ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား တစ်ဦးလျှင် ယခင် ကောက်ခံသည့် ဒေါ်လာ ၂၀ အစား မြန်မာကျပ်ငွေ နှစ်သောင်းခွဲအဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။ပုဂံဒေသ ဇုန်ဝင်ကြေးအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံခြင်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ယနေ့ကာလ ငွေလဲနှုန်း ထုတ်ပြန်ချက်နှုန်းရှင်နှင့် အနီးစပ်ဆုံးဖြစ်သည့် မြန်မာကျပ်ငွေ နှစ်သောင်းငါးထောင်ကျပ်ကို ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ယဉ်ကျေးမှု အမွေအနှစ် ဒေသသို့ လာရောက်သည့် ပြည်ပဧည့်သည်များထံမှ ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသား တစ်ဦးလျှင် ဒေါ်လာ ၂၀ နှုန်းဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပြင်ဆင်ကောက်ခံခဲ့ပြီး ကောက်ခံရရှိသည့် နိုင်ငံခြားငွေပေါ်တွင် မင်နီ၊ မင်နက်များ စွန်းထင်းခြင်း၊ ခြစ်ရာများ ပါရှိခြင်း၊ တိပ်ကပ်ထားခြင်းနှင့် ကုမ္ပဏီတံဆိပ်တုံး ရိုက်နှိပ်ထားခြင်း၊ အနည်းငယ် ဟောင်းနွမ်းခြင်း၊ ခေါက်ရိုးရာပါရှိခြင်း အစရှိသည့် အချက်များကြောင့် ဌာနမှ အပ်နှံသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ အချို့အား မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ လစဉ် Collection Base အဖြစ်သာ လက်ခံခြင်းကြောင့် နိုင်ငံတော်ရငွေ လျော့နည်းခဲ့ကြောင်း သိရသည်။ထို့ကြောင့် နိုင်ငံတော် ဘဏ္ဍာအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကောက်ခံသည့် နိုင်ငံတော်ရငွေ လျော့နည်းမှု မရှိစေရေး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းစာပါအရ နိုင်ငံခြားသားနှင့် နိုင်ငံသားများက နိုင်ငံအတွင်းတွင် ရောင်းချဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ၊ ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှု ဖြစ်လာခြင်း၊ ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်းသုံးကျပ်ငွေ အသုံးပြုမှု အခန်းကဏ္ဍ လျော့နည်းလာခြင်းတို့ကြောင့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်မှု ဖြစ်လာပြီး နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေခြင်းတို့ ဖြစ်ပေါ်လာကြောင်း သိရသည်။ထို့အပြင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းဝယ်ယူ ရောင်းချခြင်းနှင့် ဝန်ဆောင်မှု ဆောင်ရွက်ခြင်းများအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်များတွင် နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ တောင်းခံခြင်း မပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန်အကြောင်း ကြားလာသဖြင့် ယင်းသို့ ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြောင်းလဲကောက်ခံရန် ယဉ်ကျေးမှု ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီမှ ဆုံးဖြတ်အတည်ပြုခဲ့ပြီး သက်ဆိုင်ရာ မြန်မာ့ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အပါအဝင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ သိရှိစေရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။
ပုဂံဒေသဇုန် ဝင်ကြေးအား နိုင်ငံခြားသား တစ်ဦးလျှင် ယခင် ဒေါ်လာ ၂၀ အစား မြန်မာကျပ်ငွေ နှစ်သောင်းခွဲအဖြစ် နိုဝင်ဘာ ၁ ရက်တွင် ပြောင်းလဲကောက်ခံမည်










