မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွ့ဲမှ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့် ဂျပန်အာမခံ ကုမ္ပဏီများတွင် ပြည်တွင်းထက် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသာ အာမခံထားရှိမှု အများဆုံးဖြစ်ကြောင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့သည့် ဂျပန်အာမခံ ကုမ္ပဏီများထံမှ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြား ကုမ္ပဏီများသည် အဆောက်အအုံ ဆောက်လုပ်စဉ် ကာလအတွင်း ထားရှိသည့် အာမခံ အမျိုးအစားနှင့် မီးအာမခံ အမျိုးအစားတို့ကို ထားရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။အထူးစီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ကို နိုင်ငံခြား အာမခံ ကုမ္ပဏီများအနက် ဂျပန်အာမခံ ကုမ္ပဏီသုံးခုကို ၂၀၁၅ ခုနှစ် မေ ၂၅ ရက်တွင် ဌာနေကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ်ခွင့် ပြု ထားရာမှ ပထမဆုံး အနေဖြင့် လုပ်ငန်းလိုင်စင် ပေးအပ်ခဲ့ကြောင်း သိရသည်။လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော အထူးစီးပွားရေး ဇုန်များဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေး ဇုန်များတွင် နိုင်ငံခြား အာမခံ ကုမ္ပဏီများကို ပထမဆုံး လုပ်ကိုင်ခွင့် ပြုခြင်းဖြစ်ကာ ဂျပန်အခြေစိုက် အာမခံ ကုမ္ပဏီသုံးခုက သီလဝါ အထူးစီးပွားရေးဇုန်တွင် ပထမဆုံး လုပ်ကိုင်ခွင့် ရခြင်းဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ ဌာနေ ကိုယ်စားလှယ်ရုံးခွဲ လာဖွင့်ထားတာတော့ အများကြီး ရှိတာပေါ့။ ခုလောလောဆယ်မှာ ဂျပန် ကုမ္ပဏီတွေကိုပဲ လိုင်စင် ပေးထားတာ ဖြစ်တယ်။ အနောက်နိုင်ငံက ကုမ္ပဏီတွေကျတော့ အခုသတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ မညီသေးတော့ လျှောက်လို့ မရသေးဘူး” ဟု မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။အထူးစီးပွားရေး ဇုန်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများ အနေဖြင့် လိုင်စင်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးသွင်းရန် လိုအပ်ကာ နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ တစ်သောင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ထို့ပြင် အထူးစီးပွားရေး ဇုန်များတွင် လုပ်ငန်း လုပ်ကိုင်လိုသည့် နိုင်ငံခြား အာမခံကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက် ဖွင့်လှစ်ထားသည့် သက်တမ်း သုံးနှစ်ရှိရမည်ဖြစ်ကာ လုပ်ငန်းအတွေ့အကြုံ အနေဖြင့် လုပ်သက် အနည်းဆုံး နှစ် ၃၀ ရှိရမည် ဖြစ်ကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမည့် ပမာဏသည်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးဘီလျံရှိရန် လိုအပ်ကြောင်း သိရသည်။ပြည်တွင်းတွင် ဌာနေကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် အာမခံ ကုမ္ပဏီ ၁၉ ခုအထိ ရှိကြောင်း သိရသည်။ အနောက်နိုင်ငံမှ ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်ထားသည့် ကုမ္ပဏီများ အနေဖြင့်လည်း လုပ်ငန်း လုပ်ကိုင်ခွင့်ရရန် ဆောင်ရွက်လျက်ရှိကာ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက်မှသာ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ခုဖြစ်သော ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက် ဖွင့်လှစ်ထားသည့် သက်တမ်း သုံးနှစ်နှင့် မညီသောကြောင့် လုပ်ကိုင်ခွင့် ရရှိရန် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀ ကျော် ခွင့်ပြုပေးထားပြီး နိုင်ငံတကာမှ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း၄၀၀ ကျော် မြှုပ်နှံထားကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် အာမခံ လုပ်ကိုင်ခွင့်ရ ဂျပန်ကုမ္ပဏီများတွင် ပြည်တွင်းထက် နိုင်ငံခြား ကုမ္ပဏီများသာ အာမခံ အများဆုံးထားရှိ










