် ဆန်အရောင်းအဝယ် ပြုလုပ်ရာ၌ ယခင်က အကြွေးစနစ်ဖြင့် ရောင်းဝယ်လေ့ ရှိသော်လည်း လက်ရှိအချိန်တွင် ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့် လက်ငင်း ငွေပေးချေသည့် စနစ်ဖြင် အရောင်းအဝယ် စတင်ပြုလုပ်နေကြကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ သိရသည်။“မူဆယ် ဆန်ကုန်စည်ဒိုင်မှာ မြန်မာ-တရုတ် ဆန်ကုန်သည်တွေ အရောင်းအဝယ် ပြုလုပ်ကြတဲ့ အခါမှာ လက်ငင်း ငွေပေးချေ စနစ်ကို အခု စတင် ကျင့်သုံးနေပါတယ်။ အရင်က အကြွေးစနစ်နဲ့ ရောင်းတာ ရှိပါတယ်။ အဲဒီလို အကြွေးစနစ်ဆိုတော့ ဟိုဘက်မှာ အဖမ်းအဆီးတွေ ရှိလာရင် ဒီဘက်က ကုန်သည်တွေရဲ့ပိုက်ဆံ မပေးတော့တာတွေ ရှိခဲ့ဖူးတယ်” ဟု မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားခဲ့သည်။မူဆယ်မြို့ ဆန်စပါး ကုန်စည်ဒိုင်တွင် အောက်တိုဘာ ၇ ရက်မှ စတင်ကာ လက်ငင်း ငွေပေးချေ စနစ်ဖြင့် အရောင်းအဝယ် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ လက်ငင်း ငွေပေးချေ စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိသဖြင့် မူဆယ် ဆန်ဈေးကွက်မှာ ဈေးအေးကာ အရောင်းအဝယ် ပါးလျက်ရှိကြောင်း သိရသည်။“ခုရက်ထဲမှာတော့ ဈေးက တစ်အိတ်ကို ယွမ် ၁၄၀ လောက်ပဲ ရှိတော့တယ်။ အရင်ကဆို တစ်အိတ်ကို ၁၄၈ ယွမ်လောက် ရှိတာပါ။ တစ်နေ့ကို အိတ်ရေ ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြား အရောင်းအဝယ် ရှိခဲ့ရာက အခုဆို အိတ်ရေ ၁၀၀၀၀ ကျော်လောက်ပဲ အရောင်းအဝယ် ဖြစ်ပါတယ်” ဟု ဦးချမ်းသာဦးက ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများ အတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို စက်တင်ဘာ ၁၅ရက်အထိ ၄၅ရက်ကြာ ရပ်ဆိုင်းခဲ့သည်။ ယင်းကြောင့် စက်တင်ဘာ လဆန်းပိုင်း အတွင်းက တရုတ် ကုန်သည်များက မြန်မာ့ဆန်ကို ဈေးပိုပေးကာ ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ ယခင်က တစ်အိတ်လျှင် ယွမ် ၁၃၀ ခန့် ရှိခဲ့ရာက အဆိုပါ ရက်ပိုင်းအတွင်း ယွမ် ၁၄၀ ကျော်အထိ ဈေးပိုပေးကာ ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၂၇၃ သန်းကျော်ရှိပြီး မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂ ရက်အထိ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန် တင်ပို့မှု ပမာဏ ဒေါ်လာ၂၀၄၈ သန်းကျော် ရှိပြီး သွင်းကုန် တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၁၂၂၅ သန်းကျော် ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၂၇၃ သန်းကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent