အခြေခံကျပြီး နားလည်ရန် ခက်ခဲသော နျူထရီနို အမှုန်များ၌ ဒြပ်ထုရှိကြောင်း ဖော်ထုတ်ပေးခဲ့မှုအတွက် ဂျပန်သိပ္ပံပညာရှင် တာကာအာကီကာဂျီတာနှင့် ကနေဒါ သိပ္ပံပညာရှင် အာသာမက်ဒေါနယ်တို့ကို ရူပဗေဒ နိုဘယ်ဆု ပူးတွဲပေးအပ်ကြောင်း ဆွီဒင်သိပ္ပံ အကယ်ဒမီက အောက်တိုဘာ ၆ ရက်တွင် ကြေညာခဲ့သည်။အက်တမ်အောက် သေးငယ်သော နျူ ထရီနိုတို့တွင် ဒြပ်ထုရှိကြောင်း ဖော်ထုတ်နိုင်ခဲ့မှုအတွက် စကြဝဋ္ဌာကြီးကိုလည်း ရှုမြင်ပုံ ပြောင်းလဲရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ဆွီဒင်သိပ္ပံ အကယ်ဒမီက ပြောကြားခဲ့သည်။ နျူထရီနိုတို့သည် ပေါ့ပါးသော အမှုန်များဖြစ်ပြီး နေကို တောက်ပစေသော ဖြစ်စဉ်ကဲ့သို့ နျူကလီးယား ဓာတ်ပြုမှု ဖြစ်စဉ်မှနေ၍ ယင်းအမှုန်များကို ရရှိစေနိုင်သည်။ နျူထရီနိုတို့ ရှိကြောင်းကို ၁၉၃၀ ပြည့်နှစ်တွင် စတင် သိရှိခဲ့ကြသော်လည်း ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဓာတ်ပေါင်းဖိုများက ယင်းအမှုန်များကို ထုတ်လွှတ်နိုင်ချိန်၌ ၎င်းတို့ တည်ရှိမှုကို သက်သေပြနိုင်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှစပြီး သိပ္ပံပညာရှင်များက နေကို တောက်ပစေသော နျူကလီးယား ဓာတ်ပြုမှုတွင် ပေါ်ထွက်သည့် နျူထရီနို အရေအတွက်ကို ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာမြေတွင် အမှန်တကယ် တိုင်းတာ တွေ့ရှိသော နျူထရီနို အရေအတွက်သည် တွက်ချက်မှုများနှင့် ကွဲလွဲနေခဲ့သည်။ နေမှ ထွက်လာသော နျူထရီနိုများ၏ သုံးပုံနှစ်ပုံသည် ပျောက်ဆုံးခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း သိသူ မရှိခဲ့ပေ။၁၉၉၈ ခုနှစ်တွင် ကာဂျီတာက နျူထရီနိုများသည် နေမှကမ္ဘာသို့ ရောက်ရှိသည့်လမ်းတွင် အသွင်အပြင် ပြောင်းလဲသွားကြကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ မက်ဒေါနယ် ဦးဆောင်သောသိပ္ပံပညာရှင်များသည် ၁၉၉၉ ခုနှစ်တွင် နေမှ ထွက်ပေါ်လာသော နျူထရီနိုတို့ အကြောင်းကို ကနေဒါတွင် လေ့လာနေခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် မက်ဒေါနယ်၏ အဖွဲ့က နျူထရီနိုတို့၌ အခြေအနေကိုလိုက်၍ ပြောင်းလဲတတ်သည့် သဘာဝရှိကြောင်း သက်သေပြခဲ့သည်။ ထိုတွေ့ရှိမှုများက နျူ ထရီနို အမှုန်တို့၌ ဒြပ်ထုရှိကြောင်း ထင်ရှားစေခဲ့သည်။၎င်းတို့နှစ်ဦး၏ တွေ့ရှိမှုသည် အမှုန်ရူပဗေဒ ပညာရပ်အတွက် အလွန်အရေးကြီးပြီး စကြဝဋ္ဌာကြီးကို နားလည်မှု အတွက်လည်း အရေးကြီးကြောင်း နိုဘယ်ကော်မတီက ပြောကြားခဲ့သည်။ ကာဂျီတာနှင့် မက်ဒေါနယ်တို့သည် ဒေါ်လာ ၉၅၀၀၀၀ ခွဲကို ခွဲဝေရရှိကြမည်ဖြစ်သည်။
Ref:AFP









