အချောင်ကိုရှောင်

အချောင်ကိုရှောင်
Published 22 September 2015
ဒေါက်တာခင်မောင်ညို

“ဆရာညို ဒါလေး ဖတ်ကြည့်ပါလား”
တစ်နေ့တွင် ကိုဘသစ်က ကျွန်တော့်ကို စာအုပ်တစ်အုပ် လာပေးသည်။ စာအုပ်အမည်က “ဦးဉာဏ၏ အတွေးအခေါ်များ” ဖြစ်သည်။
“ဒါရိုက်တာ ဦးဉာဏရေးထားတာပါ။ ဦးဉာဏဟာ စာရေးကောင်းပါပဲ။ ဒါပေမဲ့ သူဟာ ရုပ်ရှင်ဒါရိုက်တာ ဘက်မှာ  အောင်မြင်လို့ သူ့စာတွေကို ခုခေတ်လူတွေ မသိကြဘူး”
“သူ ဘာရေးတာလဲ”
“အတွေးအခေါ် စာပေလို့ ယူဆတာပဲ၊ ဖတ်ကြည့်လေ၊ ပထမအပုဒ်က ‘အချောင်ကို ရှောင်’ တဲ့”
သူပြောသော ပထမ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြည့်သည်။
အချောင်ကိုရှောင်
မြန်မာသည် အချောင် လိုက်တတ်သည်။
ကံအားလျော်စွာ ရပ်တည်ရာ ရ၍နေသော မြေကြီး၏ သြဇာဓာတ်နှင့် အဆင်ပြေသော ရာသီဥတု နွေမိုးဆောင်း ညီညွတ်မှုကြောင့် ကောက်ပဲ သီးနှံဝလံ သစ်ပင်တို့ စိမ်းစိုရွှင်လန်း သန်စွမ်း ကြီးထွား လူအင်အားကို များစွာ မသုံးရဘဲ ခပ်ချောင်ချောင် စားသောက် နေထိုင်ခွင့် ရလာခဲ့ကြသည်။
ဤသို့ အချောင်ရသော မြေပေါ်တွင်နေ၍ အချောင်ရသော ရာသီဥတု၏ ကောင်းမှုအပေါ်တွင် လူ ဖြစ်နေကြသည့်အတိုင်း အချောင်ဝါဒကြီး လွှမ်းမိုးကိန်းအောင်း နေကြသည်။
ရာဇဝင်ကို ကြည့်လိုက်လျှင် ရှင်ဘုရင်ကို သတ်ဝံ့ရုံနှင့် ရှင်ဘုရင် ဖြစ်နိုင်သော အလွန်ချောင်လှသည့် အခွင့်အရေး ရလာခဲ့သည်ကို တွေ့ရပြန်သည်။
ထိုကြောင့် ရာဇဝင်တွင် ရှင်ဘုရင်ကို သတ်၍ နန်းလုရေး ပညာအရည်အချင်း တစ်ခုနှင့် ပြည့်စုံလျှင် ရွှေနန်းရှင် ဘုရင် ဖြစ်လာကြ၍လည်း နိုင်ငံနှင့် တိုင်းသူပြည်သား အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်သော ဘုရင်ဟူ၍ ရှားရှားပါးပါး နိုင်လှသည်ကို တွေ့ရပေသည်။
ပထမစာမျက်နှာ ဤတွင်ပြီးသည်။
“ကောင်းတယ်ဗျ၊ ပထမ စာမျက်နှာနဲ့တင် အတော်ငြိသွားတယ်”
“နောက် စာမျက်နှာတွေက  ပိုပြီး အနှစ်အသားပါတယ်။ တကယ်တော့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တဲ့အချက်က ပထမ စာမျက်နှာက အချက်ပါပဲ၊ ကျွန်တော်တို့မှာ အချောင် လိုချင်တဲ့ရောဂါ ရှိနေကြ တယ်”
“အင်္ဂလိပ်စကားပုံရှိတယ်။ သင်စိုက်တာကိုသာ သင်ရိတ်သိမ်းရမယ် (You reap,what you sow) တဲ့”
“မှန်ပါတယ်။ အာဖရိက စကားပုံက ပိုလို့တောင် ကောင်းသေးတယ်။ သင်လေတွေကို စိုက်ထားရင် မုန်တိုင်းကိုပဲ ရိတ်သိမ်းရမယ် (If you sow the wind you will harvest a hurricane) တဲ့”
 “ဒါလည်းကောင်းတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အချောင်လိုချင်တယ်လို့ ဦးဉာဏက ပြောနေတာ ဘာကြောင့်လဲ”
“အချောင်ရခွင့်ကို လူတွေက ပေးတာကြောင့်ပေါ့ ကိုဘသစ်ရ ။ ခင်ဗျား စဉ်းစားကြည့် လေ။ ဘုရင်သတ်ရင် ဘုရင် ဖြစ်တယ်ပြောတဲ့ သမိုင်းကို ကြည့်ရင် တောင်သူကြီးမင်း ဖြစ်လာတာကိုကြည့်ရင် အဖြေကိုတွေ့မှာပဲ။ တောင်သူကြီးဟာ သူ့ယာထဲမှာ သခွားသီး လာခူးစားနေတဲ့ ဘုရင်ကိုတွေ့တော့ သူခိုးထင်လို တူရွင်း နဲ့ရိုက်လိုက်တာပဲ။ တောင်သူကြီးမင်းက အားကြီးတော့ ဘုရင်ငုတ်တုတ် သေပွဲဝင်သွားတာပဲ။ မှူးမတ်တွေလာတော့ သူကြောက်လန့် နေတာပေါ့။ ဒါဘုရင်ဆိုတော့ သူဘုရင် သတ်သူ ဖြစ်သွားတယ်။ ဒီတော့ သူ့ကို မှူးမတ်တွေက ဘုရင်သတ်သူ ဘုရင်လုပ်ရမယ်လို့ နန်းတော် ခေါ်သွား ဘုရင်မြှောက်တော့တာပဲ”
“ဆိုးတယ်။ လယ်ယာပဲ စိုက်တတ်တဲ့သူကို ဘုရင် မြှောက်တာတော့ ဆိုးတယ်။ သူ တကယ်တော့ ဘာလုပ်တတ်မှာလဲ”
“တတ်တတ် မတတ်တတ် ဘုရင် ဖြစ်လာတာပဲ။ ဒါကြောင့် ဦးဉာဏက မြန်မာ့သမိုင်းမှာ နိုင်ငံနှင့် တိုင်းသူပြည်သား အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်တဲ့ ဘုရင်ဟူ၍ ရှားရှားပါးပါးပဲ လို့ဆိုခဲ့တာပဲ”
“ဒီခေတ်ကတော့ ဘုရင်ခေတ် မဟုတ်တော့ဘူးလေ။ သမ္မတ ရှိတယ်။ လွှတ်တော် ရှိတယ်။ တရားရေးဌာန ရှိတယ်။ မဏ္ဍိုင်ကြီး သုံးရပ်က အုပ်ချုပ်နေတယ်”
“ကျွန်တော်လည်း ဒါကို ပြောချင်တာပါ။ ခု ရွေးကောက်ပွဲ ကျင်းပတော့မယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ချင်ကြတယ်။ သမ္မတလည်း ဖြစ်ချင်ကြတယ်။ အချောင်လိုက်ဖို့ ကြိုးစားသူတွေ အများကြီးပေါ့”
“ဒါတော့ ကိုဘသစ် မှားနေပြီ။ သမ္မတသတ်လို့ သမ္မတ မဖြစ်ဘူး။ လွှတ်တော် ကိုယ်စားလှယ် သတ်လို့ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ဘူးလေ”
“ဟုတ်ပါတယ်။ ကျွန်တော် ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် အရည်အသွေး ပြည့်ဝအောင် မကြိုးစားဘဲ အနိုင်ရမယ့် ပါတီထဲကိုဝင်ပြီး လှုပ်ရှားပြလိုက်ရင် ကိုယ်စားလှယ်လောင်း ဖြစ်လာမယ်လို့ ယူဆပြီး ပါတီထဲဝင် တဲ့ လူတွေကိုပြောတာပါ”
“အဲဒါ အချောင်လိုက်တာလား။ ပြည်သူက သူတို့ကို ရွေးတာမဟုတ်လား”
“ခင်ဗျားတို့ ခက်တယ်။ ကျွန်တော် သမိုင်းကနေ ရှင်းပါမယ်။ မြန်မာအစ တကောင်းက ဆိုတာ ကြားဖူးတယ် မဟုတ်လား”
“ကြားဖူးပါတယ်။ မြန်မာအစ တကောင်းက ပြောကြစဉ် အလာ၊ သာကီဝင်မင်း ဝင်ရောက်ခြင်း မင်းအဘိရာဇာ ဆိုတာကို ကြားဖူးဗျ”
“အဲဒီ အဘိရာဇာဘုရင် ကွယ်လွန်တော့ ကံရာဇာကြီးနဲ့ ကံရာဇာငယ်ဆိုတဲ့ သားတော် နှစ်ပါးအနက် တစ်ယောက်ကို နန်းတက် စေရမှာဖြစ်တယ်။ဒီတော့ မှူးမတ်တွေက သူတို့နှစ်ယောက်ကို မဏ္ဍပ်တစ်ဆောင်စီ တည်ဆောက်စေတယ်။ ကံရာဇာကြီးက သစ်ကြီးဝါးကြီးနဲ့ မဏ္ဍပ်ကို ခိုင်ခိုင်ခံ့ခံ့ ဆောက်တော့ အချိန်ကြာတယ်။ ကံရာဇာငယ်ကတော့ သစ်ငယ်ဝါးငယ်နဲ့ မဏ္ဍပ်ကို ပြီးစလွယ် ဆောက်တော့ လျင်မြန်စွာ ပြီးသွားတယ်။ ဒီတော့ ကံရာဇာငယ် မင်း ဖြစ်သွားတယ်”
“ဒီအကြောင်းကို သင်ရပါတယ်။ ဖြတ်ထိုးဉာဏ် လို့ခေါ်မှာလား၊ အချောင် လိုက်တယ်လို့ဆိုရမှာလား”
“တကယ်တော့ ကံရာဇာကြီးနဲ့ ကံရာဇာငယ်ဆိုတဲ့ မင်းသားနှစ်ပါးလုံး မမှားကြပါဘူး။ မှားတာက မှူးမတ်တွေပါပဲ။ သူတို့က အချောင်လမ်းစဉ်ကို ချပေးလိုက်သလို ဖြစ်သွားတယ်”
“အချောင်လမ်းစဉ် ဟုတ်လား”
“ဟုတ်ပါ့၊ ခွင် ချပေးလိုက်တာပေါ့။ ဒီလို ခွင် နောက်လိုက်တဲ့ လူတွေဟာ ခုခေတ်ထိ ပါလာတယ်။ အချောင် ရချင်တဲ့စိတ်ဟာ အုပ်ချုပ်တဲ့ သူတွေဆီ ရောက်သွားတာ မကောင်းဘူး”
“အင်း လွှတ်တော်ထဲမှာ တိုင်းရေးပြည်ရေး ဆွေးနွေးရမယ့်အစား ငိုက်နေ  အိပ်ပျော်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ တိုင်းပြည်အကျိုး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါ့မလားလို့ တွေးမိတယ်”
“ဒါကိုတော့ ကျွန်တော် သူတို့ဘက်ကနေ ပြောချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူတွေဟာ မူလက ဒီလိုဖြစ်လာဖို့ ရည်ရွယ် ထားကြသူတွေလည်း မဟုတ်ဘူး။ သူတို့မှာ ဒီမိုကရေစီ အလေ့အကျင့်တွေလည်း မရှိဘူး။ အချို့ကတော့ တက်ကြွသူ (Activists) တွေသာဖြစ်တယ်။ နိုင်ငံရေးကို ထဲထဲဝင်ဝင် နားမလည်ကြဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်တယ် ယူဆလို့ တစ်တပ်တအား ဝင်ကူကြတဲ့ သဘောတွေ ပါတယ်”
“ကျွန်တော် သဘော ပေါက်ပါတယ်။တပ်မတော် ကိုယ်စားလှယ်တွေဆိုလည်း တာဝန်အရ ရောက်လာကြတာပဲ၊ ရှည်လျားတဲ့ လွှတ်တော်အချိန်မှာ ငိုက်ကြမှာပဲ။ဒါပေမဲ့ ငိုက်တယ် မငိုက်ဘူးဆိုတဲ့ ပေတံနဲ့ မတိုင်းလိုပါဘူး။ ကျွန်တော်ဆိုလိုတာက သူတို့တစ်တွေဟာ တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်ဆိုတာပါပဲ”
“ဒါပေမဲ့ ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးအောက်မှာ အနှစ် ၅၀ လောက် ရောက်ခဲ့တယ် မဟုတ်လား”
“ခင်ဗျား ပြောတာကိုက အချောင်စိတ်ပဲ။ ကျွန်တော်တို့ ၂၀၁၀ ခုနှစ် ကနေ ၂၀၁၅  ခုနှစ်အထိ ငါးနှစ်တာ အတွင်းမှာ အများကြီး လေ့လာလို့ ရတာရှိတယ်။ နောက်ပြီး ခုဆက်ပြီး လွှတ်တော်ကိုယ်စားလှယ် လုပ်ဖို့ ဆန္ဒ ရှိသူတွေဟာလည်း လွန်ခဲ့တဲ့ ငါးနှစ် လောက်ကတည်းက နိုင်ငံရေးကို ထဲထဲဝင်ဝင် လေ့လာထားဖို့လိုတယ်”
“ဘယ်လို လေ့လာရမှာလဲ။ အလုပ်ထဲကနေ သင်ယူနေရတာပဲ မဟုတ်လား”
“မဟုတ်ဘူး ဆရာညို၊ သမိုင်းထဲကိုပဲ ခင်ဗျားကို ပြန်ခေါ်သွားမယ်။ ဝန်ဇင်းမင်းရာဇာလို့ ခေါ်တဲ့ ဖိုးရာဇာကို ကြားဖူးမှာပေါ့”
“ဝန်ဇင်း အသည်သားလို့လည်း ခေါ်တယ်”
“ဖိုးရာဇာဟာ မိတ္ထီလာနယ်က ဝန်ဇင်း ရွာသားပါ။ သူဟာ စာပေဗဟုသုတ သူ့ဘာသာသူ လေ့လာလိုက်စားတယ်။ အဲဒီခေတ်က သက်ဦးဆံပိုင်ခေတ်။ ဘုရင်က သတ်စေဆို သေရတဲ့ခေတ်။ မိတ္ထီလာကန် ကျိုးပေါက်တော့ ဘုရင်မင်းကြီး စွာစော်ကဲ လာရောက်ပြီး ကန်ကိုဆည်တယ်။ ဒီအခါ ကန်ပေါင်ပေါ်မှာ မိန်းမရုပ်နဲ့ နတ်ကွန်းတွေ့တယ်။ ဒါ ဘာနတ်ကွန်းလဲလို့ မေးတော့ ဘယ်သူမှ မဖြေနိုင်ဘူး။ ဒီ အခါ ဒီအနားမှာ အကြားအမြင် ဗဟုသုတများသူကို ခေါ်ကြလို့ ပြောတော့ အဲဒီ အသည်သား ဆိုတာ ရောက်လာတယ်။ ဘုရင်က မေးတော့ နတ်ကွန်းမဟုတ်ဘူး။ ပုဂံပြည့်ရှင် အနော်ရထာမင်း ဆည်လုပ်တော်မူစဉ်က ချစ်မြတ်နိုးတဲ့ မိဖုရားတစ်ပါး ဒီနေရာမှာ ဆုံးပါးသွားတယ်။ ဒီအတွက် ရွှေရုပ်ကို ကိုယ်စားထုကာ ထားခဲ့တယ်။ ဒီနေရာမှာ ခိုးသူဝှက်သူများ ယူမှာစိုးလို့ အထက်မှာ သစ်သားရုပ်သာ ထားပြီး မြေအောက်မှာ ရွှေရုပ်ရှိတယ်လို့ လျှောက်တယ်။ ဘုရင်ကတ ူးခိုင်းတော့ ရွှေရုပ်ကို တွေ့တယ်။ ဘုရင် မေးလိုရာမေးတာကို ဖြေနိုင်လို့ အမတ်ကြီး ခန့်တာပါပဲ”
“ဒီအကြောင်းကိုတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ဖိုးရာဇာဟာ ဘုရင်ကို အဘက်ဘက်က တော်တယ်၊ တတ်တယ်၊ ဒါကြောင့်လည်း မင်းတိုင်ပင် အမတ်ကြီးဖြစ်လာတာ စိတ်ဝင်စားစရာပါပဲ”
“သူက စာပေ လေ့လာလိုက်စားလို့ပေါ့။ ဒီဘက်ခေတ်မှာ ဖတ်စရာစာအုပ်တွေ အများကြီး။ အင်တာနက်ကနေလည်း သိစရာတွေ အများကြီးရှိတယ်။ လွှတ်တော် အားလပ်ချိန်မှာ စာအုပ်ဖတ်နေသူတွေ မတွေ့ဖူးဘူး။ ကျွန်တော် မတွေ့တာကို ပြောတာပါ။ အိုဘားမား အားလပ်ရက် ခရီးထွက်တဲ့အခါ စာအုပ် ခုနစ် အုပ် ဖတ်တယ်ဆိုပြီး စာအုပ်စာရင်းကို ထုတ်ပြန်တယ်”
“မြန်မာစာပေလည်း အတော်လေးကို ပြည့်စုံတယ် မဟုတ်လား။ ဗုဒ္ဓစာပေ တွေထဲမှာပါတဲ့  သူတော်ကောင်း တရား ခုနစ်ပါးဆိုရင် ခေါင်းဆောင်လုပ်မယ့် သူတိုင်း သိသင့်တာပေါ့”
“သဒ္ဓါ၊ စာဂ၊ သီလ၊ သုတ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ ဆိုတာ အရေးပါတယ်။ နာယကဂုဏ် ခြောက်ပါး။ မင်းကျင့်တရား ဆယ်ပါး၊ ရာဇသင်္ဂဟကျမ်း ဆိုတာလည်းရှိတယ်”
“ကိုဘသစ် ပြောတာ သဘော ပေါက်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်တွေက လက်လှမ်း မီဖို့တော့လိုတယ်”
“ဆန္ဒာဓိပတိပါဗျာ၊ လိုရင်ရတာပေါ့။ အနောက်တိုင်းက ရာဇသင်္ဂဟကျမ်းနဲ့တူတာ Machiavelli ရဲ့  The Prince ဆိုတာတွေကိုလည်း ဖတ်သင့်တာပေါ့။ ကမ္ဘာမှာ သင်မသေခင် ဖတ်သင့်တဲ့စာအုပ် ၁၀၀ ဆိုပြီးရှိတယ်”
“ကိုဘသစ်ပြောတာ အတော်လေး ရှင်းပါတယ်။ ဒါပေမဲ့ ဆန္ဒတွေ စောနေမလားလို့ပါ။ ကျွန်တော်တို့က ခုမှ ကူးပြောင်းကာစ မဟုတ်လား။ အားလုံးက အချောင်လိုချင် နေကြသေးတယ်လေ”
“ဒါကို သတိပြုမိကြမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှု စာရင်းပြဖို့  မဲခွဲတာ ရှုံးတယ်။ လစာ ၁၀ သိန်းပေးဖို့ မဲခွဲတာကတော့ သဘောတူကြတယ်”
“ဟုတ်ပါ့၊ လစာ ၁၀ သိန်းပေးသင့်သလို ပိုင်ဆိုင်မှု စာရင်းတွေလည်း တင်သင့်ပါတယ်”
“ခင်ဗျားကို ပေးထားတဲ့ ဦးဉာဏစာအုပ်မှာ သူတို့ခေတ်က ကျောင်းသားတွေ ဆန္ဒပြလို့ ဟယ်ရီတန်ဆိုတဲ့ ခုနစ်တန်း ကျောင်းသား သေသွားတယ်။ ဒီအခါ အစိုးရစစ်ဖြစ်တဲ့ ခုနစ်တန်းကို လူတိုင်း အအောင်ပေးလိုက်တာ ကို ရေးထားသေးတယ်”
“ဟုတ်ပါ့။ မကြိုးစားဘဲ အချောင်နည်းနဲ့တော့ ကမ္ဘာ့ ရင်ပေါင်တန်း မလိုက်နိုင်တာ သေချာပါတယ်”
“ထူးထူးခြားခြား ရေသားထားတာကတော့ သားသမီးနဲ့ မိဘအကြား အချောင်လိုက်တဲ့ဝါဒကို စွန့်လွှတ်ကြောင်း ရေးထား တယ်။ ဘယ်လိုကြောင့် တာဝန်မယူတာလဲ”
“အချောင်စိတ် မဝင်စေဖို့တဲ့။ အချောင်စိတ် မရှိမှ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူစိတ် ရှိမယ်။ ဒီတော့မှ ကမ္ဘာနဲ့ ရင်ပေါင်တန်း တိုးတက်မယ်တဲ့။ ကဲအချိန်လည်း နှောင်းနေပြီ။ ပြန်တော့မယ်”
ကိုဘသစ် ဒဂုံမြို့သစ်ကို ပြန်ရပေဦးမည်။
“ဟုတ်ကဲ့။ ကိုဘသစ်ဆီက နိဂုံးစကားလေး ကြားချင်သေးတယ်”
“ကျွန်တော် ပြောချင်တာက မှန်ကန်တဲ့ စိတ်ဓာတ်၊ တာဝန်ယူတဲ့ စိတ်ဓာတ်ပါပဲ၊ ကျွန်တော်တို့ အစိုးရဟာ ဘာတာဝန်မှ မယူနိုင်ဘဲ နိုင်ငံခြားက သဘောတူညီမှု စာချုပ်တွေကို တစ်ခုပြီးတစ်ခု ထိုးနေတာတွေ ရှိတယ်။ ဒါ တွေကို ဆင်ခြင်ဖို့လိုတယ်။ လက်မှတ် ထိုးထားရင် တာဝန်လည်းယူရပါမယ်။ အလုပ်တစ်ခုကို ခိုင်းလိုက်ရင် ခိုင်းတဲ့သူပါ တာဝန်ရှိတာကို မမေ့ဖို့လည်း ပြောချင်တယ်”။

Most Read

Most Recent