ဒီယေဂိုကော်စတာ အနီကတ်ဖြင့် နှစ်ကြိမ်ထုတ်ပယ်ခံရသင့်ဟု အာစင်ဝင်းဂါး ဝေဖန် ယင်းပွဲ၏ အကောင်းဆုံးကစားသမားမှာ ဒီယေဂိုကော်စတာဟု မော်ရင်ဟို တုံ့ပြန်

ဒီယေဂိုကော်စတာ အနီကတ်ဖြင့် နှစ်ကြိမ်ထုတ်ပယ်ခံရသင့်ဟု အာစင်ဝင်းဂါး ဝေဖန် ယင်းပွဲ၏ အကောင်းဆုံးကစားသမားမှာ ဒီယေဂိုကော်စတာဟု မော်ရင်ဟို တုံ့ပြန်
Published 20 September 2015

အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးက ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ အနီကတ်ဖြင့် နှစ်ကြိမ် ထုတ်ပယ်ခံရသင့်သည်ဟု ပြောကြားခဲ့ပြီး ဒိုင်လူကြီး မိုက်ဒင်း၏ ဆုံးဖြတ်ချက်မှာ အားနည်းမှုများ ရှိခဲ့ကြောင်း ဝေဖန်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက်က ကစားခဲ့သည့် ချယ်လ်ဆီး-အာဆင်နယ်ပွဲ ပထမပိုင်းပြီးခါနီးတွင် ကော်စတာနှင့် အာဆင်နယ် နောက်ခံလူ ကိုစီယယ်နီတို့ အချင်းများနေစဉ် ဂါဘရီယဲလ်က ဝင်ရောက်ဖြေရှင်းရာမှ ကော်စတာနှင့် ဆက်လက် အချင်းများခဲ့သဖြင့် ဒိုင်လူကြီးက နှစ်ဦးစလုံးကို အဝါကတ် ပြသခဲ့သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ အပြန်အလှန် ပြောဆိုမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ဂါဘရီယဲလ်က နောက်ခြေထောက်ဖြင့် ကန်ခဲ့သောကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထို့ကြောင့် အာစင်ဝင်းဂါးက “ဒီနေ့ပွဲမှာ မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော် မကြိုက်ပါဘူး။ ကော်စတာက နှစ်ကြိမ်လောက် ထုတ်ပယ် ခံရသင့်တာပါ။ သူ့ရဲ့လုပ်ရပ်က လက်ခံ နိုင်စရာမရှိပါဘူး။ ဓာတ်ပုံတွေကို ကြည့်ရင် ခင်ဗျားတို့ တွေ့မြင်နိုင်မှာပါ။ သူက ကိုစီယယ်နီရဲ့ မျက်နှာကို လက်နဲ့ရိုက်ခဲ့သလို ခေါင်းချင်း တိုက်ပြီးတော့လည်း လဲကျအောင် ပြုလုပ်ခဲ့တယ်။ သူက ပွဲတိုင်းမှာ ရန်လိုတဲ့ အပြုအမူ လုပ်နေကျ ကစားသမားပါ။ ဂါဘရီယဲလ် အနေနဲ့လည်း အခုလို မတုံ့ပြန်သင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က နှစ်ယောက် ထုတ်ခံရပေမယ့် ကော်စတာက ကွင်းထဲမှာ ဆက်ကစားခွင့် ရနေတာတော့ ရှက်စရာပါပဲ” ဟု ဝေဖန် ပြစ်တင်ခဲ့သည်။
သို့သော် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုကမူ ကော်စတာမှာ ယခုပွဲအတွက် အကောင်းဆုံး ကစားသမားဖြစ်ပြီး အာစင်ဝင်းဂါး အနေဖြင့် ရှုံးနိမ့်မှုအပေါ် ညည်းတွား မနေသင့်ကြောင်း တုံ့ပြန်ခဲ့သည်။ “ကျွန်တော်ကတော့ သူထုတ်ပယ်ခံရ သင့်တယ်လို့ မထင်ပါဘူး။ ဒီယေဂိုကော်စတာက ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဖြစ်ပြီး သူက အရာအားလုံး ဆောင်ကြဉ်းပေးခဲ့သူပါ။ ကျွန်တော် အာဆင်နယ်နဲ့ ၁၂ ပွဲ၊ ၁၅ ပွဲ၊ ၁၈ ပွဲလောက် ကစားခဲ့ဖူးပါတယ်။ သူ (ဝင်းဂါး) မညည်းတွားတဲ့ ပွဲဆိုတာ မရှိသလောက်ပဲလို့ ထင်တယ်။ ကျွန်တော် တို့လည်း ဖလားပွဲမှာ ရှုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့  မစ္စတာမော်ရင်ဟို၊ ကျွန်တော့် ကစားသမားတွေနဲ့ ချယ်လ်ဆီးအသင်းက ဆင်ခြေမပေးဘူး၊ မငိုကြွေးဘူး၊ မညည်းညူတတ်ဘူး။ အရှုံးကို ကျွန်တော် လက်ခံနိုင်သလို သူလည်း လက်ခံသင့်ပါတယ်” ဟု မော်ရင်ဟိုက ဆိုသည်။