ပြည်ခိုင်ဖြိုးပါတီ အလံထောင်လျှင် ကျပ်ငါးထောင် ပေးမည်ဟု ဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သာကေတမြို့နယ်ရှိ အနှေးယာဉ် လုပ်သားများကို လိုက်လံစည်းရုံးမှုများ ရှိနေကြောင်း အနှေးယာဉ် လုပ်သားများထံမှ သိရသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့် ပေးခဲ့သည့် နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ယခုကဲ့သို့ ပါတီအလံများကို ဆိုက်ကားများတွင် လွှင့်ထူရန် လိုက်လံစည်းရုံးနေခြင်း ဖြစ်သည်။“အလံထောင်ဖို့ကို လာပြောတယ်။ သူတို့က ကျွန်တော်တို့ တစ်ဂိတ်လုံးကို လာမေးတာပါ။ အလံတစ်ခုထောင်ရင် ငါးထောင်ရမယ်လို့ လာပြောတယ်။ ထောင်တဲ့သူတွေ ရှိကြတယ်။ ကျွန်တော်ကတော့ မထောင်ဘူး။ မထောင်တဲ့သူက များပါတယ်” ဟု သာကေတမြို့နယ် အမှတ် (၁) ရပ်ကွက် ထူပါရုံလမ်းမှ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောကြားသည်။ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၎င်းတို့ဂိတ်ကို လာရောက်ပြောကြားစဉ် အချိန်က ပါတီအလံအပြင် ဗီနိုင်းများပါ ကပ်ပေးရန် ပြောကြားကြောင်း သိရသည်။“စပယ်ယာဘီးမှာ ဗီနိုင်းကပ်ရင် တစ်သောင်းခွဲလား နှစ်သောင်းလား ရမယ်ပြောတယ်။ အဲဒါကိုတော့ တစ်စီးမှ ကပ်တာမတွေ့ဘူး။ အဲဒီနေ့ တစ်နေ့တည်းပဲ ပြောသွားတာ။ စပယ်ယာဘီးမှာက ကပ်ရင် တစ်ဘီးလုံးပြည့်သွားမှာ အဲဒါကြောင့် ဘယ်သူမှ မကပ်ကြဘူး။ စက်တင်ဘာ ၁၀ ရက်/၁၁ ရက်လောက်က လာပြောသွားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ထိုသို့ ပါတီအလံများကို ဆိုက်ကားတွင် ထောင်မည်ဆိုလျှင် ပြည်ခိုင်ဖြိုးရုံးသို့ သွားရောက်ကာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဆိုက်ကားနံပါတ်တို့ကို သွားရောက်ပေးသွင်းပြီးမှ အလံနှင့် ပိုက်ဆံကို ထုတ်ယူရခြင်းဖြစ်ပြီး တစ်လလျှင် ငါးထောင်ကျပ် ရရှိကြောင်း ပါတီအလံ လွင့်ထူထားသည့် အမှတ် (၁) ရပ်ကွက်မှ အနှေးယာဉ်လုပ်သား ဦးမောင်မောင်အေးက ပြောကြားသည်။ဒီငါးထောင်ပေးတာက ၉ လပိုင်း တစ်လစာအတွက်ပဲ။ အောက်တိုဘာ အတွက်ကတော့ နောက်မှလို့ ပြောတယ်။ ကျွန်တော့်ကို လာပြောတုန်းက ကြံ့ခိုင်ရေးအဖွဲ့က တာဝန်ရှိသူတွေပေါ့။ သာကေတ အဖွဲ့တွေ စက်မှုဇုန်ဘက်ကပဲ။ သူတို့က ကိုယ်စားလှယ်လောင်းလား ဘာလားတော့ မသိဘူး။ ကြံ့ခိုင်ရေး ပါတီထဲကပဲ။ သူက ဝင်ထားတာ။ သူ့ရာထူးတော့ မသိဘူး။ အဲဒီပါတီက လာတယ်။ ကျွန်တော့်ဆီကို လာတယ်။ ဒါလေး ထောင်ချင်တယ် ပြောပြီး လက်ဖက်ရည်ဖိုး ပေးတယ်။ ကျွန်တော့်ဆိုက်ကားမှာ အခု အဲဒီပါတီ အလံကို ထောင်ထားတယ်။ ကျွန်တော် စထောင်တာက စက်တင်ဘာ ၁၄ ရက်လောက်က စထောင်တာ” ဟု ဦးမောင်မောင်အေးက ဆိုသည်။ထို့သို့ ပါတီအလံထောင်ရန် အနှေးယာဉ် လုပ်သားများကို လာရောက်ပြောကြားသော်လည်း မဲကိစ္စနှင့် ပတ်သက်၍ စည်းရုံးခြင်း မရှိကြောင်း အနှေးယာဉ် လုပ်သားများထံမှ သိရသည်။
ပြည်ခိုင်ဖြိုးပါတီ အလံထောင်လျှင် ကျပ် ၅၀၀၀ ရမည်ဟုဆိုကာ အနှေးယာဉ် လုပ်သားများကို စည်းရုံးမှုများ ရှိနေ















