အိန္ဒိယဘက်မှ အဝယ်လိုက်ခြင်း၊ ပြည်တွင်းလက်ကျန် နည်းနေခြင်းတို့ကြောင့် မတ်ပဲဈေး တစ်တန်လျှင် ကျပ် ၂၃ သိန်းကျော်ဖြင့် စံချိန်တင် ဈေးရရှိ

အိန္ဒိယဘက်မှ အဝယ်လိုက်ခြင်း၊ ပြည်တွင်းလက်ကျန် နည်းနေခြင်းတို့ကြောင့် မတ်ပဲဈေး တစ်တန်လျှင် ကျပ် ၂၃ သိန်းကျော်ဖြင့် စံချိန်တင် ဈေးရရှိ
Published 2 October 2015
နီလာ

အိန္ဒိယဘက်မှ အဝယ်လိုက်ခြင်း၊ ပြည်တွင်း လက်ကျန်နည်းခြင်း စသည်တို့ကြောင့် မတ်ပဲဈေးမှာ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း တစ်တန်လျှင် ကျပ်၂၃ သိန်းကျော်ဖြင့် စံချိန်တင် ဈေးရရှိနေကြောင်း  သိရသည်။“မတ်ပဲဈေးက ဒီနေ့ (အောက်တိုဘာ ၂ ရက်) ဆိုရင် မတ်ပဲ FAQ က ၂၁၅၀၀၀၀ လောက် ရှိတယ်။ SQ ကတော့ ၂၃၅၀၀၀၀ လောက် ရှိပါတယ်။ ပဲဈေးတက်တဲ့ အထဲမှာ အဓိက,က မတ်ပဲပါပဲ။ ပဲစင်းငုံကတော့ ၁၇ သိန်း၊ ၁၈ သိန်းလောက်ပဲ အရောင်းအဝယ် ရှိပါတယ်။ ပဲတီစိမ်းကတော့ ၁၄ သိန်း၊ ၁၅ သိန်းလောက် ရှိပါတယ်” ဟု  မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။“အဓိက,က အိန္ဒိယဘက်က ဝယ်ယူမှု ဆက်များလာလို့ရယ်၊ ပြည်တွင်းလက်ကျန် နည်းတာရယ်၊ ဆုံလာတဲ့ အခါကျတော့ မတ်ပဲဈေးက ထင်မှတ်မထားလောက်အောင် တက်သွားတဲ့ သဘောပါ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ပြောကြားသည်။စက်တင်ဘာ ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ၁၄၄၀၀၀၀ ကျပ်၊ SQ တစ်တန်လျှင် ၁၅၉၀၀၀၀ ကျပ်၊ စက်တင်ဘာ ၂၂ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၅၄၅၀၀၀၊ SQ တစ်တန်လျှင် ၁၆၇၅၀၀၀ ကျပ်၊ အောက်တိုဘာ၂၉ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၈၅၀၀၀၀၊ SQ တစ်တန်လျှင် ၁၉၄၀၀၀၀ ကျပ် ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂၀၃၀၀၀၀၊ SQ တစ်တန်လျှင် ၂၁၇၃၀၀၀ ကျပ် ဈေးအထိ ရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။“အိန္ဒိယက စက်တင်ဘာ Crop တော့ စထွက်ပြီ။ ဒါပေမဲ့ ပွဲထွက်နည်းတယ်လို့ သုံးသပ်လို့ရတယ်။ ဒုတိယ အချက်က သူတို့ဆီမှာ ပွဲတော်ရှိနေတော့ ပဲအဝယ်များတယ်။ နောက်တစ်ခုက ပြည်တွင်းမှာ ပဲလက်ကျန် နည်းတာရယ်ကြောင့် ပဲဈေးက စံချိန်တင် တက်လာတာပေါ့။  တကယ်တမ်း ပဲကို နိုင်ငံခြားကို စပို့ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စံချိန်တင် ဈေးရရှိခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဦးမင်းကိုဦးက ဆက်လက် ပြောကြားခဲ့သည်။ပြည်တွင်းလက်ကျန် အနေအထားမှာ မတ်ပဲတန်ချိန် တစ်သောင်းခန့်သာ ကျန်တော့ပြီး ပဲစင်းငုံမှာ တန်ချိန်တစ်ထောင်ခန့်နှင့် ပဲတီစိမ်းမှာ တန်ချိန်၂၀၀၀၊ ၃၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။အလားတူ မြန်မာနိုင်ငံမှ ပဲကို အီးယူ ဈေးကွက်သို့လည်း တင်ပို့လျက်ရှိရာ အီးယူ ဈေးကွက် အခြေအနေနှင့် ပတ်သက်ပြီး “အီးယူဘက်က အဝယ်ရှိပါတယ်။  ဒါပေမဲ့ အီးယူကို ရောင်းဖို့ကျတော့ ခရမ်း၊ သုံးခွဘက်က  ပဲတီစိမ်းရွှေဝါပေါ်တဲ့ အချိန်ကျမှပဲ ရောင်းလို့ရမယ်။ အီးယူကတော့ တစ်နှစ်ကို တန်ချိန် တစ်သောင်းဖြစ်ဖြစ် နှစ်သောင်းဖြစ်ဖြစ် မှာတဲ့အခါ ရောင်းတာပေါ့။ သူတို့ သတ်မှတ်တဲ့ အရည်အသွေးကို မီအောင်လုပ်ပေးမှပဲ သူတို့က ဝယ်တာပေါ့။ အဲဒီတော့ အီးယူကို ထပ်ပြီး ရောင်းဖို့ကတော့ ၂၀၁၆ ပဲသစ်ပေါ်မှပဲ ရောင်းနိုင်မှာပါ” ဟု ပဲကုန်သည် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။          

Most Read

Most Recent