အာဆင်နယ်ရဲ့ အနိုင်ရရှိမှုနှုန်း အနည်းဆုံးပြိုင်ဘက် မန်ယူကို ပရီးမီးယားလိဂ် အိမ်ကွင်း ငါးပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုးသစ် အီမရိတ်စ်မှာ တင်သွားမလား

အာဆင်နယ်ရဲ့ အနိုင်ရရှိမှုနှုန်း အနည်းဆုံးပြိုင်ဘက် မန်ယူကို ပရီးမီးယားလိဂ် အိမ်ကွင်း ငါးပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုးသစ် အီမရိတ်စ်မှာ တင်သွားမလား
Published 3 October 2015

ပရီးမီးယားလိဂ်မှာ အာဆင်နယ် အနိုင်ရရှိမှု အနည်းဆုံး ပြိုင်ဘက်က မန်ယူအသင်းပါ။ မန်ယူနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ် ၂၄ ရာခိုင်နှုန်းသာ အနိုင်ရခဲ့ပြီး လေးပွဲကစားမှ တစ်ပွဲနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အာဆင်နယ်က မန်ယူအသင်းကို အိမ်ကွင်း အီမရိတ်စ်မှာ လက်ခံ ကစားရမှာ ဖြစ်ပေမယ့် နောက်ဆုံး အိမ်ကွင်း လေးပွဲဆက် မန်ယူအသင်းကို အနိုင်မရခဲ့ပါဘူး။ ပရီးမီးယားလိဂ် ခေတ်မှာတော့ မန်ယူကို ပရီးမီးယားလိဂ် အိမ်ကွင်း ငါးပွဲဆက် အနိုင်မရတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ပတ် မန်ယူအသင်းကို အနိုင်မရခဲ့ရင်တော့ အာဆင်နယ် မှတ်တမ်းဆိုးသစ် တင်သွားမှာပါ။ အခြား စိတ်ဝင်စားစရာ ပွဲစဉ်ဖြစ်တဲ့ မာဆေးဆိုက် ဒ်ဒါဘီပွဲစဉ်မှာတော့ လီဗာပူးလ်ကို ပရီးမီးယားလိဂ် ကိုးပွဲဆက် အနိုင်မရခဲ့တဲ့ အဲဗာတန် အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရှာနိုင်မလား ကြည့်ရမှာပါ။
 
ခရစ္စတယ်ပဲလေ့စ် နှင့် ဝက်စ်ဘရွန်း
(၃-၁၀-၁၅ စနေည ၆း၁၅)
ယမန်နှစ်ရလဒ်  ပဲလေ့စ် ဝ-၂ ဝက်စ်ဘရွန်း
ဝက်စ်ဘရွန်းက လန်ဒန်မြေမှာ ကစားရတဲ့ ပွဲတွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန် ရတတ်တယ်။ လန်ဒန်မြေ နောက်ဆုံး ၁၄ ပွဲမှာ နှစ်ပွဲပဲ နိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရလည်း ပဲလေ့စ်ကိုပဲ ပိုကြိုက်တယ်။
နောဝစ်ချ် နှင့် လက်စတာ
(၃-၁၀-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု နောဝစ်ချ် ၄-၃ လက်စတာ
နောဝစ်ချ် ခြေတက်လာပြီး လက်စတာကတော့ ပြန်လည် ကျဆင်းလာပါတယ်။ အစဉ်အလာ အရလည်း လိဂ်ပွဲတွေ့ဆုံမှု ၁၀ ပွဲ မှာ နောဝစ်ချ် ခြောက်ပွဲနိုင်ပြီး တစ်ပွဲပဲ ရှုံးခဲ့တယ်။ နောဝစ်ချ်ကိုပဲ ပိုကြိုက်ပါတယ်။
မန်စီးတီး နှင့် နယူးကာဆယ်
(၃-၁၀-၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် မန်စီးတီး ၅-၀ နယူးကာဆယ်
နှစ်ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ မန်စီးတီး နိုင်ပွဲ ပြန်ရှာမယ့်အချိန်ပါ။ နယူးကာဆယ်က နိုင်ပွဲမရသေးသလို၊ မန်စီးတီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၄ ပွဲမှာလည်း ပွဲတိုင်း အနိမ့်ဆုံး နှစ်ဂိုးပေးရတယ်။ မန်စီးတီး ဂိုးပြတ်နိုင်မှာပါ။   
အက်စတွန်ဗီလာ နှင့် စတုတ်စီးတီး
(၃-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဗီလာ ၁-၂ စတုတ်စီးတီး
အက်စတွန်ဗီလာက ခံစစ်ပိုင်း အားနည်းလွန်းပြီး တစ်ပွဲနှစ်ဂိုးနှုန်း ဂိုးပေးနေရပါတယ်။ နောက်ဆုံး ခုနစ်ပွဲမှာ ငါးဂိုးသွင်းခဲ့တဲ့ စတုတ်စီးတီး တိုက်စစ်မှူး ဂျု့ဖ်ကို တားဆီနိုင်ဖို့မလွယ်ပါဘူး။ စတုတ်စီးတီး သရေနဲ့အနိုင်ပါ။    
ဘုန်းမောက် နှင့် ဝက်ဖို့ဒ်
(၃-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဘုန်းမောက် ၂-၀ ဝက်ဖို့ဒ်
ဂိုးမြူးနေတဲ့ တိုက်စစ်မှူး ဝီလ်ဆင် ဒဏ်ရာရသွားလို့ ဘုန်းမောက် ခြေစွမ်းပိုင်းသာမက စိတ်ဓာတ်ပိုင်းပါ ယိုင်သွားနိုင်တယ်။ ဒီးနီ၊ အီဂါလို တိုက်စစ်အတွဲ အလုပ်ဖြစ်နေတဲ့ ဝက်ဖို့ဒ်ကို ရွေးချင်ပါတယ်။ 
ဆန်းဒါးလန်း နှင့် ဝက်စ်ဟမ်း
(၃-၁၀-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဆန်းဒါးလန်း ၁-၁ ဝက်စ်ဟမ်း
ဆန်းဒါးလန်း သုံးပွဲဆက် ရှုံးထားပြီး ဂိုးပေါက်လည်း ပျောက်ဆုံးနေတယ်။ ဝက်စ်ဟမ်းကတော့ အကောင်းဆုံး ခြေစွမ်းရနေပြီး အဝေးကွင်းမှာလည်း သုံးပွဲဆက် နိုင်ထားပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာ ဝက်စ်ဟမ်း အဝေးကွင်း လေးပွဲဆက်နိုင်တာ မရှိဖူးပေမယ့် ဝက်စ်ဟမ်းကိုပဲ ရွေးချယ်ရမှာပါ။   
ချယ်လ်ဆီး နှင့် ဆောက်သမ်တန်
(၃-၁၀-၁၅ စနေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် ချယ်လ်ဆီး ၁-၁ ဆောက်သမ်တန်
ချယ်လ်ဆီးက ခံစစ်မှာ အသင်းခေါင်းဆောင် တယ်ရီကိုအရန်ခုံပို့ပြီး အလှည့်အပြောင်း လုပ်ပေမယ့် ထူးထူးခြားခြား တိုးတက်မလာပါဘူး။ ဒီယေဂိုကော်စတာကလည်း ပွဲပယ်ခံထားရတုန်းပဲ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ခေတ်မှာ ဆောက်သမ်တန်ကို မရှုံးဖူးတဲ့ အစဉ်လာကို ချယ်လ်ဆီး ဆက်ထိန်းနိုင်မှာပါ။    
အဲဗာတန် နှင့် လီဗာပူးလ်
(၄-၁၀-၁၅ တနင်္ဂနွေ ည ရး၀၀)
ယမန်နှစ်ရလဒ်  အဲဗာတန် ဝ-၀ လီဗာပူးလ်
အဲဗာတန်က အိမ်ကွင်းနောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို အနိုင်ကစားထားပါတယ်။ လီဗာပူးလ်ကတော့ နိုင်ပွဲရဖို့ ရုန်းကန်နေရတယ်။ အစဉ်အလာအရ အဲဗာတန် အကောင်းဆုံး အချိန်တွေမှာတောင် လီဗာပူးလ်ပဲ အသာစီး ရတတ်ပေမယ့် အဲဗာတန်ကို ပိုကြိုက်နေတယ်။     
အာဆင်နယ် နှင့် မန်ယူ
(၄-၁၀-၁၅ တနင်္ဂနွေ ည ၉း၃၀)
ယမန်နှစ်ရလဒ်  အာဆင်နယ် ၁-၂ မန်ယူ
အာဆင်နယ် ဘယ်တောင်ပံက အလက်ဆစ်ဆန်းချက်ဇ် ဂိုးသွင်းခြေ တွေ့လာတာက ခံစစ်ညာအစွန် မတည်မငြိမ် ဖြစ်နေတဲ့ မန်ယူအသင်းအတွက် စိုးရိမ်စရာပါ။ ဒါပေမဲ့ မာရှယ်လ်၊ မာတာတို့ ခြေစွမ်းပြနေတဲ့ မန်ယူအသင်းက အာဆင်နယ်နဲ့ အပြန်အလှန် ဂိုးသွင်းနိုင်ပါတယ်။ သရေကျဖို့ များပါတယ်။
ဆွမ်ဆီး နှင့် စပါး
(၄-၁၀-၂၀၁၅ တနင်္ဂနွေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ဆွမ်ဆီး ၁-၂ စပါး
ဂိုမစ်၊ အာယူးတို့ ခြေစွမ်းပျောက်ဆုံး သွားကတည်းက ဆွမ်ဆီး ရလဒ်ပိုင်းလည်း ကျဆင်းလာတယ်။ စပါးကတော့ ခံစစ်၊ တိုက်စစ် ဘက်စုံ တိုးလာပြီး နိုင်ပွဲဆက်နေပါတယ်။ စပါး သရေနဲ့ အနိုင်ပါ။