မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၂၇၃ သန်းကျော်ရှိပြီး မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထား

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၂၇၃ သန်းကျော်ရှိပြီး မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထား
Published 9 October 2015
ချမ်းမြေ့သူ

မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၂၇၃ သန်းကျော်ရှိပြီး မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂ ရက်အထိ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန် တင်ပို့မှု ပမာဏ ဒေါ်လာ ၂၀၄၈ သန်းကျော် ရှိပြီး သွင်းကုန် တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၁၂၂၅ သန်းကျော်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၂၇၃ သန်းကျော် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် ဖွင့်လှစ်ထားသည့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇၅၀ သန်းကျော်ရှိပြီး ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်တွင် နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကံပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ပေးထားပြီး အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၁၉၀၇ သန်းကျော်ရှိပြီး မြန်မာနိုင်ငံသို့ သွင်းကုန် တင်သွင်းမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၈၄၃ သန်းကျော် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံဖြင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ် ကုန်သွယ်ရေးစခန်း စုစုပေါင်း လေးခုရှိပြီး ပို့ကုန် အားလုံး၏ ရာခိုင်နှုန်း ၇၀ ကျော်ကို မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်းမှပင် တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပြုလုပ်ရာ၌ မြန်မာနိုင်ငံဘက်မှ တရားဝင် ကုန်သွယ်မှု လိုင်စင်များ ရယူ၍ တရုတ်နိုင်ငံဘက်သို့ တင်ပို့ကြသော်လည်း တရုတ်နိုင်ငံဘက်မှ ဝယ်ယူသည့် ကုန်သည်များ အနေဖြင့် ကုန်စည်များအား တရုတ်နိုင်ငံတွင်းသို့ တရားမဝင် ပုံစံမျိုးဖြင့် တင်သွင်းမှု ရှိနေသည့်အတွက် တရားဝင် ကုန်သွယ်မှုပုံစံ ဖြစ်စေရန် ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ ဆန်၊ ပြောင်း၊ ပဲ စသည့် လယ်ယာထွက်ကုန် ပစ္စည်းမျိုးစုံကို တင်ပို့လျက်ရှိနေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent