အိုမင်းခြင်း၊ အိုရီရင့်ကလပ်နှင့် နိုဝင်ဘာ ၈

အိုမင်းခြင်း၊ အိုရီရင့်ကလပ်နှင့် နိုဝင်ဘာ ၈
Published 21 September 2015
ရဲခေါင်မဲမောင်

(၁)
ဇူလိုင်လ ၉ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးနှင့်ပတ်သက်၍ “၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများမှာ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအဖြစ် ကျင်းပနိုင်စေဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုအပ်ပါတယ်” ဟု ပြောကြားသွားသည်ကို ပြည်သူများ ကြားသိလိုက် ရပါသည်။
(၂)
နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်၏ စတုဒိသာ အလှူပွဲကြီးတစ်ခုကို (၁၈-၇-၂၀၁၅) ရက်  နံနက်က မြောင်းမြမြို့ ရွှေသာလျောင်း ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုအလှူပွဲသို့ အားကစားဝန်ကြီး ဦးတင့်ဆန်း၊ လဝက၀န်ကြီး ဦးခင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုနှင့် စသည့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ထိုအလှူပွဲတွင် လူတစ်စုက လုံခြုံရေး တပ်ဖွဲ့ဝင်များ ထူထပ်စွာ ချထားသည့်ကြားမှနေကာ NLD ပါတီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်ထားသည့် စာရွက်များနှင့် တိပ်ခွေများအား အေးအေးဆေးဆေး အနှောင့်အယှက် ကင်းကင်း ဆန့်ကျင် တားမြစ်မှုမရှိဘဲ ပြည်သူလူထုသို့ လိုက်လံ ဝေငှခဲ့လေသည်။ အဆိုပါ လိုက်လံဝေငှသော စာရွက်များထဲနှင့် ဗွီစီဒီအခွေများထဲတွင်
“ပြည်သူလူထု အများစုမှာ အမျိုးသားရေး ဘင်္ဂါလီရိုဟင်ဂျာအရေး မတွေးတောဘဲ ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည် ဟူသောအချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံ ရွေးချယ်လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာ သာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန် အန္တရာယ်များ ကျရောက်လာနိုင်ပါသည်။ အစရှိသည့် ဘာသာရေး လူမျိုးရေးနှင့် တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုကို ထိခိုက် နစ်နာစေနိုင်သော အချက်အလက်များ ပါဝင်နေပါသည်။
အဆိုပါ စာရွက်များ ဖြန့်ဝေခြင်းကိစ္စနှင့် ပတ်သက်၍ စာရွက်များ ဖြန့်ဝေခဲ့သူများက “စာရွက်အတွင်း မည်သည့် အကြောင်းအရာများကို ရေးသားထားခြင်းအား မသိရှိကြောင်းနှင့် လာရောက် ဖြန့်ဝေခိုင်းသူကိုလည်း မမှတ်မိကြောင်း ပြောကြားကြသည်။ ထို့အတူပင် မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း ၎င်းတို့ ပါတီက ဖြန့်ဝေခိုင်းခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
(၃)
(၂-၇-၂၀၁၅) ရက်နေ့ နံနက် (၀၀း၅၀) နာရီအချိန်က ဘားအံမြို့နယ် ဘားအံ-အိန္ဒုကားလမ်း နံဘေးရှိ အိနဲ္ဒကျေးရွာ၌ ရက်ရက်စက်စက် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူမှာ ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာ NLD ဥက္ကဋ္ဌ ဦးစောဂျော်နီဖြစ်သည်။ လူသတ်သမားများက ဦးစောဂျော်နီကို သေနတ်ဖြင့် မသေမချင်း ရှစ်ချက်ပစ်ကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။ ဦးစောဂျော်နီမှာ ဒေသအတွင်းရှိ လယ်ယာ မြေပြဿနာ အငြင်းပွားမှုများကို ကူညီဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး ဆန့်ကျင်သူတစ်ဦး လည်းဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဘားအံမြို့နယ် NLD အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးမောင်မောင်က “ဒီကိစ္စ အမှုမှန်ပေါ်ပေါက်လာအောင် ကျွန်တော်တို့ဘက်ကလည်း ကြိုးစား ဆောင်ရွက်နေပါတယ်။
ဒီ ကိစ္စဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာပဲ။ ရပ်ရွာမှာ လုံခြုံမှုမရှိဘူး။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ ကျေးရွာတွေမှာ နေတဲ့သူတွေဟာ ဒီလိုဖြစ်ရပ်မျိုးဖြစ်လာရင် နောက်ဆို ကျွန်တော်တို့က ဘယ်လိုဖြစ်တော့ မလဲ။ နောက်ဆို မတရားမှုတွေ လုပ်သမျှကို ရင်စည်းခံနေရမလား။ မ တရားလုပ်တာတွေကို ကူညီ ဆောင်ရွက်တဲ့သူတိုင်း အသတ်ခံရမလားဆိုပြီး စိုးရိမ်နေကြတယ်” ဟု ပြောကြားသွားသည်။ ထို လူသတ်မှုကိစ္စ နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဘယ်လိုဖြစ်ကြတာ လဲ။ ဘယ်သူတွေက ဒို့ရပ်ကျေးဥက္ကဋ္ဌ တစ်ယောက်ကို ရက်ရက်စက်စက် သတ်သွားသလဲ။ အရေးယူဆောင် ရွက်ပါ။ နိုင်ငံရေးနဲ့ ဆက်နွှယ်နေသလား၊ ပါတီနဲ့ ပတ်သက်နေသလား” ဟုပြောကြားကြောင်း သတင်းများမှာ တွေ့မြင်ဖတ်ရှုရပါသည်။
(၄)
(၂၁-၇-၂၀၁၅) ရက်နေ့ ညကလည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးရုံးဆိုင်းဘုတ်နှင့် အလံတိုင်များကို ဓားရှည်ကိုင် လူငယ်လေးဦးက ခုတ်ထစ်ဖျက်ဆီးပစ် ခဲ့ကြသည်။ ၎င်းလူငယ်လေးဦးသည် ပြည်သူ့ စစ်အဖွဲ့ဝင်များဖြစ်ကြပြီး နမ့်ဆန်မြို့နယ်ရှိ မတ်တျန်းဌာနေ ပြည်သူ့ စစ်ဆက်ဆံရေးရုံးမှ ဦးအောင်သန်း (ခ) ဦးလုံးသန်း၏ ခိုင်းစေချက်အရ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုပါသည်။
အဆိုပါ လူငယ်များ၏ ခုတ်ဖြတ်ဖျက်ဆီးမှုကြောင့် နမ့်ဆန်မြို့ရှိ အမှတ် (၂) ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက် မိုင်းစိတ်ရွာ ဟိုင်းနားလေးရွာ ဟိုင်းနားကြီးရွာ နမ့်ကျိုင်းရွာ နမ့်မောင်းရွာ နမ့်မော်ခေါက်ဆင့်ရွာများရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပေါင်း ၂၀ ခန့် ပျက်စီးသွားခဲ့ရသည်။ ဤကိစ္စနှင့်ပတ်သက်၍ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက “အဖွဲ့အစည်း တစ်ခုခုကနေ အင်န်အယ်လ်ဒီကို မဲမပေးအောင် သိက္ခာကျအောင် လုပ်တယ်လို့ မြင်တယ်” ဟု ပြောဆိုခဲ့ပါသည်။
(၅)
ရခိုင်ရိုးမထဲ၌ စက်ရုံဝန်ထမ်းအဖြစ် ကျွန်တော် တာဝန် ထမ်းဆောင်နေချိန်က ဖြစ်သည်။ ကျွန်တော်တို့ စက်ရုံ၌ အမှတ် (၁) နယ်မြေနှင့် အမှတ် (၂) နယ်မြေဟူ၍ ရှိသည်။ ထိုနယ်မြေနှစ်ခုမှာ တစ်ခုနှင့် တစ်ခု နှစ်မိုင်ကျော်မျှ ကွာဝေးပြီး တောင်စွယ်တောတန်းများကို ဖြတ်ကာသွားရသည်။ တစ်နေ့ အပြင်းဖျားသောကြောင့် အမှတ် (၂) နယ်မြေမှာရှိသော ဆေးခန်းသို့ သွားရောက်ပြသပြီး အမှတ် (၁) နယ်မြေရှိ ကျွန်တော်၏ နေအိမ်သို့ ပြန်လာသည်။ တောင်ကြားလမ်းကလေး တစ်ခုအပေါ်သို့အရောက် ကျွန်တော့် အရှေ့ဓာတ်တိုင် သုံးတိုင်လောက် အကွာမှာ အဘိုးအိုတစ်ဦးကို ကျွန်တော် တွေ့လိုက်ရသည်။
ကျွန်တော်က လူငယ်မို့ ထိုအဘိုးအိုကို မီလာသည်။ ထိုကဲ့သို့ မီလာတော့မှ အဘိုးအိုမှာ ကျွန်တော့်ထက် စီနီယာကျသော မိတ်ဆွေတစ်ဦး၏ ဖခင်လည်းဖြစ် ကျွန်တော်နှင့်လည်း ရင်းနှီးပြီးဖြစ်သောသူမှန်း သိလိုက်ရသည်။ နှစ်ယောက်သား စကားတပြောပြောဖြင့် လမ်းလျှောက်လာကြရင်း တစ်နေရာ အရောက် အဘိုးအိုက ကျွန်တော့်ဘက်သို့လှည့်ပြီး ကောက်ကာငင်ကာဖြင့် “ဟေ့ကောင် ငါဘာကြောင့် ခုလိုအိုမင်းနေရတာလဲကွ” ဟု မေးလိုက်သည်။ ထိုအချိန်က ကျွန်တော့် အသက်မှာ သုံးဆယ်စွန်းစွန်းရှိပြီး အဘိုးအိုမှာ ခုနစ်ဆယ်ခန့် ရှိနေပြီ ဖြစ်ပါသည်။ “ဟာ အဘိုးက အသက်ကြီးနေပြီပဲ၊ အိုမှာပေါ့” ဆိုသော အဖြေသည် အဘိုးအို လိုချင်သော အဖြေမဟုတ်မှန်း ကျွန်တော်သိလေသည်။
သို့သော် အဘိုးအို လိုချင်သည့် အဖြေကိုလည်း ကျွန်တော် မသိပြန်။ ထို့ကြောင့် ဘာစကားမှ ပြန်မပြောဘဲ ပြုံး၍သာ နှုတ်ဆိတ်နေ လိုက်ပါသည်။ ထိုအခါ အဘိုးအိုက သူ၏ လက်ချောင်း ပိန်ခြောက်ခြောက်ကလေးများဖြင့် ကျွန်တော်၏ ပခုံးကို ပုတ်ကာ “မှတ်ထားကွ ငါအခုလိုအိုမင်း နေရတာဟာ တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ နိုင်ငံရေး စနစ်ကြောင့်ပေါ့ကွ” ဟု ပြောလေသည်။
(၆)
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖက်ဆစ်တော်လှန်ရေးကြီးကြောင့် ဂျပန်များ မြန်မာနိုင်ငံထဲမှ ဆုတ်ခွာ ထွက်ပြေးသွားကြ ရပါသည်။ ထို့နောက် မြန်မာနိုင်ငံထဲသို့ ဗြိတိသျှများ ပြန်ဝင်လာပြီး အုပ်ချုပ်နေသည့်အချိန် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန် တစ်ယောက် မြန်မာပြည်သို့ ရောက်လာသည်။ မြန်မာအစိုးရက လော့ဒ်လူဝီ မောင့်ဘက်တန်ကို အိုရီရင့်ကလပ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါ ညစာစားပွဲသို့ ဖဆပလမှ အမတ်အချို့ကိုလည်း ဖိတ်ကြားခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းကို အခမ်းအနား၏ ရှေ့ဆုံးစားပွဲ၌ နေရာချထားမပေးဘဲ နောက်ဆုံးတန်း၌သာ နေရာချ ထားပေးလေသည်။
ထမင်း စားသောက်ပြီးကြသောအခါ တက်ရောက်လာကြသူများက လော့ဒ်လူဝီမောင့်ဘက်တန်ကို ဂုဏ်ပြုစကားများ ပြောကြသည်။ ဂုဏ်ပြုစကား ပြောကြားကြမည့်သူများ စာရင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း မပါဝင်ပေ။ စာရင်းတွင် ပါဝင်သူများ တစ်ယောက်ပြီး တစ်ယောက်ပြော ကြားသွားပြီးကြသည့်အခါ နောက်ဆုံးပိတ် အနေဖြင့် လော့ဒ်လူဝီမောင့် ဘက်တန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သူပြောကြားသွားသည့် ဂုဏ်ပြုစကားထဲတွင်
“နိုင်ငံရေးဆိုတာ လူယုတ်မာတွေရဲ့ ခိုကိုးရာ နေရာဖြစ်တယ်” ဟုဆိုသော စကားတစ်ခွန်း ပါဝင်သည်။ လော့ဒ်လူဝီမောင့်ဘက်တန် စကားပြောပြီးသွား၍ ထိုင်ခုံ၌ ထိုင်လိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ စားပွဲမှ ထလာကာ စကားပြောစင်ရှေ့၌ ရပ်လိုက်သည်။ ထို့နောက် “နိုင်ငံရေးဆိုတာ လူယုတ်မာတွေရဲ့ ခိုကိုးရာ ဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးက ပြောသွားပါတယ်။ အဲဒါဟာ အနောက်နိုင်ငံတွေမှာ မှန်ကောင်းမှန်မယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာဟာ ပရဟိတလုပ်ငန်း လောကတ္ထစရိယ ကျင့်တဲ့လုပ်ငန်း။ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်တွေ ဘုရား အလောင်းတွေသာ လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားတယ်။ အဲဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ တစ်ခါတစ်ရံ လူယုတ်မာတွေ ပါလာကောင်းပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေး အလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဥပမာ တစ်ခု ပြောပြပါရစေ။ ဒီအိုရီရင့် အဆောက်အအုံကြီးဟာ လူအများစုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ် ကင်းမဲ့ချိန်မှာ တစ်ခါတစ်ရံ ခွေးတက်အိပ်နေကြတယ်။ အဲဒီလို ခွေးတွေ တက်အိပ်နေတာကို ကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ ခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ဆိုရင် မှန်ပါ့မလား။ မမှန်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပဲ အင်မတန် မွန်မြတ်ပါတယ်။ ဒီအဆောက်အအုံကြီးပေါ်မှာ ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေး လောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမား စစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ်ဟန့်တား ဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေး လောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲ ကျုပ်ပြောချင်တာ” ဟုပြောကာ သူ၏ စားပွဲသို့ ပြန်သွားလေသည်။
(၇)
နိုဝင်ဘာ ၈ ရက်၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် ၁၉၆၂ ခုနှစ်က လက်နက်ဖြင့် လုယူသွားခဲ့ခြင်းခံရသည့် ပြည်သူ့အာဏာကို ပြည်သူတို့က တရားနည်းလမ်းကျစွာ ပြန်လည် ပိုင်ဆိုင်နိုင်မည့် ရွေးကောက်ပွဲကြီး ဖြစ်သည်။ ထို့အပြင် မပြောင်းလဲလိုသူများနှင့် ပြောင်းလဲချင်သူ ပြည်သူတို့၏ အားပြိုင်ပွဲလည်း ဖြစ်နေသည်။
အုပ်ချုပ်နေသည့် နိုင်ငံရေး စနစ်ကြောင့် ပြည်သူပြည်သားများ  အသက်အရွယ်အရ မဟုတ်သော အိုမင်းခြင်းမှ ကင်းဝေးစေရန် အတွက် အိုရီရင့်ကလပ် အဆောက်အအုံကြီးကို သတိထား စောင့်ကြည့် ကာကွယ်ကြရမည် ဖြစ်ပါသည်။

Most Read

Most Recent