ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD ကို မဲမပေးရန် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ရေးသားထားသော လက်ကမ်းစာစောင်များ ဝေငှခဲ့သည့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား အမှုဖွင့် တိုင်ကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD ကို မဲမပေးရန် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ရေးသားထားသော လက်ကမ်းစာစောင်များ ဝေငှခဲ့သည့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား အမှုဖွင့် တိုင်ကြား
Published 7 October 2015
ဇေယျာထွန်း၊ ကျော်မျိုး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD ကို မဲမပေးရန် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ရေးသားထားသော လက်ကမ်းစာစောင်များ ဝေငှခဲ့သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဇော်ဝိတ်အား အောက်တိုဘာ ၅ ရက်တွင် ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဇော်ဝိတ်က စက်တင်ဘာ ၁၀ ရက်၌ ကြာပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် ‘အမျိုးဘာသာ၊ သာသနာချစ်သူ ရဟန်းရှင်လူ ပြည်သူများသို့’ ခေါင်းစဉ်ပါ လက်ကမ်းစာစောင်များကို ဒေသခံများအား ဝေငှခဲ့ခြင်းကြောင့် ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက ယင်းကဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။လက်ကမ်းစာစောင်တွင် ပါရှိသော စာသားများမှာ ‘ယခုအခါ လူမျိုးနှင့် ဘာသာ၊ သာသနာအတွက် ယုံကြည်စိတ်ချ၍ မရသော အမျိုးသားရေးကို သွေဖည်ဆန့်ကျင်သော အဖွဲ့ကြီးသည် အရေးကြီးဆုံးဖြစ်သော အမျိုးသားရေးကို အလေးအနက်ထား ထည့်သွင်းပြောဆိုခြင်း မရှိဘဲ ဘာသာခြား၊ လူမျိုးခြားများအား လူ့အခွင့်အရေး အပြည့်အ၀ မပေးမှု၊ အစိုးရ အဖွဲ့ဝင်တချို့ အကျင့်ပျက်မှု၊ တိုင်းပြည် ဆင်းရဲနွမ်းပါမှု၊ အမျိုးသားပညာရေး ဥပဒေ စသည်တို့ကိုသာ ဖော်ပြပြီး မိမိတို့၏ ပါတီဆိုင်းဘုတ်ဝယ် အမျိုးသားရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကိုပါ ပူးတွဲထည့်သွင်းကာ အမှုမဲ့အမှတ်မဲ့ ခပ်အေးအေးနေသော ပြည်သူလူထု အများစုကို မဲဆွယ်စည်းရုံးလျက် ရှိပါသည်’ ဟု ပါရှိသည်။ထို့ပြင် ‘သူတို့ တွေးထင်သိရှိထားသည့် အတိုင်းလည်း ပြည်သူလူထု အများစုမှာ အမျိုးသားရေး၊ ဘင်္ဂါလီ ရိုဟင်ဂျာရေး၊ တိုင်းပြည်ပျက်မည့်အရေး၊ လူမျိုးပျောက်မည့်အရေး စသည်တို့ကို မတွေးတော့ဘဲ ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီး ဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ်လိုက်မည် ဆိုပါက တိုင်းပြည်နှင့်ဘာသာ၊ သာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်’ ဟု ပါရှိသည့် လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒက္ခိဏသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသန့်ဇင်ထွန်းက “ကျွန်တော်တို့က ဒီလို မတရား အပုပ်ချပြီး ရေးထားပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကိုပါ ချိုးဖောက်တဲ့အတွက် သက်ဆိုင်ရာ ရဲစခန်းကို တိုင်တာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကလည်း ဒီလိုမျိုး ကိစ္စတွေ ဖြစ်လာရင် တိုင်ကြားဖို့ တရားဝင် စာထွက်ထားပါတယ်” ဟု ပြောကြားသည်။ယင်းကဲ့သို့ လက်ကမ်းစာစောင်များ ဝေငှခဲ့သည့် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဇော်ဝိတ်အား ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်းတွင် (ပ) ၉၉/၂၀၁၅ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ဒက္ခိဏသီရိ မြို့နယ်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ဖြစ်ပြီး ဦးမြင့်လှိုင်က မဲဆွယ်စည်းရုံးရာတွင် ‘ဒီမိုကရေစီဆိုတာ ပြည်သူကို ပြန်အလုပ်အကျွေး ပြုရမယ်။ ပြည်သူက အရွေးမမှားဖို့ လိုတယ်။ ဘယ်လောက်ပဲ အမျိုးကို ချစ်တယ် ချစ်တယ်ပဲ ပြောပြော။ ဘယ်လောက်ပဲ တိုင်းပြည်ကို ချစ်တယ်ချစ်တယ်ပဲ ပြောပြော။ သူယူထားတာက ချစ်တီးကုလားကြီးဆိုရင် ဖြစ်နိုင်သေးလား။ ခင်ဗျားဗျာ တိုင်းပြည်ကို ချစ်တယ်။ အမျိုးကို ချစ်တယ်ဆိုတာ သူညာနေတာပဲဗျ။ ဒါ လိမ်ညာနေတာ ကျွန်တော်တို့က နားလည်တယ်။ ကျွန်တော်ဇနီး၊ သားသမီးတွေကို ခေါ်လာတယ်။ ကျွန်တော်ရဲ့သားကို လူပုံအလယ်မှာ ရဲရဲတင်းတင်းနဲ့ ခေါ်လာရဲတယ်။ ကျွန်တော် သူများကို ပုတ်ခတ်ချင်တာ မဟုတ်ဘူး။ ပြည်သူတွေကို နားယောင်အောင် လုပ်တာကို ပွင့်ပွင့်လင်းလင်း ပြောမှရမှာ။ ဒါကို ခင်ဗျားတို့ သိကိုသိရမယ်။ ဒါဆို ခေါ်ခဲ့ဗျာ။ ဘာကြောင့် ကျွန်တော်ပြောသလဲဆိုရင် တိုင်းပြည်အတွက် ရင်လေးလို့ ပြောတာ” ဟု စက်တင်ဘာ ၂၃ ရက် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ၌ ပြည်သူများအား မဲဆွယ်စည်းရုံးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Most Read