သီလဝါ အထူူးစီးပွားရေးဇုန်တွင် ပြည်တွင်း အာမခံ ကုမ္ပဏီများအား လုပ်ကိုင်ခွင့် မပြုသေးသော အာမခံ အမျိုးအစားသစ် နိုင်ငံခြား ကုမ္ပဏီများကို ထပ်တိုးခွင့်ပြု

သီလဝါ အထူူးစီးပွားရေးဇုန်တွင် ပြည်တွင်း အာမခံ ကုမ္ပဏီများအား လုပ်ကိုင်ခွင့် မပြုသေးသော အာမခံ အမျိုးအစားသစ် နိုင်ငံခြား ကုမ္ပဏီများကို ထပ်တိုးခွင့်ပြု
Published 10 October 2015
သက်ထား

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြား အာမခံ ကုမ္ပဏီများကို အာမခံ အမျိုးအစားအသစ်ဖြစ်သည့် Liability အမျိုးအစားကို ထပ်တိုး ခွင့်ပြုခဲ့ကြောင်း သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်ခွင့်ရ နိုင်ငံခြား အာမခံ ကုမ္ပဏီများထံမှ သိရသည်။ယင်းသို့ ထပ်တိုး လုပ်ကိုင်ခွင့်ပြုသည့် Liability အာမခံ အမျိုးအစား ဆိုသည်မှာ မိမိတာဝန်ယူ ဆောင်ရွက်နေသည့် Project အား အာမခံ ကုမ္ပဏီတွင် အာမခံ ထားရှိခြင်းဖြစ်ကာ ပျက်စီး ဆုံးရှုံးပါက သတ်မှတ်ထားသည့် လျော်ကြေးအတိုင်း ပေးလျော်ခြင်း ဖြစ်ကြောင်း သိရသည်။“Liability အမျိုးအစား အာမခံ အသစ်ကို အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ကနေပြီး စတင် ခွင့်ပြုခဲ့တယ်။ Liability အမျိုးအစားဆိုတာက အာမခံထားသူက တာဝန်ယူရမယ့် အပိုင်းကို အာမခံ ကုမ္ပဏီကို တာဝန်ယူခိုင်းတာ ဖြစ်တယ်။အဓိပ္ပာယ်ကတော့ ပေးရန် တာဝန်ရှိတယ်ဆိုတဲ့ သဘောပါ” ဟု Sompo Japan Insurance ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။အဆိုပါ အာမခံ အမျိုးအစားအား ပြည်တွင်း အာမခံ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြုထားခြင်း မရှိသေးဘဲ နိုင်ငံခြား အာမခံ ကုမ္ပဏီများသာ ပထမဆုံး လုပ်ကိုင်ခွင့် ရရှိ ခဲ့ကြောင်း သိရသည်။နိုင်ငံခြား အာမခံ ကုမ္ပဏီများအား လုပ်ကိုင်ခွင့် ပြုခဲ့သည့် အာမခံ အမျိုးအစား သုံးမျိုးမှာ အသက်အာမခံ၊ မီးအာမခံနှင့် အလုံးစုံ မော်တော်ယဉ် အာမခံ စသည့် အာမခံ အမျိုးအစားများကို လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။အထူး စီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက် ဖွင့်လှစ်ထားသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများအနက် ဂျပန် အာမခံ ကုမ္ပဏီသုံးခု ဖြစ်သည်။Sompo Japan Insurance  Inc, Mitsui Sumitomo Insurance Co.Ltd, Tokio Marine & Nichido Fire Insuracne Co.Ltd တို့မှ  ပထမဆုံး အနေဖြင့် လုပ်ငန်းလိုင်စင် ရရှိခဲ့ကြောင်း သိရသည်။လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အထူး စီးပွားရေးဇုန်များ အတွင်းတွင်သာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး ပြင်ပတွင် လုပ်ငန်း လုပ်ကိုင်ခွင့် မရှိကြောင်းလည်း သိရသည်။အထူး စီးပွားရေးဇုန်များတွင် လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ် ရုံးခွဲ လာရောက် ဖွင့်လှစ်ထားသည့် သက်တမ်း သုံးနှစ်ရှိရမည် ဖြစ်ကာ၊ လုပ်ငန်း အတွေ့အကြုံ အနေဖြင့် လုပ်သက် အနည်းဆုံး နှစ် ၃၀ ရှိရမည် ဖြစ်ကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမည့် ပမာဏသည်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးဘီလျံရှိရန် လိုအပ်ကြောင်း သိရသည်။လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများ အနေဖြင့် လိုင်စင်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးသွင်းရန် လိုအပ်ကာ နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ တစ်သောင်း ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ထို့အပြင် နိုင်ငံခြား အာမခံ ကုမ္ပဏီများသည် အာမခံ ပရီမီယံ နှုန်းထားကိုမူ မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့မှ သတ်မှတ်ထားသည့် နှုန်းအတိုင်း တစ်ပြေးညီ လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀  ကျော် ခွင့်ပြုပေးထားပြီး နိုင်ငံတကာမှ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း၄၀၀ ကျော် မြှုပ်နှံထားကြောင်း သိရသည်။

Most Read

Most Recent