မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ လက်ဘနွန်အသင်းကို (၂-ဝ)ဂိုးဖြင့် ရှုံးနိမ့်

မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ လက်ဘနွန်အသင်းကို (၂-ဝ)ဂိုးဖြင့် ရှုံးနိမ့်
Published 8 October 2015

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနှင့် လက်ဘနွန် အသင်းတို့သည် ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆူပါချာလာဆိုင်းကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှာ (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။မြန်မာအသင်းသည် ဝါရင့်ကစားသမားများဖြစ်သည့် ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ကျော်ကိုကို၊ ဒေးဗစ်ဒန်းတို့ကို အမာခံထားကာ လူငယ်ကစားသမားများဖြစ်သည့် သန်းပိုင်၊ ရဲကိုဦး၊ သီဟဇော်၊ နန္ဒကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင်၊ မျိုးမင်းလတ်(ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ခြေအသာ ရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို အသုံးမချနိုင်၍ ပထမပိုင်းတွင် (၁-ဝ)ဂိုးဖြင့် ရှုံးနိမ့်နေသည်။ ဒေးဗစ်ဒန်း၏ ကန်ချက် ဘားထိထွက်ခဲ့ပြီး ရဲကိုဦး၊ ကျော်ကိုကိုတို့မှာလည်း အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ လက်ဘနွန်အတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်တွင် ဟာဆန်မာတွတ်က သွင်းယူခဲ့သည်။ဒုတိယပိုင်းတွင် မြန်မာအသင်းက အောင်သူ၊ ဆောင်လမန်၊ မောင်မောင်လွင်တို့ကိုထည့်ကာ တိုက်စစ်အားမြင့်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ခြေအသာဖြင့် ဆက်လက်ဖိကစား နိုင်ခဲ့သော်လည်း ဂိုးရနိုင်သည့် အခွင့်အရေးအချို့ကို အသုံးချနိုင်ခြင်းမရှိဘဲ လက်ဘနွန်အတွက် ဒုတိယဂိုးကို ပွဲပြီးခါနီးတွင် အက်ဝီက သွင်းယူပေးခဲ့သည်။.ယခုပွဲအပြီးတွင် မြန်မာအသင်းက လေးပွဲကစား တစ်မှတ်သာ ရရှိသေးပြီး လက်ဘနွန်အသင်းက လေးပွဲကစား ခြောက်မှတ် ရရှိထားသည်။