လီဗာပူးလ် (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ မန်ယူ

လီဗာပူးလ် (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ မန်ယူ
Published 21 September 2015

ပရီးမီးယားလိဂ်ပွဲစဉ် (၆) လက်ကျန်ပွဲစဉ်များကို ယနေ့ (တနင်္ဂနွေနေ့) တွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ စပါးနှင့် မန်ယူအသင်းတို့ အသီးသီး နိုင်ပွဲရရှိခဲ့သော်လည်း လီဗာပူးလ် အသင်းမှာမူ (၄) ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဆောက်သမ်တန်-မန်ယူ အသင်းတို့ပွဲတွင် ဆောက်သမ်တန် အသင်းအတွက် ပွဲအစ (၁၃) မိနစ်မှာပင် တိုက်စစ်မှူး ပယ်လေက ဦးဆောင်ဂိုးသွင်းယူ ခဲ့သော်လည်း မန်ယူအသင်းမှ ပြင်သစ်လူငယ် တိုက်စစ်မှူး မာရှယ်လ်က (၃၄) မိနစ်တွင် ချေပဂိုးကို လှလှပပ ကန်သွင်းကာ သွင်းယူခဲ့သည်။ မန်ယူအသင်းအတွက် ဒုတိယဂိုးကိုမူ ပွဲချိန်မိနစ်(၅၀)တွင် ဆောက်သမ်တန်နောက်ခံလူ ယိုရှီဒါ၏ အမှားမှတစ်ဆင့် မာရှယ်လ်ကပင် သွင်းယူခဲ့ပြီး တတိယမြောက်ဂိုးအား ဒီပိုင်း၏ ကန်သွင်းချက် တိုင်ထိထွက်လာသည်ကို မာတာက ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်တန် အသင်း၏ ဒုတိယမြောက် ချေပဂိုးအား ပယ်လေက ခေါင်းတိုက် သွင်းယူခဲ့ပြီး ယင်းနောက်ပိုင်းတွင် အခွင့်အရေးများ ရရှိခဲ့သော်လည်း မန်ယူဂိုးသမားဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည့် အတွက် (၃-၂) ဂိုးဖြင့် မန်ယူအသင်းက အနိုင်ရခဲ့ကာ အမှတ်ပေးဇယား အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့သည်။
ပွဲစဉ် (၂) တွင် ဘုန်းမောက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း နိုင်ပွဲပျောက်ဆုံးနေသည့် လီဗာပူးလ် အသင်းမှာမူ နောဝစ်ချ်ကို အိမ်ကွင်းတွင် အနိုင်မကစားနိုင်ခဲ့ဘဲ တစ်ဂိုးစီ သရေကျခဲ့သည်။ လီဗာပူးလ် အသင်းအတွက် ဒန်နီအင့်စ်က ပွဲချိန်(၄၈)မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း (၁၃) မိနစ်အကြာတွင် မာတင်က နောဝစ်ချ်အတွက် ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းနည်းပြ ဗန်ဟားလ်ဧ။် ပွဲပြီးပြောစကား
"PSV ကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ဒါဟာ အလွန်အရေးပါတဲ့ နိုင်ပွဲဖြစ်ပါတယ်။ မာရှယ်လ်အတွက် ကျွန်တော်တို့ ဘာကြောင့် ငွေအများကြီး သုံးခဲ့သလဲဆိုတာ မြင်ရတဲ့ အတိုင်းပါပဲ။ သူက အရမ်းကောင်းလွန်းပါတယ်။ သူ့အသက်က ၁၉ နှစ်ပဲ ရှိသေးပေမယ့် သူကစားခဲ့တဲ့ ပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းက မယုံနိုင်စရာပါ။ ကျွန်တော်သူ့အတွက် အရမ်းပျော်ပါတယ်။ ဒါပေမဲ့ သူဒီအခြေအနေမှာ သာယာမနေဖို့လည်း လိုပါသေးတယ်။ ဒီဂီယာအတွက် အပြောင်းအရွှေ့ ဈေးကွက်မှာ ကျွန်တော်တို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကို အမြဲတမ်း လိုချင်ခဲ့တာ ဒီလို အရည်အသွေးတွေကြောင့်ပါ"
လီဗာပူးလ် ၁-၁ နော်ဝစ်ချ်ပွဲအပြီး လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာဧ။် ပွဲပြီး ပြောစကား
"၃ မှတ် မရခဲ့တာ ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းသလဲ။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်းက ဘောလုံးတောင် ဖြောင့်အောင် မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားပုံက အရမ်းကောင်းပြီး၊ အခွင့်အရေးကောင်း များစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။ နိုင်ပွဲရလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ဘူး။ ကိုယ်ရတဲ့ အခွင့်အရေး ကောင်းတွေကို အသုံးမချနိုင်ရင် ဒီလိုရလဒ်နဲ့ပဲ ကျေနပ်ရမှာပဲ။ ပရိသတ် တွေကတော့ တစ်ကယ့်ကို စိတ်လှုပ်ရှားစရာပါ"
လီဗာပူးလ် ၁-၁ နောဝစ်ချ်ပွဲအပြီး နောဝစ်ချ်အသင်းနည်းပြ အဲလက်စ်နေးလ်၏ ပွဲပြီးပြောစကား
"ကျွန်တော်တို့ ကစားတာ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ တစ်ခါတစ်ရံ ခံစစ်မှာ အသေထိုင်ရပြီး၊ တစ်ခါတရံတော့ ရှေ့ကိုတက်တိုက် ခဲ့ပါတယ်။ တစ်သင်းလုံးက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပြီး၊ ဒီပွဲမှာ သူတို့ရယူခဲ့တဲ့ အရာက ထိုက်တန်ကြောင်းလည်း ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပုံစံအတိုင်းပဲ ဆက်လက်ချီတက် သွားမှာပါ"