ဂရိနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ပါလီမန် ရွေးကောက်ပွဲများ၌ လက်ဝဲယိမ်း ဝန်ကြီးချုပ် အလက်ဇီဆီပရက်၏ပါတီက အနိုင်ရခဲ့သဖြင့် လူကြိုက်မများသာ သူ၏ ခြိုးခြံချွေတာရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။
ယခု ရွေးကောက်ပွဲတွင် ဆီရီဇာပါတီက မဲ ၃၅ ဒသမ ၅၃ ရာခိုင်နှုန်း ရရှိကာ အဓိက ပြိုင်ဘက်ဖြစ်သည့် ကွန်ဆာဗေးတစ်ဝါဒီ ဒီမိုကရေစီသစ် ပါတီက မဲ ၂၈ ဒသမ ၀၅ ရာခိုင်နှုန်း ရရှိခဲ့သည်။ ထို့ကြောင့် ဆီရီဇာပါတီသည် လွှတ်တော်ထဲတွင် အမတ်နေရာ ၁၄၅ နေရာ ဝန်းကျင်ရရှိပြီး လွတ်လပ်သော ဂရိပါတီကလည်း ဆီရီဇာနှင့် လာရောက် ပူးပေါင်းမည် ဖြစ်သည်။
ဆီပရက် အစိုးရအဖွဲ့ ကျမ်းကျိန်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် လက်ယာယိမ်း ခြိုးခြံချွေတာမှု ဆန့်ကျင်ရေး အယူအဆရှိသူ ဝန်ကြီး ဒီမီထရီကာမီနော့စ်၏ ဆီးမိုက်ဆန့်ကျင်ရေးနှင့် လူမျိုးရေး မုန်းတီးရေးများကို တွစ်တာမှ တစ်ဆင့် ရေးသားမှုအပေါ် ဆန့်ကျင် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ နာရီ အနည်းငယ်အတွင်းမှာပဲ ကာမီနော့စ်ကို ရာထူးမှနေ၍ ဖယ်ရှား ပစ်လိုက်သဖြင့် ဂရိနိုင်ငံရေးသမိုင်းတွင် သက်တမ်း အတိုဆုံးသော ဝန်ကြီးတစ်ဦးအဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။ သူ့အနေဖြင့် လူမျိုးရေး မုန်းတီးမှုများကို တွစ်တာမှနေ၍ ရေးသားမှုများမှာ စီးပွားရေး အကျပ်အတည်း ဖြစ်နေသော ဂရိနိုင်ငံတွင် ၎င်း၏ ဖောက်ပြန်သော အတွေးအခေါ်များသည် ပြည်ပမှနေ၍ ဝင်ရောက်လာသည့် ဒုက္ခသည်များ များပြားနေမှုအတွက် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အတွက်ကြောင့် ရာထူးမှ ဖယ်ရှားခံရခြင်း ဖြစ်သည်။
ဒုက္ခသည် အကျပ်အတည်း ကြုံတွေ့နေရသည့် ကော့စ်နှင့် လက်စဘော့စ် အရပ်ဒေသများတွင် နာဇီလက်သစ် ရွှေအရုဏ်ဦး ပါတီ အားကောင်းနေသည်။ ဂရိနိုင်ငံတွင် စီးပွားရေး အကျပ်အတည်းနှင့်အတူ နိုင်ငံရေးအကျပ်အတည်းဟု ဆိုရမည့် အစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာ အားနည်းမှုများ ချို့ယွင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ဂရိနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကို ဥရောပသမဂ္ဂကလည်း ဝိုင်းဝန်းဖြေရှင်းမှု မရှိကြပေ။ ဤသို့ဖြင့် ဂရိနိုင်ငံတွင် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်စေသည့် အစွန်းရောက် မျိုးချစ် အယူအဆများ အားကောင်းလာမည်ကို စိုးရိမ်နေရသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ ကလည်း ဗဟိုအစိုးရထံမှ အမိန့်များကို စောင့်မျှော်နေကြရသည်။ အထူးသဖြင့် ဂရိနိုင်ငံရှိ ကျွန်းစုများကို ဒုက္ခသည်များ ဝင်ရောက်လာမှုကို ဗဟိုအစိုးရ၏ အမိန့်ကို စောင့်နေရသလို ဂရိ အစိုးရကလည်း ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနေရသည်။ ဤအခြေအနေတွင် နာဇီလက်သစ်များက မိမိတို့၏ အစွန်းရောက် မျိုးချစ်ဝါဒကို ဖြန့်ဖြူးရန် အတွက် အခွင့်အလမ်း တစ်ရပ်အဖြစ် ဆုပ်ကိုင်ထားကြသည်။
ကော့စ်တွင် ဒုက္ခသည်များ ဝင်ရောက်မှုမှာ အလွန်များပြားနေသည်။ ဈေးဆိုင်ပိုင်ရှင်များက နာဇီ လက်သစ် အယူအဆများကြောင့် ဒုက္ခသည်များကို လူမျိုးရေး အရ ခွဲခြားဆက်ဆံမှုများ ပြုလုပ်လျက်ရှိသည်။ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုလျှင် ဒုက္ခသည်များမှာ ညစ်ပတ် နံစော်လျက်ရှိသည်ဟု ပြောကြားသည်။ သူတို့တွင် အစွန်းရောက် အစ္စလာမ္မစ် အယူအဆများလည်း ရှိနေကြောင်းနှင့် နောင်တစ်ချိန်ကျလျှင် ဂရိနိုင်ငံတွင် ဂရိလူမျိုးများသည် လူနည်းစု ဖြစ်သွားနိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မကြာသေးမီ ရက်များကပဲ ရွှေအရုဏ်ဦးပါတီက ဗီဒီယို အခွေတစ်ခုကို ထုတ်လွှင့်ပြသခဲ့သည်။ ယင်းဗီဒီယိုထဲတွင် ကလေးငယ်သုံးဦးက မဲဆန္ဒရှင်များကို ရွှေအရုဏ်ဦးပါတီအား ထောက်ခံရန် ပြောကြားနေပုံကို တွေ့ မြင်ရသည်။ ဂရိနိုင်ငံသည် ဂရိလူမျိုးတွေ အတွက် ဖြစ်ရမည်။ ဂရိလူမျိုးများ အနေဖြင့် ဂရိနိုင်ငံတွင် လူနည်းစု မဖြစ်စေရေးအတွက် လုပ်ဆောင်ရမည်ဟု ရိုက်ကူးပြသထားသည်။
ပါလီမန် ရွေးကောက်ပွဲ မကျင်းပမီ သုံးရက်အလိုက နာဇီလက်သစ် ရွှေအရုဏ်ဦးပါတီမှ ခေါင်းဆောင်ဖြစ်သူ နီကို့စ်မီချယ်လ် လိုလီယာကော့စ်သည် ၂၀၁၃ ခုနှစ်က အသတ်ခံရသည့် ဖက်ဆစ် ဆန့်ကျင်ရေး သမား ရက်ပါ အနုပညာရှင် ပါဗလော့ဖိုင်ဆာ့ကို သတ်ဖြတ်ရာ၌ မိမိပါတီတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နီကို့စ်မီချယ်လ် လိုလီယာကော့စ်သည် ဗီဒီယို အခွေဟောင်းတစ်ခုကို ပြန်လည်ပြသခဲ့သည်။ ယင်းတိပ်ခွေတွင် ရွှေအရုဏ်ဦး ပါတီဝင်များသည် နာဇီဝါဒကို နှစ်သက် သဘောကျ သူများဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ သည်။ လက်ရှိအစိုးရနှင့် မီဒီယာများသည် မိမိတို့ကို ဆန့်ကျင်နေသည့်အတွက် မိမိတို့ ပါတီအနေဖြင့် အနိုင်ရရှိရန် လုပ်ဆောင် ပေးနသကဲ့သို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရွှေအရုဏ်ဦး ပါတီ၏ နာဇီလက်သစ် အစွန်းရောက် မျိုးချစ်ဝါဒများသည် စိတ်ပျက်မှုများနှင့် ကြုံတွေ့နေရသော ဂရိပြည်သူအချို့ကို စည်းရုံးနိုင်ခြင်းများ ရှိခဲ့သည်။ လက်ရှိစီးပွားရေးနှင့် နိုင်ငံရေးအခြေအနေကို မကျေမနပ်ဖြစ်နေသော ဂရိပြည်သူများသည် ပြည်ပမှ ဝင်ရောက်လာသည့် ဒုက္ခသည်များကြောင့် အစိုးရအပေါ် မုန်းတီးမှုများ ပိုမိုဖြစ်ပွားနေသည်။ ဤအချက်ကို အခွင့်ကောင်းယူပြီး နာဇီလက်သစ်များက အစွန်းရောက် မျိုးချစ်ဝါဒကို ကိုင်စွဲပြီး နိုင်ငံရေး လှုပ်ရှားမှု လုပ်နေကြခြင်း ဖြစ်သည်။ ဖိုင်ဆာ့ လုပ်ကြံခံရသည့် အေသင်မြို့အနီးရှိ Piraeus တွင် ရွှေအရုဏ်ဦးပါတီကို ထောက်ခံသူ ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။ ယင်းပါတီကို ထောက်ခံသူများအနက် ၁၆ ရာခိုင်နှုန်းမှာ လူငယ်များနှင့် အလုပ်လက်မဲ့များ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကာလ၌ပင် ဒေသအချို့တွင် ဂရိနိုင်ငံသာ အးချို့သည် နာဇီတို့နှင့် ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့သည့် အစဉ်အလာရှိသည်။
ဂရိနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များသည်လည်း ယခုအခါတွင် လက်ယာစွန်း အယူအဆ ရှိသူများ များပြားလာသည်။ ရဲတပ်ဖွဲ့ ဌာနချုပ်အနီးရှိ မဲရုံများတွင် မဲပေးသူ ၁၅ ရာခိုင်နှုန်းမှာ ရွှေအရုဏ်ဦး ပါတီကို ထောက်ခံမဲ ပေးခဲ့ကြသည်။ နာဇီလက်သစ် ပါတီဝင်များသည် မိမိကိုယ်မိမိ ပါတီ၏ အမိန့်ကို နာခံကြသူများ ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ မဲပေးခွင့်ရှိသူများအနက် ၄၀ ရာခိုင်နှုန်းသော ရဲတပ်ဖွဲ့ဝင်များသည် ရွှေအရုဏ်ဦး ပါတီကို မဲပေးခဲ့ကြသည်။
နာဇီ လက်သစ် အယူအဆများကြောင့် ရွှေအရုဏ်ဦး ပါတီဝင်များသည် ထောင် ၁၈ လခန့် ကျခံခဲ့ကြရသည်။ ယခုအခါတွင် ၎င်းတို့သည် ပြန်လည် လွတ်မြောက်လာပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင် ပတ်သက်လာ ကြသည်။
သို့သော် ရွေးကောက်ပွဲ ပြီးဆုံးသည့်အချိန်တွင် ဆီရီဇာပါတီ အနိုင် ရရှိသွားခဲ့သည်။ သို့သော် လူကြိုက်နည်းနေသော ခြိုးခြံချွေတာရေး ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် ဆီရီဇာပါတီအပေါ် လူထုထောက်ခံမှု နည်း သွားခဲ့သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူများလည်း လျော့ကျသွားခဲ့သည်။ ယင်းအချက်သည် နိုင်ငံရေး ခေါင်းဆောင်များနှင့် တည်ငြိမ်မှု ကင်းမဲ့နေသော လူ့အဖွဲ့အစည်းတို့ ကြား ကွာဟချက် ကြီးမားနေကြောင်းကို သက်သေပြသကဲ့သို့ ရှိနေသည်။
ဂရိနိုင်ငံတွင် ဖက်ဆစ်ဝါဒနှင့် လူမျိုးကြီး ဝါဒကြီးထွားနေမှုကို ဟန့်တားရန်အတွက် လူထု လှုပ်ရှားမှုကြီးတစ်ရပ် လိုအပ်နေသည်။ ရွှေအရုဏ်ဦးပါတီက အစိုးရနှင့် ေ၀ဝါးနေသော ပြည်သူလူထုကြား ကွာဟချက်ကို ကျဉ်းမြောင်းရန် အမျိုးသားရေး ဝါဒဖြင့် ကြိုးပမ်းနေကြသည်။ အဆိပ်ကဲ့သို့ အန္တရာယ်ရှိသော နာဇီ လက်သစ် လူမျိုးကြီး ဝါဒသာ အမြစ်တွယ် သွားမည်ဆိုလျှင် ဖယ်ရှားပစ်ရန် ခက်ခဲပေလိမ့်မည်။










