KNU ၏ တပ်သားသစ် စုဆောင်းမှုကြောင့် မြိုင်ကြီးငူအထူးဒေသသို့ လာရောက်ခိုလှုံသော စစ်ဘေးဒုက္ခသည် ၂၃၁၅ ဦး ရှိနေပြီး အရေးပေါ်ကူညီမှုများ လိုအပ်နေ

KNU ၏ တပ်သားသစ် စုဆောင်းမှုကြောင့် မြိုင်ကြီးငူအထူးဒေသသို့ လာရောက်ခိုလှုံသော စစ်ဘေးဒုက္ခသည် ၂၃၁၅ ဦး ရှိနေပြီး အရေးပေါ်ကူညီမှုများ လိုအပ်နေ
Published 10 October 2015
စိုးစိုး (ဘားအံ)

KNU တပ်မဟာ (၅)၊ ရင်း ၁၀၂ ခွဲ ၄ မှ တပ်သားစုဆောင်းမှုကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်ဒုက္ခသည်များ ရောက်ရှိလာပြီး အောက်တိုဘာ ၉ ရက် အထိ အိမ်ထောင်စု ၃၆၂ စု၊ လူဦးရေ ၂၃၁၅ ဦးအထိရှိနေကာ အရေးပေ ါ်ထောက်ပံ့ကူညီ မှုများ လိုအပ်နေကြာင်း သိရသည်။ 
 
“မြိုင်ကြီးငူအထူးဒေသကို စစ်ရှောင်ဒုက္ခသည်တွေ  အိမ်ထောင်စုလိုက် ပြောင်းရွှေ့လာကြတယ်။ မငြိမ်းချမ်းတဲ့ဒေသမှာ အချင်းချင်း တိုက်ကြခိုက်ကြတာ စိတ်ပျက်မိပါတယ်။ ဒေသခံပြည်သူအားလုံး ငြိမ်းချမ်းမှုကို လိုလားကြတယ်။ အားလုံးလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါပေမဲ့ အခုတော့ မငြိမ်းချမ်းဖို့အတွက်  တပ်သားသစ်တွေကို  ချွေးတပ်ဆွဲသလို ဝရုန်းသုန်းကား လိုက်လံစုဆောင်းနေကြတယ်။ တပ်သားစုဆောင်းတာက စစ်တိုက်ဖို့အတွက်ပေါ့။ ကလေးတွေ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အားလုံး ဒုက္ခရောက်တယ်။ စစ်တိုက်လို့ ဘာအကျိုးထူးမှာလဲ” ဟု လှိုင်းဘွဲမြို့နယ် သောကလယ်ထကျေးရွာမှ စစ်ရှောင်ဒုက္ခသည်တစ်ဦးက ပြောကြားသည်။
 
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ဖာပွန်ခရိုင် ကမမောင်းမြို့နယ် အုပ်ချုပ်မှု ဒေသဖြစ်သော ယွန်းစလင်းမြစ် အရှေ့ခြမ်းရှိ ရွှေဖလား၊ ဟတ်ကြီး၊ မြင်းတစ်ပြေး၊ ပိုင်လာ၊ သောကလယ်ထ၊ ဝမှုလော၊ မယ်ညော၊ ဇာကော့လုံ၊ ရှမ်သောင်း၊ ကွင်းဒလ၊ မဲကုလား၊ မဲပလိ၊ ကိုလူပျို စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်ဒုက္ခသည်များ ရောက်ရှိနေပြီး အောက်တိုဘာ ၈ ရက် ညနေပိုင်းအထိ ထပ်တိုးစစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ ကျား ၅၅ ဦး၊ မ ၅၉ ဦး၊ စုစုပေါင်း ၁၁၄ ဦး ထပ်မံရောက်ရှိလာကြောင်း သိရသည်။
 
ကရင်ပြည်နယ်  ဖာပွန်ခရိုင်အတွင်း KNU မှ တပ်သားသစ်စုဆောင်းမှုကြောင့် စက်တင်ဘာ ၂၄ ရက်မှ စတင်ပြီး မြိုင်ကြီးငူဒေသသို့  တိမ်းရှောင်လာခဲ့ကြောင်း၊  တိမ်းရှောင်လာသူတစ်ဦးဖြစ်သည့် စောဖောဒီ က တပ်သားသစ်ကောက်ခံရာတွင် မလိုက်နိုင်ပါက တစ်ဦးကို ကျပ်သိန်း ၅၀ ပေးရမည်ဖြစ်ကြောင်း၊ ငွေမပေးနိုင်လျှင် မိသားစုဝင်များကို ဖမ်းဆီးမည်ဟု  ပြောဆိုခြင်းကြောင့်  တိမ်းရှောင်ရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာ၌ ဖော်ပြထားချက်အရ သိရသည်။
 
စစ်ဘေးဒုက္ခသည် အိမ်ထောင်စုများအနက် အိမ်ထောင်စု ၃၄၃ စု၊ လူဦးရေ ၂၂၀၁ ဦးအား လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ မှ တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ မာမား၊ အဝတ်အထည်များပေးခဲ့ပြီး  လိုအပ်သောထောက်ပံ့ကူညီမှုရရှိနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားပြီး အောက်တိုဘာ ၁၀ ရက် တွင်  ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့မှ စစ်ရှောင်ဒုက္ခသည်များရှိရာ မြိုင်ကြီးငူအထူးဒေသသို့   သွားရောက်မည်ဖြစ်ကာ လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။
 

Most Read

Most Recent