ဘရူနိုင်းနှင့် ယှဉ်ပြိုင် ကစားရမည့်ပွဲတွင် ပရိသတ် မပါရှိခြင်းမှာ အသင်းအတွက် အမှန်တကယ် နစ်နာစေကြောင်း မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြား

ဘရူနိုင်းနှင့် ယှဉ်ပြိုင် ကစားရမည့်ပွဲတွင် ပရိသတ် မပါရှိခြင်းမှာ အသင်းအတွက် အမှန်တကယ် နစ်နာစေကြောင်း မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြား
Published 29 September 2015

အာရှခြေစစ်ပွဲဝင်  မြန်မာ ယူ-၁၉အသင်းသည် စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဘရူနိုင်း ယူ- ၁၉ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ သို့သော် မြန်မာ ယူ-၁၉ အသင်းသည် အာရှဘောလုံး အဖွဲ့ချုပ်(AFC)မှ ချမှတ်ထားသည့် အိမ်ကွင်းတစ်ပွဲ  ကွင်းပိတ် ပြစ်ဒဏ်ကြောင့် ယင်းပွဲကို ပရိသတ်မပါဘဲ ကစားရမည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဖြစ်သူ ဂတ်ဖရိုင်းဒရစ်(ဂျာမနီ)က ယင်းကဲ့သို့ ပရိသတ် မပါဘဲ ကစားရခြင်းမှာ မိမိတို့အသင်း အတွက် အမှန်တကယ် နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဂတ်ဖရိုင်းဒရစ်က “ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ပရိသတ်တွေရဲ့အားက အများကြီး အရေးပါ,ပါတယ်။ ဘရူနိုင်းနဲ့ ကစားရမယ့် ပွဲဟာ အဖွင့်ပွဲပါ။ ပြိုင်ပွဲတစ်ခုမှာ အဖွင့်ပွဲဆိုတာဟာ အသင်းတိုင်းအတွက် အလွန် အရေးကြီးပါတယ်။ အဲဒီလိုပွဲကို ပရိသတ်မပါဘဲ ကစားရတာဟာ အဲဒီအသင်းအတွက် အလွန်နစ်နာပါတယ်။ အခုလည်း ဘရူနိုင်းနဲ့ပွဲကို ပရိသတ်မပါဘဲ ကစားရတဲ့အတွက် ကျွန်တော်တို့အသင်း အမှန်တကယ် နစ်နာမှု ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ဘရူနိုင်းနဲ့ပွဲမှာ ကျွန်တော်တို့ ခြေစွမ်းကောင်း ပြနိုင်ခဲ့ရင် လက်ကျန်ပွဲတွေမှာ ပရိသတ်တွေ တစ်ခဲနက် အားပေးကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို လက်ကျန်ပွဲတွေကို ပရိသတ်တွေ ကွင်းလုံးပြည့် လာအားပေးမယ်ဆိုရင် ဒီပရိသတ်တွေရဲ့အားနဲ့ ကျွန်တော်တို့အသင်း ခြေစစ်ပွဲ အောင်မြင် မယ်လို့ ယုံကြည်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
AFC သည် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲဝင် အသင်း ၄၃ သင်းကို အုပ်စု ၁၀ ခု ခွဲခြားထားပြီး အုပ်စုပထမ ၁၀ သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရ ငါးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ခြေစစ်ပွဲ အုပ်စု(G)တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော တို့နှင့်အတူ ကျရောက်နေပြီး ယင်းပွဲစဉ်များကို အိမ်ရှင်အဖြစ် ကျင်းပနေခြင်း ဖြစ်သည်။