ဒေသတွင်းနေထိုင်ခြင်းမရှိသည့် ကုမ္ပဏီ လုပ်သား ၄၀၀ ခန့်အား မအူပင်မြို့နယ် ထနီးကျေးရွာမဲစာရင်းတွင် ထည့်သွင်းပေးရန် လျှောက်ထားမှု NLD ကန့်ကွက်

ဒေသတွင်းနေထိုင်ခြင်းမရှိသည့် ကုမ္ပဏီ လုပ်သား ၄၀၀ ခန့်အား မအူပင်မြို့နယ် ထနီးကျေးရွာမဲစာရင်းတွင် ထည့်သွင်းပေးရန် လျှောက်ထားမှု NLD ကန့်ကွက်
Published 10 October 2015
ငြိမ်းကို၊ မင်းသူဝင်းထွဋ်

မအူပင်မြို့နယ် ထနီးကျေးရွာတွင် နေထိုင်ခဲ့ခြင်းမရှိသော ဝါဝါ၀င်းကုမ္ပဏီမှ လုပ်သား ၄၀၀ ခန့်အား ထနီးကျေးရွာမဲစာရင်းတွင် ထည့်သွင်းပေးရန် လျှောက်ထားမှုကို NLD ပါတီမှ မြို့နယ်ကော်မရှင်ထံ တင်ပြကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
 
ညောင်တုန်းမြို့နယ်တွင် အခြေစိုက်သည့် ဝါဝါ၀င်းကုမ္ပဏီမှ လုပ်သား ၄၀၀ ခန့် အား ထနီးကျေးရွာ မဲစာရင်းတွင် ထည့်သွင်းပေးရန် ဝါဝါ၀င်းကုမ္ပဏီက လာရောက်လျှောက်ထားမှုကို ထနီးကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ခံထားရှိပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်တင်ပြထားကြောင်း၊ ယင်းသို့ မဲစာရင်းတွင် လာရောက်ထည့်သွင်းထားသူများမှာ ထနီးကျေးရွာတွင် နေထိုင်ခဲ့ခြင်းမရှိဘဲ ထနီးကျေးရွာနှင့် နယ်မြေနီးစပ်သည့် ညောင်တုန်းမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလို လာရောက်လျှောက်ထားသူများကို လက်မခံရန် NLD ပါတီမှ မြို့နယ်ကော်မရှင်ထံ တင်ပြကန့်ကွက်ထားကြောင်း သိရသည်။
 
“မဲစာရင်းထဲမှာ လာထည့်တဲ့သူတွေကို အရင်ကရွာမှာ မမြင်ဖူးဘူး။ ကော်မရှင်ရုံးမှာ ပုံစံ (၃) နဲ့  မဲစာရင်းတွေ ထည့်နေတယ်ကြားလို့ ကျွန်တော်ကသွားပြီး ကန့်ကွက်တော့ ကော်မရှင်ဥက္ကဋ္ဌက မြို့နယ်ကခိုင်းလို့ လုပ်နေတာပါ လို့ ပြောတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က မြို့နယ်ကျော်ပြီးတော့ မဲလာထည့်မှာကို လက်မခံနိုင်ဘူးလို့ ကန့်ကွက်တော့ မြို့နယ်ကော်မရှင်က ခေါ်တွေ့တယ်။ ကျွန်တော်တို့ က ဥပဒေတွေကိုဖတ်ပြပြီး ကန့်ကွက်တော့ သူတို့ကဘာမှမပြောဘူး။ အကြောင်းပြန်ပါ့မယ်လို့ပဲ ပြောတယ်”ဟု ထနီးကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲဝင်းက ပြောကြားသည်။
 
ကျေးရွာ၌ နေထိုင်ခြင်းမရှိဘဲ မဲစာရင်းများတွင် လာရောက်လျှောက်ထားသည်ဟု ကန့်ကွက်မှုအပေါ် ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌအား မေးမြန်းရာ “ဝါဝါ၀င်းက လာတင်တာကတော့ ဒီမှာလာတင်တော့ သူတို့ အလုပ်သမားတွေ နေရပ်ပြန်သွားရင် ပြန်မလာမှာစိုးလို့ ဒီမှာ မဲစာရင်းထည့်ပြီး လုပ်တာပေါ့။ အဲဒီက လူတွေက ခတ္တိယတို့ တောင်သာတို့က လူတွေများတယ်။ လူတွေကလာတာ မြို့နယ်တွေ အများကြီးပဲလေ။ အခုလာပြီးတော့ စာရင်းလာထည့်တဲ့သူတွေက ညောင်တုန်းမြို့ ခတ္တိယမှာနေကြတာ။ ထနီးကမဲရုံ နဲ့နီးလို့လာပေးတာ။ ကျွန်တော်တို့လဲ အကုန်လက်မခံပါဘူး။ မြို့နယ်က ဆုံးဖြတ်ပါလိမ့်မယ်”ဟု ထနီးကျေး ရွာရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံမြက ပြောကြားသည်။
 
ဆက်လက်၍ ဦးစံမြက မဲစာရင်းလာ ရောက်လျှောက်ထားသူများမှာ ဝါဝါ၀င်းကုမ္ပဏီ၏ မန်နေဂျာမှ လာရောက်ထောက်ခံ လျှောက်ထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လျှောက်ထားသူ လုပ်သားများမှာ ၎င်းတို့ ကုမ္ပဏီတွင် ရက်ပေါင်း ၁၈၀ ကျော် နေထိုင်အလုပ်လုပ်ကိုင်နေသူများဖြစ်သူဟု ဝါဝါ၀င်းကုမ္ပဏီမန်နေဂျာဟု ထောက်ခံချက်ပေး၍ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ထနီးကျေးရွာအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၈၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၁ ရုံရှိကြောင်း၊ မအူပင်မြို့နယ်တွင် ဒုတိယအကြိမ် ထုတ်ပြန်သည့် မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၂၁၇၁၄၉ ဦးရှိပြီး မဲစာရင်းတွင် မပါဝင်သောကြောင့် ပုံစံ (၃) ဖြင့် လျှောက်ထားသူ ၄၀၀၀၊ ပုံစံ (၄) ဖြင့် ကန့်ကွက်ခဲ့ရသူ ၇၉၀၊ အချက်အလက်မှားယွင်းမှုကြောင့် ပုံစံ ၄(က)ဖြင့် လာရောက်ပြင်ဆင်ထားသူ ၂၀၀၀ ရှိကြောင်း သိရသည်။ 

Most Read

Most Recent