ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် ကာဆီးလက်စ် မဲအပြတ်အသတ် အသာရပြီး ရွေးချယ်ခံရ

ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် ကာဆီးလက်စ် မဲအပြတ်အသတ် အသာရပြီး ရွေးချယ်ခံရ
Published 30 September 2015

ပေါ်တိုအသင်း၏ စပိန် လက်ရွေးစင်ဂိုးသမား ကာဆီးလက်စ်သည် နာမည်ကြီး ဘောလုံး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Goal.com မှ စစ်တမ်း ကောက်ယူခဲ့သည့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် မဲ အပြတ်အသတ် အသာရပြီး ရွေးချယ်ခံခဲ့ရသည်။ ကမ္ဘာအနှံ့ရှိ စာဖတ် ပရိသတ် ငါးသောင်းကျော်၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဥရောပဖလားကို ၁၉၉၂-၉၃ ရာသီတွင် ချန်ပီယံလိဂ် အဖြစ်အမည် ပြောင်းလဲပြီးနောက် ကစားခဲ့သည့် ဂိုးသမားများထဲမှ ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။
ကာဆီးလက်စ်သည် မဲစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှ အီတလီ ဝါရင့်ဂိုးသမား ဘူဖွန်က ၁၉ ရာခိုင်နှုန်း၊ မန်ယူနှင့် ဒိန်းမတ် လက်ရွေးစင် ဂိုးသမားဟောင်း ရှမိုက်ကယ်က ၁၀ ရာခိုင်နှုန်းတို့ဖြင့် ဒုတိယ၊ တတိယနေရာများတွင် အသီးသီး ရပ်တည်ခဲ့သည်။ မန်ယူ ဂိုးသမားဟောင်း ဗန်ဒါးဆား (နယ်သာလန်) က ၉ ရာခိုင်နှုန်း၊ ဘိုင်ယန် ဂိုးသမားဟောင်း အိုလီဗာခန်း(ဂျာမနီ)က ၈ ရာခိုင်နှုန်း၊ ပီတာချက်(ချက်) က ၇ ရာခိုင်နှုန်း၊ နူအာ (ဂျာမနီ)က ၆ ရာခိုင်နှုန်း၊ အေစီမီလန် ဂိုးသမားဟောင်း ဒီဒါ (ဘရာဇီးလ်)က ၄ ရာ ခိုင်နှုန်းနှင့် ဗဲလ်ဒက်စ်(စပိန်)က ၃ ရာခိုင်နှုန်း ရရှိခဲ့ကြသည်။