(၁)
ဘာလိုလိုနဲ့ ရွေးကောက်ပွဲ နီးလာပြီ။ “ရွေးကောက်ပွဲ” ဆိုတာ ဘာလဲ။ အနီးဆုံးမှာရှိသည့် မြန်မာအဘိဓာန်ကို ဆွဲလှန်လိုက်သည်။ “အရွေးခံပုဂ္ဂိုလ်များ အနက်မှ မိမိလိုလားသည့် ပုဂ္ဂိုလ်ကို ရွေးကောက်တင်မြှောက်သည့် အခမ်းအနား” တဲ့။ လိုရင်းအနှစ်ချုပ်က “ပြည်သူတွေက မိမိတို့လိုလားသည့် ပုဂ္ဂိုလ်ကို ရွေးချယ်သည့်ပွဲ” ဆိုပါတော့။ အဆိုပါ ရွေးချယ်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်။ သိပ်မလိုတော့ပါ။ ရက်ပေါင်း ( ) ရက်သာ လိုပါတော့သည်။
သြော် ရွေးကောက်ပွဲ . . . ရွေးကောက်ပွဲ။
(၂)
ရွေးကောက်ပွဲ နီးလာတော့ သိပ္ပံမောင်ဝ၏ “ရွေးကောက်ပွဲ” ကို သတိရသည်။ လင်းလွန်းပင်ရွာက သူကြီးရွေးကောက်ပွဲ။ သူကြီးဟောင်း၏သား မောင်သာပန်းနှင့် အင်းသားကြီး မောင်ရွှေကျေးတို့ အပြိုင်အရွေးခံ ကြမည့်ပွဲ။ မောင်သာပန်းကို ရွာသားအများစုက သဘောကျကြ၏။ မောင်ရွှေကျေးကတော့ ပစ္စည်းရှိသော်လည်း လူလည်ကျလွန်းသောကြောင့် ရွာသားတွေနှင့် သိပ်မကြည်။ ထိုနှစ် ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ကြရတော့မည်။
သို့သော် မဲဆွယ်ရာတွင်တော့ နှစ်ယောက်စလုံးက လည်ကြသည်။ မဲဆန္ဒရှင်များကို ထမင်းဖိတ်ကျွေးလျှင် မဲဝယ်သည်ဟု အထင်ခံရမှာ စိုးသောကြောင့် ရဟန်းတော်တွေကို ပင့်ဖိတ်ကာ ဆွမ်းကျွေးသည်ဟု ကြေညာလိုက်သောအခါ နှစ်အိမ်စလုံးသို့ ရွာသားတွေ တဖွဲဖွဲ ရောက်လာကြသည်။ စားကြ သောက်ကြ တအုန်းအုန်းပေါ့။
ကာလသားခေါင်း မောင်ကာလီက ထမင်းအပြင် လက်ဖက်ရည်နှင့် ကွမ်းယာကိုပါ ဗိုက်ကားအောင်စားပြီး မောင်ရွှေကျေးကို “မဲလိုသလောက် ရအောင်လုပ်ပေးမည်။ တစ်မဲကို ငွေတစ်ကျပ်” ဟုပြောပြီး ငွေ ၂၀ တောင်းသွားလေသည်။ နံနက် ၁၁ နာရီလောက်မှာတော့ ရွေးကောက်ပွဲ ကြီးကြပ်မည့် နယ်ပိုင် မောင်လူအေးနှင့်အတူ သူ့စာရေးပါ ရွာသို့ ရောက်လာသည်။ ရွေးကောက်ပွဲကျင်းပရာ ဇရပ်သည် ရွာသားများနှင့် ပြည့်ကျပ်နေရာ ဇရပ်တစ်ခုလုံး ဆူညံနေတော့သည်။ ဒီကြားထဲ တစ်ကျွန်းပြန် ဦးသာအေးက တစ်မှောင့်။ “မောင်ရွှေကျေးပုံးထဲသို့ မဲမထည့်သူကို မှတ်ထားမည်” ဟုဆိုကာ သူက ကြိမ်းမောင်းလိုက် သေးသည်။ မဲပုံးကို ဘယ်သူမှ မမြင်အောင် ထားပါတယ်ဆိုမှ။ သူက ထည့် မထည့် ဘယ်လိုများ ကြည့်ဦးမည်မသိ။ နောက်ဆုံးတော့ မူးနေသည့် တစ်ကျွန်းပြန် မောင်လူအေး ရှေ့မှောက်သို့ ရောက်လာသည်။ ငြိမ်ငြိမ်မနေလျှင် ၂၄ နာရီ ချုပ်ထားမည်ဟု ပြောလိုက်တော့မှ ငြိမ်သွားတော့သည်။
ဤသို့ဖြင့် ရွေးကောက်ပွဲ စလေပြီ။ မောင်သာပန်းက ပုံးအနီ၊ မောင်ရွှေကျေးက ပုံးအစိမ်း။ ဆယ်အိမ်ခေါင်း ဦးလူမောင်က “မောင်သာပန်းက ရဲရင့်လို့ နီသဗျ။ ကျေးငှက်ရဲ့ အမွေးအနောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ။ ဘာမှ မှားစရာ မရှိဘူး” ဟုဆို၏။ ထိုအခါ ဦးဒါလီက “ခင်ဗျားတို့ရဲ့ ကျေးငှက်ကို ကျုပ်တို့ လေးတစ်ချက်တည်းနဲ့ ခွင်းမယ်ဗျ” ဟု ထအော်လိုက်ရာ ဝါးကနဲ ပွဲကျသွားလေသည်။
ထို့နောက် မောင်လူအေးက လူစာရင်းကိုကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ခေါ်သည်။ တစ်ယောက်ပြီး တစ်ယောက်ထကာ မဲထည့်ကြ၏။ “မြွေဟောက်” ဆိုသောလူက မဲရုံထဲမှ ထွက်လာသောအခါ “ဟေ့သာပန်း မင်းပုံးထဲမှာ ထည့်သကွဲ့” လို့ဆိုလိုက်ရာ အားလုံးက ဝိုင်းရယ်ကြပြန်သည်။ ထို့နောက် မျက်စိကွယ်နေသော “ကဇန်း” ကို လူတစ်ယောက်က တွဲခေါ်လာသည်။ “ဘယ်သူ့ပုံးထဲ ထည့်ချင်လဲ” ဟု မောင်လူအေးက မေးရာ “မောင်သာပန်း” ဟု ဖြေသောကြောင့် မောင်လူအေးကိုယ်တိုင် မဲရုံထဲဝင်ပြီး မောင်သာပန်းပုံးထဲသို့ ထည့်ပေးရလေသည်။ နောက်ဆုံးတော့ မဲစာရင်းကို ရေတွက်ကြည့်ရာ မောင်သာပန်းက ၈၅ မဲ။ မောင်ရွှေကျေးက ၁၅ မဲ။ အနီက အစိမ်းကို မဲအသာနှင့် အနိုင်ရသွားလေသည်။
(၃)
ရွေးကောက်ပွဲအကြောင်း စဉ်းစားလျှင် ဟာသလေး တစ်ခုကို သတိရမိသည်။ သားအမိနှစ်ယောက် အပြန်အလှန် ပြောကြသည့် ဟာသလေး။ သားက “မေမေ ပုံပြင်တွေက ဟိုးရှေးရှေးတုန်းကနဲ့ စတယ်နော်” လို့ မေးလိုက်ရာ အမေလုပ်သူက “မဟုတ်ဘူးသားရဲ့။ အခုပုံပြင်တွေက ကျွန်တော်သာ အမတ်ဖြစ်လာခဲ့သော်နဲ့ စတာကွဲ့” ဟုပြန်ဖြေလိုက်သတဲ့။
အမတ်မဖြစ်ခင်က ပြောတာ တစ်မျိုး။ အမတ်ဖြစ်လာတော့ လုပ်တာတခြား။ အပြောနှင့် အလုပ်မညီသည့် အမတ်တွေကို သရော်ထားသည့် ဟာသလေး။ သြော်ပုံပြောကောင်း သူတွေထဲမှာ အမတ်တွေလည်း ပါသကိုး။
ဒါ့အပြင် ယတြာအချေကောင်းသည့် အမတ်တွေလည်း ရှိပါသေးသည်။ သိပ်မကြာသေးခင်က ဆရာကောင်းဆက်နိုင်၏ ဆောင်းပါး တစ်ပုဒ်ထဲမှာ ယတြာအချေကောင်းသည့် အမတ်အကြောင်း ဖတ်လိုက်ရတော့ တော်တော်လေး သဘောကျသွားသည်။ ထိုအမတ်က ကိုးနဝင်းအမတ်။ ဘာလုပ်လုပ် ကိုးနဝင်းပဲတဲ့။ သူက ရွေးကောက်ပွဲအလို ကိုးရက်လုံးလုံး ကိုးပါးသီလ ဆောက်တည်သည်။ သံဃာကိုးပါးပင့်ပြီး ဆွမ်းကပ်သည်။ ဆွမ်းကလည်း ကိုးမျိုး။ နေ့စဉ် ပုတီး ကိုးပတ်စိတ်သည်။ ဖြစ်ချင်တော့ ရွေးကောက်ပွဲ လုပ်မည့်နေ့ကလည်း ၉ ရက်နေ့တဲ့။ အဲဒီနေ့ နံနက် ၉ နာရီတိတိမှာ အိမ်ကထွက်သည်။ အံမယ် မဲရုံထဲဝင်ခါနီး အပေါက်ဝမှာတောင် အသက်အောင့်ပြီး ဖနောင့်နဲ့ ကိုးချက်ပေါက်လိုက် သေးသတဲ့။ သို့သော် ထိုကိုးနဝင်းအမတ် မဲရှုံးသွားပါသည်။ သူ့အိမ်သား ကိုးယောက်ထည့်သည့် မဲကိုး မဲသာ သူရလိုက်သောကြောင့် ဖြစ်ပါသည်။
ထိုအမတ် ဘယ်လောက်အထိ ကိုးနဲ့ အကျိုးပေးသလဲဆိုလျှင် မဲရှုံးပြီးနောက် ပြဿနာရှာသောကြောင့် အချုပ်ထဲမှာ ကိုးရက်တိတိ အဖမ်းခံလိုက် ရပါသေးသည်။ အချုပ်က ထွက်တော့ ဘုန်းကြီးဝတ်ရာ ကိုးလပဲဝတ်ပြီး ပြန်ထွက်လာခဲ့သတဲ့။ သြော် တော်တော် ကိုးနဝင်း အမတ်ပါပဲ။ “ယတြာကောင်းက မင်းလောင်းပျောက်” ဟု ဆိုရိုးစကားရှိရာ သူ့ကျမှ “ယတြာကောင်းက အမတ်လောင်း ထောင်ထဲရောက်” ဟု ဆိုရိုးအသစ် ထွင်ရမလိုတောင် ဖြစ်နေပြီ။
မည်သို့ဆိုစေ ရွေးကောက်ပွဲနီးလာတော့ ယတြာအမတ်တွေလည်း အလျှိုလျှို ပေါ်လာတော့မည် ထင်ပါရဲ့။
(၄)
ဆရာကြီးသခင်ဘသောင်းကတော့ ရွေးကောက်ပွဲကို “ပြည်စေခံရွေးပွဲ” ဟု ကင်ပွန်းတပ်သည်။ တကယ်လည်း ဒီမိုကရေစီခေတ်မှာ အစိုးရဆိုတာ ပြည်သူရဲ့ အစေခံအဖွဲ့သာဖြစ်သည်။ တစ်နည်းပြောရလျှင် ပြည်သူကို အလုပ်အကျွေးပြုရမည့် ပြည်သူ့ဝန်ထမ်း အဖွဲ့ဖြစ်သည်။ ထိုဝန်ထမ်းအဖွဲ့ကို ရွေးချယ်ခြင်း ဖြစ်သောကြောင့် “ပြည်စေခံရွေးပွဲ” ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ထို့အပြင် ဆရာကြီးက “အမတ်ရွေးပွဲ” ဟူသော အသုံးအနှုန်းကိုလည်း သိပ်ကြိုက်ပုံ မရလှ။ “အမတ်ဆိုသော စကားမှာ သက်ဦးဆံပိုင်မင်းများခေတ်မှ ဆင်းသက်လာသော စကားဖြစ်သဖြင့် နားယောင်စရာ စကားဖြစ်သည်” ဆိုကာ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲ “ပြည်သူ့ကိုယ်စားလှယ်ရွေးပွဲ” ဟုသာ ခေါ်ကြကြောင်း မိန့်ဆိုခဲ့ဖူးပါသည်။
တကယ်တော့ ရွေးကောက်ပွဲသည် ပြည်သူတို့က မိမိတို့ ပြုလုပ်ချင်သော အလုပ်များကို မိမိတို့ကိုယ်စား ပြုလုပ်ပေးမည့် အသင့်လျော်ဆုံး ပုဂ္ဂိုလ်များကို စိစစ်ရွေးချယ်သည့် ပွဲဖြစ်ပါသည်။ ထို့ကြောင့်လည်း အဆိုပါ ပုဂ္ဂိုလ် မများကို “ပြည်သူ့ကိုယ်စားလှယ်” ဟုခေါ်ခြင်း မဟုတ်ပါလား။ လက်ရှိ မြန်မာနိုင်ငံ အတွက်တော့ အရေးကြီးဆုံး ပွဲပါပဲ။ အရေးကြီးလှသောကြောင့် အမှားမခံပါ။ မှားလို့မဖြစ်ပါ။ ဘာ မမှားရမှာလဲဆိုတော့ အရွေးမမှားဖို့ပဲပေါ့။ ပြည်သူတွေ အတွေးမှားလျှင် အရွေးမှားမည်။ အရွေးမှားလျှင် လုပ်ရပ်မှားမည်။ စနစ်တွေမှားမည်။ နောက်ဆုံး တိုင်းပြည်တစ်ခုလုံး မှားယွင်းသည့် အခြေအနေထဲသို့ ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် လာမည့် ရွေးကောက်ပွဲကို မှန်ကန်သည့် ရွေးချယ်ပွဲဖြစ်ဖို့ ပြည်သူအားလုံး သတိပြုကြပါစို့။










