ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုသည် အသင်းဆရာဝန် ဒေါက်တာ အီဗာကာနိုင်းရိုအား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသည့် စကားလုံးဖြင့် စော်ကားခဲ့သည်ဟု တိုင်ကြားခံရသဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)၏ စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း သိရသည်။
မော်ရင်ဟိုနှင့် ကာနိုင်းရိုသည် သြဂုတ် ၈ ရက်က ဆွမ်ဆီးအသင်းနှင့် ကစားခဲ့သည့် ရာသီအဖွင့်ပွဲတွင် ကွင်းလယ်လူ ဟာဇက်နှင့် ပတ်သက်၍ အပြန်အလှန် အငြင်းပွားခဲ့ပြီး ယင်းပွဲနောက်ပိုင်း ကာနိုင်းရိုနှင့် ကြံ့ခိုင်ရေးမှူး ဂျွန်ဖန်းအား ချယ်လ်ဆီးအသင်းက ပွဲကစားသည့် နေ့များတွင် တာဝန်ယူခွင့် ပိတ်ပင်ခဲ့သည်။ မော်ရင်ဟိုသည် ကာနိုင်းရိုအား ပြစ်တင်ပြောဆိုရာတွင် ပေါ်တူဂီ ဘာသာစကားဖြင့် “ပြည့်တန်ဆာမရဲ့သမီး”ဟု အဓိပ္ပာယ်ရသော စကားလုံးကို အသုံးပြုခဲ့ကြောင်း ဗီဒီယို မှတ်တမ်းနှင့်အတူ တိုင်ကြားခံရခြင်း ဖြစ်သည်။ ထို့ကြောင့် FA က စက်တင်ဘာ ၁၈ ရက်တွင် ယင်းပြဿနာအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မော်ရင်ဟိုအနေဖြင့် ညစ်ညမ်းသည့် စကားလုံးဖြင့် စော်ကားပြောဆိုခဲ့ကြောင်း ထင်ရှားပါက ငါးပွဲ ပယ် ပြစ်ဒဏ်ချမှတ် ခံရဖွယ်ရှိသော်လည်း ၎င်းကမူ စွပ်စွဲချက်များအား ငြင်းဆန်ခဲ့သည်။ ချယ်လ်ဆီးအသင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ မော်ရင်ဟိုတွင် အပြစ်မရှိကြောင်းနှင့် FA ၏ စွဲချက်တင်ခြင်း ခံရမည်မဟုတ်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် မော်ရင်ဟိုက မိမိနှင့် အသင်းခေါင်းဆောင် တယ်ရီအကြား မည်သည့် ပြဿနာမျှ မရှိကြောင်းလည်း တုံ့ပြန်ပြောကြားခဲ့သည်။ တယ်ရီသည် မော်ရင်ဟို လက်ထက် ပထမဆုံးအဖြစ် မန်စီးတီးကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ လူစားလဲ ခံခဲ့ရသလို မက္ကာဘီတဲလ်အဗစ်နှင့် ချန်ပီယံလိဂ်ပွဲတွင်လည်း ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသဖြင့် ၎င်းနှင့် မော်ရင်ဟိုအကြား ဆက်ဆံရေး တင်းမာနေပြီဟု သတင်းထွက်ပေါ်နေရာ မော်ရင်ဟိုက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ကာနိုင်းရိုအား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသည့် စကားဖြင့် ပြောဆိုခဲ့ခြင်းရှိ၊ မရှိ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကို FA စစ်ဆေး