အာဆင်နယ်နှင့် ပွဲမှ ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ အပြုအမူများနှင့် ပတ်သက်၍ ဒိုင်အစီရင်ခံစာကို FA ပြန်လည်စစ်ဆေး

အာဆင်နယ်နှင့် ပွဲမှ ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ အပြုအမူများနှင့် ပတ်သက်၍ ဒိုင်အစီရင်ခံစာကို FA ပြန်လည်စစ်ဆေး
Published 22 September 2015

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့်ချယ်လ်ဆီး-အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှ ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာ၏ အငြင်းပွားဖွယ် အပြုအမူများနှင့် ပတ်သက်၍ ဒိုင်လူကြီး မိုက်ဒင်း၏ ပွဲပြီး အစီရင်ခံစာကို ပြန်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီယေဂိုကော်စတာသည် ယင်းပွဲတွင် အငြင်းပွားဖွယ် အပြုအမူများစွာ ပြုလုပ်ခဲ့ပြီး ပထမပိုင်း ပြီးခါနီး၌ အာဆင်နယ် နောက်ခံလူ ကိုစီယယ်လ်နီနှင့် အချင်းများရာမှ ၎င်းအား ခေါင်းဖြင့်တိုက်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ်က ဝင်ရောက် ဖျန်ဖြေရာ ၎င်းနှင့် ပြဿနာဆက်လက် ဖြစ်ပွားခဲ့ပြီး ဒိုင်လူကြီး မိုက်ဒင်းက နှစ်ဦးစလုံးကို အဝါကတ်ပြသခဲ့သည်။ သို့သော် ဒီယေဂို ကော်စတာမှာ ဂါဘရီယဲလ်အား ရန်စသည့် စကားများ ဆက်လက် ပြောဆိုခဲ့သောကြောင့်  ဂါဘရီယဲလ်က နောက်ပေါက် ပုံစံကန်ခဲ့ရာ မိုက်ဒင်းက အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ကော်စတာသည် ယင်းဖြစ်ရပ် မဖြစ်ပွားခင် ကိုစီယယ်လ်နီ၏ လည်ပင်းနှင့် မျက်နှာကို လက်ဖြင့်ရိုက်ခဲ့သော်လည်း အရေးယူခံရခြင်း မရှိဘဲ ဆက်လက် ကစားခွင့် ရရှိခဲ့ရာ မိုက်ဒင်း၏ ဆုံးဖြတ်ချက်အား အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက ဝေဖန်ခဲ့ပြီး ကျွမ်းကျင်သူများကလည်း ကော်စတာမှာ အနီကတ်ဖြင့် ထုတ်ပယ်ခံရသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ FA သည် ယင်းပွဲမှ ဖြစ်စဉ် များနှင့် ပတ်သက်၍ မိုက်ဒင်း၏ အစီရင်ခံစာကို စက်တင်ဘာ ၂၁ ရက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အပြစ်ရှိကြောင်း ထင်ရှားပါက သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ချယ်လ်ဆီး အသင်းနည်းပြ မော်ရင်ဟိုကမူ ကော်စတာမှာ ယင်းပွဲ၏ အကောင်းဆုံး ကစားသမားဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်ရပ်များ ဖန်တီးပေးသူဟု တုံ့ပြန်ပြောကြားထားသည်။