နှစ်ကုန်ပိုင်းတွင် ရောက်ရှိမည့် ဘတ်စ်ကားသစ် ၆၅ စီးဖြင့် စတင်ပြေးဆွဲမည့် အမြန်ဘတ်စ်ကားလိုင်း စီမံကိန်းအတွက် လမ်း၏ ညာဘက်ယာဉ်ကြောအား အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် အဆင့်မြင့် SRT ယာဉ်လိုင်း၏ ယာဉ်စီးနင်းခအောက် လိုအပ်ပါက ဈေးလျှော့သွားရန် စီစဉ်ထားကာ ကိုယ်ပိုင်ယာဉ်များထက်ပင် သာလွန်သည့် အခြေအနေနှင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။Semi Bus Rapid Transit စနစ်အဖြစ် စတင်အကောင်အထည် ဖော်ဆောင်ရန် လုပ်ဆောင်ထားသည့် ရန်ကုန်ဘတ်စ်ကား အမြန်ယာဉ်လိုင်း စနစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လမ်း၏ ညာဘက်ယာဉ်ကြောအား အသုံးပြုသွားမည်ဖြစ်ပြီး ပုံမှန်ပြေးဆွဲနေသည့် ဘတ်စ်ကားများ အနေနှင့် အမြန်ဘတ်စ်ကား လာချိန်တွင် လမ်းဖယ်ပေးရမည်ဖြစ်သည်။ ထိုသို့ လမ်းဖယ်ပေးရန် ယာဉ်ထိန်းရဲများ၊ ကြီးကြပ်မှုများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။“အခု ပြေးဆွဲနေတဲ့ အဆင့်မြင့် SRT ယာဉ်လိုင်းက ကျပ် ၃၀၀ ထင်တယ်။ လိုအပ်ရင် သူ့ထက်လည်း လျှော့ချသွားဖို့ ရှိတယ်။ အခုစီးနေတဲ့ ကိုယ်ပိုင်ယာဉ်တွေထက် သာတဲ့ အခြေအနေနဲ့ ပြေးဆွဲပေးသွားမယ်။ အခု အချိန်မှာ လမ်းရဲ့ ညာဘက်ပဲ ရပေမယ့် လူကြိုက်များလာရင် လမ်းအလယ်နှစ်ကြောကို ယူသွားဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။လက်ရှိအချိန်တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပါဝင်ပြေးဆွဲနေသည့် အမြဲစိမ်း ယာဉ်လိုင်းနှင့် SRT ယာဉ်လိုင်းတို့ကို ခရီးသည်ပို့ဆောင်ရေးများ အဆင့်မြှင့်တင်နိုင်ရန် I-Pay ကတ်စနစ်ဖြင့် ပြေးဆွဲနေပြီး အမြဲစိမ်းယာဉ်လိုင်းသည် အခြေခံလူတန်းစားများ အများစု နေထိုင်ရာ မြောက်ဒဂုံအား အခြေပြု ပြေးဆွဲသဖြင့် I-Pay ကတ်နှင့် ကြိုတင်ငွေ ပေးချေလိုမှု မရှိသည့် ယာဉ်စီးနင်းသူများကြောင့် စီးနင်းသူနည်းပါးကာ လက်ရှိအချိန်တွင် သာမန်ယာဉ်လိုင်းများကဲ့သို့ စီးနင်းမှုအလိုက် ကျပ်ငွေဖြင့် ပေးချေနေရသည့် အနေအထားသို့ ပြောင်းလဲလိုက်ပြီဖြစ်သည်။ SRT ယာဉ်လိုင်းမှာမူ စီးနင်းသူ များပြားသည့်အတွက် လက်ရှိအချိန်အထိ I-Pay ကတ်စနစ်ဖြင့် ပြေးဆွဲနေသည်။ပြည်ထောင်စုအစိုးရက မ,တည်ငွေ ကျပ် ၁၀ ဘီလျံပါဝင်မည့် ရန်ကုန်ဘက်စ်ကား အများပိုင် ကုမ္ပဏီတွင် ရွှေသံလွင်၊ ရွှေတောင်နှင့် ဒိုင်းမွန်းစတား၊ Zayya & Associates နှင့် Fishery and Marine Products 2000 ၂၀၀၀ ကုမ္ပဏီများက စတင်တည်ထောင်သူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားထားသည်။စတင်တည်ထောင်ရန် ပြင်ဆင်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို အစိုးရ၏ မ,တည် ရင်းနှီးငွေကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ရင်နှီး မ,တည်ငွေကျပ် ၁၅ ဘီလျံ စုစုပေါင်း ၂၅ ဘီလျံဖြင့် စတင်တည်ထောင်မည်ဖြစ်သည်။ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် ကနဦး အနေဖြင့် အများပြည်သူသို့ ရောင်းချမည့် ရှယ်ယာတန်ဖိုး ကျပ် ၁၅ ဘီလျံ အနက် ကျပ် ၁၀ ဘီလျံကို အဆိုပါ လုပ်ငန်းရှင် ငါးဦးက ထည့်ဝင်မည်ဖြစ်သည်။“တစ်ဦးကို ရှစ်ရာခိုင်နှုန်းစီလောက် ပေးမယ်လို့ မှန်းထားတယ်။ နှစ်ဘီလျံစီပေါ့။ သူတို့က အကျိုးအမြတ်အတွက် အဓိကထားတာ မဟုတ်ဘူး။ တည်ထောင်လို့ရအောင် မ,တည်ပေးတာ ဖြစ်တဲ့အတွက် သူတို့ကို ဒီလောက်ပေးတာ။ အများပြည်သူကို ထုတ်ရောင်းတာကျတော့ အမြတ်ပေးမှ ဖြစ်မယ်။ ဒီဟာက စနစ်သစ်ဖြစ်တဲ့အတွက် ပြောလို့ မရသေးဘူး။ အများပြည်သူကို ထုတ်ရောင်းတာကကျတော့ သူတို့ကို အမြတ်ပေးရမှာ။ အမြတ်လိုချင်လို့ကို ဝင်တာကိုး။ သူတို့အတွက်လည်း အမြတ်ရအောင် လုပ်ပေးရမယ်။ တို့ကတော့ အနစ်နာခံမယ်သူရော။ အမြတ်လိုချင်တဲ့သူရော ဝင်လို့ရအောင် လုပ်နေတယ်” ဟု ရန်ကုန်ဘစ်ကား အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ဆိုသည်။ လတ်တလောတွင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီအား ကုမ္ပဏီမှတ်ပုံတင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။ မှတ်ပုံရရှိသည်နှင့် တစ်ပြိုင်နက် အများပြည်သူသို့ ရှယ်ယာထုတ်ရောင်းခြင်း စတင်မည်ဖြစ်ကြောင်း သိရသည်။ကုမ္ပဏီ၏ မ,တည်ငွေကို ကျပ် ၂၅ ဘီလျံဖြင့် စတင်ခြင်း ဖြစ်သော်လည်း ကျပ် ၁၀၀ ဘီလျံအထိ တိုးမြှင့်မည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။“လုပ်ငန်းတွေကတော့ အခု ကားထားမယ့် နေရာအတွက် ရွေးချယ်မှုတွေ လုပ်နေတယ်။ နောက်မော်တော်ယာဉ် ဥပဒေမှာ ဒီရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီက ပြေးဆွဲမယ့် အမြန်လမ်းအတွက် ဥပဒေမှာ ပါဝင်လာအောင် လုပ်နေတယ်။ မှတ်ပုံတင်ရပြီး ငါးလနဲ့ ခြောက်လကြားမှာ လုပ်ငန်းစတင်နိုင်ဖို့ မှန်းထားတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်း (BRT-Lite) ကို ပြေးဆွဲမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ လှိုင်သာယာ၊ ဒဂုံတက္ကသိုလ်၊ သီလဝါ အထူးစီးပွားရေးဇုန် လမ်းကြောင်းများ ပါဝင်ကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စီမံကိန်းအတွက် လမ်း၏ ညာဘက်ယာဉ်ကြောအား အသုံးပြုရန် ခွင့်ပြုချက် ရရှိခဲ့ပြီး အဆင့်မြင့် SRT ယာဉ်လိုင်း၏ ယာဉ်စီးခအောက် ဈေးလျှော့သွားရန် စီစဉ်ထားကာ ကိုယ်ပိုင်ယာဉ်ထက်ပင် သာလွန်သည့် အခြေအနေနှင့် ပြေးဆွဲပေးမည်










