ရွှေတောင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်သည့် ‘အသက်ကို အသက်ထက် ပို၍ချစ်သည်’ ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊မင်္ဂလာ၊ မင်္ဂလာ စံပြ၊ Top၊ Royals၊ Junction Square & Mawtin ရုံများ၊ မန္တလေးမြို့ရှိ ဝင်းလိုက်၊ မြို့မ ရုပ်ရှင်ရုံများ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံ၊ မြိတ်မြို့ရှိ မင်္ဂလာရုံ၊ ဘားအံမြို့ရှိ တက်နေဝန်း ရုပ်ရှင်ရုံ၊ တောင်ကြီးမြို့ မြသုခ ရုပ်ရှင်ရုံ၊ လားရှိုးမြို့ရှိ အေးသီတာနှင့် အောင်သီရိ ရုပ်ရှင်ရုံများ၊ ပြင်ဦးလွင်မြို့ရှိ Movie Planetရုံနှင့် ပုသိမ်မြို့ရှိ ရွှေပြည်သာ ရုံများတွင် တစ်ပြိုင်နက် ရုံတင်ပြသထားသည်။
မိုးမြင့်ဖြူသည် ဦးလေးဖြစ်သူ လူပျိုကြီး ဒေါက်တာတင်မောင်လေး အိမ်တွင်နေကာ ရန်ကုန်၌ တက္ကသိုလ် တက်နေသူဖြစ်သည်။ မေသက်မောင်ကမူ အဘိုးအဘွားများ ဝယ်ပေးထားသည့် အိမ်ကို အဆောင်သဖွယ်ေ နထိုင်ရင်း ရန်ကုန်တွင် တက္ကသိုလ် လာတက်နေသူ ဖြစ်သည်။ တက္ကသိုလ်တွင် တွေ့ဆုံကြသည့် မိုးမြင့်ဖြူနှင့် မေသက်ခင်တို့သည် တစ်ဦးကိုတစ်ဦး အလွန်ချစ်ကြသည့် ချစ်သူများ ဖြစ်ခဲ့ကြသည်။ တစ်ရက်တွင် မေသက်မောင်အား မိုးမြင့်ဖြူက အိမ်ပြန် လိုက်ပို့ရာတွင် မေသက်မောင်၏ အစ်ကို ဝေသက်မောင်နှင့် တွေ့ဆုံခဲ့ပြီး ဝေသက်မောင်က မိုးမြင့်ဖြူကို ထိုးကြိတ်ကာ ညီမဖြစ်သူနှင့် ဝေးဝေးနေရန် ကြိမ်းမောင်းလွှတ်လိုက်သည်။
ဦးလေးဖြစ်သူ ဒေါက်တာ တင်မောင်လေးကို မိုးမြင့်ဖြူက ဝေသက်မောင်၏ ရန်လိုမှုကို ပြောရာ ဒေါက်တာ တင်မောင်လေးက သုခရိပ်မြုံနှင့် တော်ဝင်နန်းထိုက် မိသားစုနှစ်စု၏ မပြေနိုင်သည့် ရန်ငြိုးများ အကြောင်းကို ရှင်းပြတော့သည်။
သီပေါမြို့တွင် သုခရိပ်မြုံ မိသားစုသည် ချမ်းသာကြွယ်ဝပြီး အရှိန်အဝါ ကြီးသည့် မိသားစုဖြစ်သည်။ ယင်းမိသားစုတွင် ဦးလှရှိန်၊ ဒေါ်ငွေရှိန်နှင့် ဒေါ်ထားရှိန်တို့ မောင်နှမ သုံးယောက် ရှိသော်လည်း ဒေါ်ထားရှိန်မှာ မွေးစားသမီးသာ ဖြစ်သည်။
အသက်မကွာသည့် ထားရှိန်နှင့် ငွေရှိန်တို့ အရွယ် ရောက်လာချိန်တွင် ထားရှိန်နှင့် ချစ်ကြိုက်နေသည့် ဖေသက်ကို မိဘများက ငွေရှိန်နှင့် ပေးစားခဲ့သည်။ သို့သော် ထားရှိန်အပေါ် အချစ်မပြယ်ဘဲ အမြဲ တမ်းတနေသည့် ဖေသက်ကြောင့် အိမ်ထောင်ရေး အဆင်မပြေဘဲ နောက်ဆုံး၌ လမ်းခွဲခဲ့ကြတော့သည်။
ငွေရှိန်နှင့် အိမ်ထောင်ကွဲပြီးနောက် ဖေသက်နှင့် ထားရှိန်တို့ လက်ထပ်ခဲ့ကြသည်။ သို့အတွက် ငွေရှိန်သည် ထားရှိန်အပေါ် အမုန်းထားခဲ့ပြီး ဖေသက်ထက် သာသူကိုယူကာ မိသားစုနှစ်စုသည် အမုန်းဖြင့် ကွဲကြတော့သည်။ ဒေါ်ငွေရှိန်က သုခရိပ်မြုံ ခြံကြီးဖြင့် နေထိုင်သလို ဒေါ်ထားရှိန်တို့က တော်ဝင်နန်းထိုက် မိသားစုအဖြစ် ချမ်းသာမှု၊ လူရာဝင်မှုခြင်းတွင် အမုန်းဖြင့် ယှဉ်ပြိုင်နေသည့် မိသားစုများ ဖြစ်ခဲ့တော့သည်။
ဒေါ်ထားရှိန်၏သား ငြိမ်းမောင်သည် ဒေါ်ငွေရှိန်၏သား မောင်မောင်လတ်၏ ချစ်သူ တင်တင်နွယ်ကို ကြိုက်သည်။ ဒေါ်ငွေရှိန်ကို အနိုင်လိုချင်သည့် ဒေါ်ထားရှိန်က ငြိမ်းမောင်နှင့် တင်တင်နွယ်ကို လူကြီးချင်း ပေးစားရန် စီစဉ်သော်လည်း ဒေါ်ငွေရှိန်က တင်တင်နွယ်ကို ခေါ်ကာ သားဖြစ်သူ မောင်မောင်လတ်နှင့် လိုက်ပြေးစေသည့်အတွက် အမုန်းများ ပိုမို ပူပြင်းလာခဲ့သည်။
ထိုအမုန်းများသည် ဦးငြိမ်းမောင်နှင့် ခင်ခင်လေး၊ ဦးမောင်မောင်လတ်နှင့် ဒေါ်တင်တင်နွယ်တို့၏ သားသမီးများ ဖြစ်သည့် တင်မောင်လေးနှင့် စောမြင့်မူတို့ ချစ်သူများ ဖြစ်ခဲ့ချိန်တွင် ပိုမို လောင်ကျွမ်းလာခဲ့သည်။ စောမြင့်မူ သေဆုံးပြီး တင်မောင်လေးမှာ အရက်စွဲ ကျန်ခဲ့သူ ဖြစ်နေသည်အထိ ဒေါက်တာ တင်မောင်လေးက ရှင်းပြပြီး တားဆီးခဲ့သည်။ မိုးမြင့်ဖြူနှင့် မေသက်မောင်တို့က နှစ်ဖက်မိဘ၊ ဘိုးဘွားများ၏ ရန်ငြိုးကို ငြိမ်းအေးအောင် ကြိုးစားရာမှ ဖြစ်ပေါ်လာသည်များကို ရိုက်ကူးထားသည်။ အသက်ကို အသက်ထက်ပို၍ ချစ်သည်ဇာတ်ကား သည် ဆွေဆွေအောင်၏ ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်း ရေးဖွဲ့ထားကာ ရိုက်ညွှန်း ကိုအောင်ကြီးက ရေးဖွဲ့ထားပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က အောင်ရဲလင်း၊ ဖွေးဖွေး၊ သားညီ၊ ဆန်းထွဋ်၊ စိုးမြတ်သူဇာ၊ မေကဗျာ၊ ခိုင်နှင်းေ၀ စသည့် သရုပ်ဆောင်မ ျားစွာဖြင့် ရိုက်ကူးထားသည်။









