အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် တိုက်ပွဲများကြောင့် အနှောင့်အယှက် အဟန့်အတား မဖြစ်စေရန် အလွန်အရေးကြီးဟု SSPP ထုတ်ပြန်

အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် တိုက်ပွဲများကြောင့် အနှောင့်အယှက် အဟန့်အတား မဖြစ်စေရန် အလွန်အရေးကြီးဟု SSPP ထုတ်ပြန်
Published 9 October 2015

ယခုအခါတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် အချိန်နီးကပ်နေသည့်အတွက် လည်းကောင်း အထွေထွေ ရွေးကောက်ပွဲကြီးသည်လည်း နီးကပ်လာသည် ဖြစ်သည့်အတွက် မလိုလားအပ်သည့် တိုက်ပွဲများကြောင့် အနှောင့်အယှက် အဟန့်အတားများ မဖြစ်စေရန် အလွန်အရေးကြီးသည့် အချိန်အခါ ဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က အောက်တိုဘာ ၈ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။လက်ရှိ SSPP/SSA နယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် ထုတ်ပြန်ချက်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၈ ရက်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရတပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်များတွင် တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ရက်အလိုက် ရေးသားဖော်ပြထားသည်။အဆိုပါ တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် အစိုးရ တပ်မတော်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားပြီး ထိုသို့ တိုက်ပွဲများ ဖြစ်ပွားခြင်းသည် SSPP/SSA မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်မရေးထိုးနိုင်သေးခြင်းအပေါ် စစ်ရေးအရ ဖိအားပေးခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။အစိုးရနှင့် SSPP/SSA တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း SSPP/SSA အနေဖြင့် တပ်မတော် တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ရဟန်းရှင်လူ မိဘပြည်သူများ စစ်ဘေးဒဏ် ခံခဲ့ရပြီး အသက်အိုးအိမ်၊ စိုက်ပျိုးမြေများ၊ ကျွဲနွားတိရစ္ဆာန်များ ဆုံးရှုံးခဲ့ရကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထိုသို့သော တိုက်ပွဲများသည် နိုင်ငံတော်အတွက် လည်းကောင်း၊ SSPP/SSA အတွက်သော် လည်းကောင်း၊ မည်သို့မျှ အကျိုးမဖြစ်ထွန်းဟု SSPP/SSA က သဘောထားထုတ်ပြန်ခဲ့သည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ SSPP/SSA အပါအဝင် အစိုးရ အသိအမှတ် ပြုထားသည့် အဖွဲ့ခုနစ်ဖွဲ့မှ လတ်တလော ပါဝင်လက်မှတ်ထိုးနိုင်သေးခြင်း မရှိကြောင်း သိရသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်မထိုးသည့် အဖွဲ့များကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်မည်ဆိုသော ရည်မှန်းချက်မျိုး အစိုးရတွင် မရှိဟု အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်တွင် ပြောဆိုထားသည်။

Most Read