'လူညီရင် ဤကို ကျွဲဖတ်ကြတယ်' ဆိုတဲ့ စကားကလေးကို မကြာခဏ ကြားဖူး၊ ဖတ်ဖူးပါတယ်။ ဘာကြောင့် လူညီတာနဲ့ အမှားကို အမှန်လို့ ဖတ်ကြတာလဲ။ မှားတယ်လို့ရော ဖတ်သူတွေက သိမှ သိပါ့မလား။'မရဘူး၊ ဘယ်သူ ကျွဲလို့ ဖတ်ဖတ်၊ ငါကတော့ ဤပဲ' ဆိုသူတွေ တကယ်ပဲရှိသလား စတာတွေနဲ့ ပတ်သက်လို့ လေ့လာ ထားတာကလေးတွေ ရှိပါတယ်။
လူညီရင် ဤကို ကျွဲဖတ်ကြတဲ့ အဖြစ် မျိုးကို Conformity လို့ ခေါ်ပါသတဲ့။ အဲဒါက လူမှုရေးဆိုင်ရာ ဖိအားတွေကြောင့် မိမိရဲ့အပြုအမူ ဒါမှမဟုတ် ယုံကြည်မှုတွေကို ပြောင်းလဲခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာကDateline NBC ရုပ်သံအစီအစဉ်က လျှို့ဝှက်ကင်မရာနဲ့ လူအများရဲ့ အပြုအမူနဲ့တူအောင် လိုက်ပြောင်းတတ်တဲ့ အဖြစ်ကို စောင့်ကြည့် ရိုက်ကူးခဲ့ဖူးပါတယ်။ ဓာတ်လှေကား တစ်ခုထဲမှာ သရုပ်ဆောင်ဖို့ ထည့်ထားတဲ့သူတွေ အားလုံးက တံခါးပေါက်ကို ကျောပေးပြီး ရပ်နေကြပါတယ်။ အဲဒီအခါမှာ ဓာတ်လှေကားထဲ ဝင်လာသူက ဘယ်ဘက်ကို လှည့်ရမှန်းမသိ ဖြစ်သွားပါတယ်။ ပထမ တံခါးဘက်ကို လှည့်နေတဲ့အခါ အများနဲ့ မတူတဲ့အတွက် အတော်ကလေး စိတ်မသက်မသာ ခံစား လာရပုံရပါတယ်။ နောက်တော့ အားလုံးနဲ့ ညီအောင် လိုက်လှည့်တာကို ကင်မရာကနေ တွေ့ခဲ့ကြရပါတယ်။ အားလုံးက ဘေးတိုက် ကို လှည့်ရင်လည်း တစ်ယောက်တည်း ကျန်သူက လိုက်လှည့်ကြောင်း တွေ့ကြရပါတယ်။ အလွန်သေးငယ်တဲ့ လူမှုရေးဆိုင်ရာ ဖိအားပးမှုကလေးပါ။Dateline NBC ရုပ်သံအစီအစဉ်က ရိုက်ခဲ့တာကတော့ သုတေသန အနေနဲ့ မဟုတ်ပါဘူး။ ရယ်စရာ ဖြစ်ရပ်ကလေး သက်သက်နဲ့သာပါ။ သို့ပေမဲ့ အဲဒီမှာ မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ မိမိကိုယ်တိုင် အဲဒီနေရာမှာ တစ်ဦးတည်း၊ ဒါမှမဟုတ် လူနည်းစု အနေနဲ့ ရှိနေရင် အများသဘောနဲ့ မတိုက်ဆိုင်တဲ့အခါ ကိုယ့်အတွက် ကိုယ်ရပ်တည်နိုင်ကြမလား။ အများနဲ့ လိုက်လျောညီထွေအောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်ကြမလား။
လူမှုရေးစိတ်ပညာရှင် ဒေါက်တာ အန်သိုနီပရက်ကန်းနစ်က Conformity အကြောင်းကို အနှစ် ၂၀ လောက် လေ့လာခဲ့သူ ဖြစ်ပါတယ်။ Conformityက အများက မှားနေပြီး မိမိတစ်ယောက်တည်း မှန်နေတဲ့ အနေအထားမျိုးမှာ အလွန်အမင်းကို အပျက်သဘော သက်ရောက်စေနိုင်တဲ့ ဖြစ်ရပ်ပါ။ အဲဒီလို အပျက်သဘော ဖိအားပေးမှုက ပါဝါ ဘယ်လောက် ကြီးမားသလဲဆိုတာကို သိချင်တဲ့အတွက်Dateline NBCက ဒေါက်တာ အန်သိုနီပရက်ကန်းနစ်နဲ့ ဆန်တာခရုစ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က စိတ်ပညာ ကျာင်းသားတွေကို ၁၉၅၀ ပြည့်နှစ်ပိုင်းတွေမှာ ဒေါက်တာဆော်လမွန်အက်ရှ် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းကလေးကို ပြန်လည် စမ်းသပ် လေ့လာဖို့ အကူအညီ တောင်းခဲ့ပါတယ်။ လေ့ကျင့်ခန်းက ရုပ်ပုံကားချပ်တွေရဲ့ ဘယ်ဘက်မှာရှိတဲ့ မျဉ်းအရှည်ကို ညာဘက်မှာရှိနေတဲ့ မျဉ်းတွေထဲက တူညီတဲ့အရှည်နဲ့ တွဲခိုင်းခြင်းပါ။ အလွန်ရိုးစင်းပြီး သိသာ ထင်ရှားတဲ့ လေ့ကျင့်ခန်း ကလေးဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်သူတွေကို အမြင်အာရုံရဲ့ သိနားလည်မှုကို စမ်းသပ်တဲ့ လေ့ကျင့်ခန်းလို့ ပြောထားပါတယ်။ အဲဒီလေ့ကျင့်ခန်းအတွက် စာသင်ခန်းထဲမှာ ရှိနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးထဲမှာ တစ်ယောက်ကသာ စမ်းသပ်ခံဖြစ်ပြီး ကျန်သူတွေက တမင် ထည့်ထားသူတွေ ဖြစ်ပါတယ်။ အဲဒီလူတွေ အားလုံးက ဘယ်ဘက်ကမျဉ်းကို ညာဘက်မှာရှိတဲ့ ရွေးစရာ မျဉ်းတွေထဲက မတူတဲ့ မျဉ်းတစ်ခုနဲ့ တမင်တွဲကြပါတယ်။ ဥပမာ မျဉ်းနံပါတ်(၂) က အမှန်ဆိုရင် အားလုံးက မျဉ်းနံပါတ်(၁) ကို အမှန်လို့ ပြောကြပါတယ်။ အဖြေကို တစ်ယောက်ချင်းစီေ ဖြေကြရတာပါ။ စမ်းသပ်ခံရတဲ့ ကျောင်းသူ၊ ဒါမှမဟုတ် ကျောင်းသားက ပထမပိုင်းမှာတော့ သူမြင်တဲ့အတိုင်း အဖြေမှန်ကို ပြောပါတယ်။ သူတို့က အမှန်ကို တစ်ကြိမ်ပြောတိုင်းမှာ တစ်ကြိမ် မသက်မသာဖြစ်မှု ပိုမို ခံစားလာရပါတယ်။ အသံကလည်း တစ်ကြိမ်ထက် တစ်ကြိမ် တိုးလာကြပါတယ်။ အများစုက အကြိမ်အရေအတွက် အနည်းငယ်အကြာမှာ လက်လျှော့ပြီး အများနဲ့ ကိုက်ညီအောင် အဖြေမှားကို လိုက်ပြောလာကြတာ တွေ့ရပါတယ်။ အများနဲ့ ဆန့်ကျင်ရတာ အလွန်ကို မလွယ်တဲ့ကိစ္စပါ။ ပြီးတော့ 'ငါများ မှားနေမလား၊ ငါ ဒီမှာ အရူးဖြစ်နေပြီလား' ဆိုတဲ့ အတွေးကိုလည်း ကျော်လွန်ဖို့ မလွယ်လှပါဘူး။
ပါဝင်သူတွေကို စမ်းသပ်မှု ပြီးတဲ့အချိန်မှာ ပြန်လည် မေးမြန်းကြည့်တော့ ဂျော့ ဆိုသူက သူဟာ အနုပညာရှင် တစ်ဦးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ 'ဤကို ကျွဲမဖတ်တဲ့ သူ' လို့ သတ်မှတ် ယုံကြည်ထားသူ ဖြစ်ပါသတဲ့။ တကယ်တမ်း လက်တွေ့မှာ သူက နှစ်ကြိမ်လောက်အထိသာ သူမှန်တယ်လို့ ထင်တဲ့ အဖြေကို ပြောနိုင်စွမ်းရှိပြီး သုံးကြိမ်မြောက်ကစလို့ သူမှားနေတယ်လို့ မြင်တဲ့အဖြေကို အလွန် ရဲဝံ့ ယုံကြည်တဲ့ ပုံစံနဲ့ လိုက်ပြောပါတော့သတဲ့။ သူက 'ငါ အများနဲ့ မတူတဲ့သူ မဖြစ်ချင်တော့ဘူး၊ အများရဲ့ ဖိအားကို ငါ အရှုံးပေးလိုက်ရတယ်' လို့ ပြောပြပါတယ်။ 'မမှန်ဘူးဆိုတာ သိပေမယ့် အဲဒါက ငါ့ကို ပိုပြီး သက်သောင့်သက်သာ ရှိစေတယ်'လို့လည်း ဝန်ခံပြောဆိုပါတယ်။ နှိုင်းယှဉ် ကြည့်တဲ့အခါမှာ စမ်းသပ်မှုမှာ ပါဝင်သူတွေ အားလုံးထဲမှာ သူက ဖိအားပေးမှုကို အများဆုံး လက်ခံခဲ့သူ ဖြစ်ကြောင်းကို တွေ့ရပါသတဲ့။ ကိုးကြိမ်တိတိ အမှားကို လိုက်ပြောခဲ့ပါသတဲ့။ အဲဒီတော့ အဲဒီလို အခြေအနေတစ်ခုထဲကို ကိုယ်တိုင်ရောက်မသွားဘဲ မိမိဘယ်လို ဆောင်ရွက်မယ်ဆိုတာကို ကြိုတင် တွက်ဆလို့ မရဘူးလို့ ဒေါက်တာ အန်သိုနီပရက်ကန်းနစ်က ဆိုပါတယ်။ စမ်းသပ်မှုမှာ ပါဝင်သူတွေရဲ့ ရာခိုင်နှုန်း ၆၀က အများရဲ့ ဖိအားပေးမှုကို ခံယူ ပြောင်းလဲခဲ့ကြောင်း တွေ့ရပါသတဲ့။ အဲဒါက ဒေါက်တာ ဆော်လမွန်အက်ရှ် ၁၉၅၀ ပြည့်နှစ်ပိုင်းတွေ မှာ တွေ့ရှိခဲ့တာတွေကို ထပ်မံ အတည်ပြုပေးလိုက်ခြင်း ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ ရော့ဒ်ဘွန်းနဲ့ ပီတာစမစ်တို့က ၁၇ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Conformity နဲ့ ပတ်သက်တဲ့ စမ်းသပ်လေ့လာမှု ၁၃၃ ခုကို ပြန်လည် သုံးသပ်လေ့လာပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။အများညီလို့ လိုက်ပြောင်းသူတွေကို ယောကျ်ား၊ မိန်းမ ခွဲခြားသုံးသပ်တဲ့အခါ မိန်းမတွေမှာ ပြောင်းလဲမှု ပိုများခဲ့ကြောင်း တွေ့ရပါတယ်တဲ့။ ဒါ့အပြင် အများညီနေသူထဲမှာ လူအရေအတွက် ပိုများလေ လိုက်ပါပြောင်းလဲမှု ပိုများလေ ဆိုတာကိုလည်း တွေ့ခဲ့ပါတယ်။ အများညီနေကြသူတွေက ကိုယ့်အသိုင်းအဝိုင်းထဲက ဖြစ်တဲ့ မိသားစုဝင်၊ သူငယ်ချင်းစတာတွေ ဖြစ်နေရင် လိုက်ပါ ပြောင်းလဲမှုက ပိုများပါသတဲ့။ အဲဒီလို ပြောင်းလဲမှုမှာ ယဉ်ကျေးမှုတွေ၊ တန်ဖိုးထားမှုတွေရဲ့ သက်ရောက်မှုက အတော်ကို ကြီးမားတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံလို အများဆန္ဒကို မိမိဆန္ဒထက် ရှေ့တန်းတင်တတ်တဲ့ နိုင်ငံမျိုးတွေမှာ နေထိုင်သူတွေက အမေရိကန်နိုင်ငံလို တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကို အလေးထားတဲ့နိုင်ငံတွေမှာ နေထိုင်သူတွေထက် ပိုမိုပြောင်းလဲဖို့ အခွင့်အလမ်း များပါသတဲ့။ အမေရိကန်နိုင်ငံလို နေရာမျိုးမှာ အများညီလို့ လိုက်ပြောင်းတဲ့ အဖြစ်မျိုးကို အပျက်သဘော မြင်တတ်ကြပေမယ့် ဂျပန်နိုင်ငံလို နေရာမျိုးမှာ အများညီလို့ လိုက်ပြောင်းခြင်းက အများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိခြင်း၊ အလိုက်သိခြင်းရယ်လို့ အပြုသဘော မြင်တတ်ကြပါတယ်။ ဒါ့အပြင် ကျား-မ ကွာဟမှုမှာလည်း စံနှုန်း မတူညီတဲ့ ပြဿနာရှိပါတယ်။ အမေရိကန်နိုင်ငံက အမျိုးသားတစ်ဦးမှာ မတူကွဲပြားတဲ့ အမြင်ရှိတာကို လူတွေက တန်ဖိုးထားလေ့ ရှိကြပေမယ့် အမျိုးသမီး ဆိုရင်တော့ မတူကွဲပြားတဲ့ အမြင်ရှိတာဟာ အတ္တကြီးတယ်၊ လမ်းလွဲနေတယ်လို့ ယူဆတတ်ကြပါတယ်။ ဒါ့အပြင် အများသဘောကို လိုက်ပါ ပြောင်းလဲခြင်းက အများကို နေရာပေးဖို့၊ ကူညီဖို့ ကြိုးစားခြင်းလည်း ဖြစ်နိုင်တာမို့ တံဆိပ်ကပ်၊ သတ်မှတ်ရာမှာ သတိထားကြဖို့ လိုတယ်လို့ ဝက်စ်လေယန်တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ ပို့ချသူ ပရော်ဖက်ဆာ စကော့ပလောက်စ်က ဆိုပါတယ်။










