ငယ်စဉ်တက္ကသိုလ် ကျောင်းသားဘဝတုန်းက သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို အခုတလော မကြာခဏ ပြန်သတိရနေမိပါတယ်။ သူပြောခဲ့တဲ့ စကားကတော့ “ပျက်နေတဲ့ အိမ်တစ်ဆောင်ကို မရရအောင်ပြင်မယ်၊ ပြင်လို့မရရင် ဒီအတိုင်းတော့ မထားဘူး၊ တစ်အိမ်လုံး မီးရှို့ပစ်မယ်”ဆိုတဲ့စကားပါပဲ။ ဒီသူငယ်ချင်းလို ခံယူချက်ရှိသူတွေ လူ့လောကမှာ အနည်းနဲ့အများ ဆိုသလိုရှိကြမှာပါပဲ။ ပျက်နေတဲ့အိမ် တစ်ဆောင်ကို မကောင်းကောင်းအောင် ပြင်မယ်ဆိုတဲ့ ခံယူချက်ကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ ပြင်လို့မရရင် မီးရှို့ပစ်မယ်ဆိုတဲ့ အတွေးအခေါ်ကိုတော့ လက်မခံနိုင်ပါဘူး။
သူငယ်ချင်းကို ခုလို သတိရ နေရတာကလည်း ၁၉၅၆ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ The Searcher ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို တစ်ခါ ပြန်ကြည့်မိလို့ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ ‘အမေရိကန်ရုပ်ရှင်လုပ်ငန်း’ AFI (American) ရွေးချယ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၁၀၀ ထဲမှာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ မူရင်းဝတ္ထုကို ဒီနာမည်နဲ့ပဲ “အလန်လီမေ” Alan Le May (၁၈၉၉-၁၉၆၄) က ရေးခဲ့ပြီး တကယ့်အဖြစ်မှန် တချို့ကို အခြေခံ ရေးသားထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဇာတ်လမ်းအဖွင့်မှာ “အီသန်အက်ဝတ်စ်” (John Wayne) ဟာ အိမ်ကထွက်သွားပြီး ရှစ်နှစ်အကြာမှာ တက္ကဆပ်စ် ကန္တာရထဲက ညီဖြစ်သူ “အဲရွန်” လက်ရှိနေနေတဲ့အိမ်ကိုပြန် ရောက်လာပါတယ်။ အီသန်ဟာ အမေရိကန် ပြည်တွင်းစစ်တုန်းက”ကွန်ဖက်ဒရိတ်” လို့ ခေါ်တဲ့ တောင်ပိုင်း တပ်တွေဘက်က ဝင်တိုက်ခဲ့ပြီး နောက်သုံးနှစ်အကြာမှာ မက္ကဆီကန် တော်လှန်ရေးစစ်ပွဲမှာလည်း ဝင်ပြီးဆင်နွှဲခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို အိမ်ပြန်အလာမှာ ရွှေဒင်္ဂါးတွေ သူ့မှာ အများကြီးပါလာပြီး မက္ကဆီကန် တော်လှန်ရေးတိုက်ပွဲမှာ သူရခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူး တံဆိပ်တစ်ခုကိုတော့ အသက် ရှစ်နှစ်အရွယ်သာ ရှိသေးတဲ့ တူမလေး “ဒက်ဘီ့”ကို အမြတ်တနိုး လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။
အီသန် ပြန်ရောက်ပြီး မကြာခင်မှာ အိမ်နီးနားချင်းဖြစ်တဲ့ “ဂျော်ဂျင်ဆင်”ဆိုသူရဲ့ ယာတောက နွားတွေ အခိုးခံရပါတယ်။ အီသန်တို့လူစုက နွားသူခိုးတွေ ထွက်ခွာသွားရာ နောက်ကို လိုက်ကြပါတယ်။ နွားသူခိုးတွေဟာ “ကွန်မန်ချီ”ဆိုတဲ့ ဒေသခံတိုင်းရင်းသား လူနီအုပ်စုတစ်စုက လူတွေဖြစ်ပါတယ်။ သူတို့ တစ်တွေဟာ နွားတွေကို ခိုးချင်လို့ ခိုးတာမဟုတ်ဘဲ အီသန်တို့ တစ်တွေကို အဲဒီအိမ်စု နေရာကလေးကနေ အဝေးကို ထွက်ခွာသွားစေချင်လို့ မျှားပြီး ခေါ်ထုတ် သွားတာသာ ဖြစ်ကြောင်း ခရီးတော်တော် ပေါက်လာတဲ့အခါကျမှ ရိပ်မိလိုက်ကြပါတယ်။ ဒါ့ကြောင့် အီသန်တို့ဟာ ညီဖြစ်သူ အဲရွန်ရဲ့အိမ်ဆီကို အ ပြေးပြန်လာကြပါတယ်။ ဒါပေမဲ့ နောက်ကျ သွားပါပြီ။ သူတို့ရောက်တော့ အဲရွန်ရဲ့အိမ်ဟာ မီးဟုန်းဟုန်း တောက်နေပြီး ညီဖြစ်သူ အဲရွန်၊ အဲရွန့်ဇနီး “မာသာ” နဲ့ သူတို့ရဲ့ သား “ဘင်” တို့ကိုလည်း လူနီတွေ သတ်သွား ကြပြီဆိုတာကို တွေ့လိုက်ကြရပါတယ်။ အီသန်ရဲ့တူမ နှစ်ယောက်ဖြစ်တဲ့”ဒက်ဘီ”နဲ့ သူ့အစ်မ အပျို ပေါက်”လူစီ” တို့နှစ်ယောက်ကိုလည်း ကွန်မန်ချီ လူနီတွေက ဖမ်းဆီးခေါ်ဆောင် သွားပြီဆိုတာကိုလည်း သိလိုက်ရပါတယ်။ အီသန်တို့လူစုဟာ အမေရိကန် ရိန်းဂျားတပ်က ဗိုလ်ကြီးကလေတန် တို့နဲ့အတူ ကွန်မန်ချီတွေ နောက်ကို လိုက်သွားကြပါတယ်။ အဲဒီလိုလိုက်ရင်း သူတို့တစ်တွေဟာ လူနီတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံကြရပါတယ်။ ချုံခိုတိုက်တာကို ခုခံနိုင်ခဲ့ပေမယ့် လူနီတွေနောက်ကို ဆက်လိုက်နိုင်လောက်အောင် ရိန်းဂျားတွေမှာ အင်အားမရှိလို့ ပြန်လှည့် လာခဲ့ကြရပါတယ်။
အိမ်ကိုပြန်ရောက်ပြီး မကြာခင်မှာ အီသန်ဟာ တူမအကြီး လူစီရဲ့ရည်းစား”ဘရက်”နဲ့ သူတို့ ညီမနှစ်ယောက်ရဲ့ မွေးစားအစ်ကို “မာတင်” Jeeffrey Hunter တို့နဲ့အတူ ကလေးမလေး နှစ်ယောက်ကိုရှာဖို့ ပြန်ထွက်သွား ကြပါတယ်။ လမ်းခရီးမှာ အီသန်ဟာ မမျှော်လင့်ဘဲ လူစီရဲ့အလောင်းကိုတွေ့ပြီး အဓမ္မကျင့်ကြံ ခံခဲ့ရတယ် ဆိုတာကိုလည်း သိလိုက်ရပါတယ်။ ဒါကို သိသွားတဲ့ လူစီ့ချစ်သူ”ဘရက်”ဟာ ဒေါသဖြစ်ပြီး လူနီတွေရှိနေတဲ့ စခန်းထဲကို မြင်းစီးပြီး အတင်း ဝင်ရောက်သွားရာမှာ အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဆောင်းတွင်းဘက် ရောက်လာပြီး လူနီတွေနောက်ကို ဆက်လိုက်ဖို့ မျက်ခြည်ပြတ်သွားတဲ့အတွက် အီသန်နဲ့ မာတင်တို့ဟာ မီးလောင်သွားတဲ့ သူတို့အိမ်နံဘေးက ဂျော်ဂျင်ဆင်တို့ ယာတောကို ပြန်လာခဲ့ကြပါတယ်။ ယာတောက ဂျော် ဂျင်ဆင်ရဲ့သမီး “လော်ရီ”က မာတင့်ကို သဘောကျနေပါတယ်။ နောက် ဆောင်းကုန်တာနဲ့ အီသန်နဲ့ မာတင်တို့ နှစ်ဦးဟာ တူမရှာပုံတော် ထွက်ကြပြန်ပါတယ်။
တစ်နှစ် ကျော်ကျော်လောက် ကြာသွားတဲ့အခါမှာ လော်ရီဟာ မာတင့်ဆီက စာရှည် ကြီး တစ်စောင်ကိုရပါတယ်။ စာထဲမှာ အီသန်နဲ့ မာတင်တို့ဟာ ကုန်သည်ယောင် ဆောင်ရင်းနဲ့ ”စကား” ဆိုသူခေါင်းဆောင်တဲ့ လူနီတွေ စခန်းချနေတဲ့ နေရာကို ရောက်သွားကြတဲ့ အကြောင်း၊ အဲဒီမှာ ငါးနှစ်ကျော် ကြာအောင် ကွဲကွာနေခဲ့တဲ့ ဒက်ဘီ့ကို တွေ့လိုက်ကြရကြောင်း၊ ဒါပေမဲ့ ဒက်ဘီဟာ အဲဒီအချိန်မှာ စကားရဲ့ဇနီးမယားတွေထဲက တစ်ယောက် ဖြစ်နေပြီဆိုတာကို သိလိုက်ရကြောင်း၊ ဒက်ဘီ့ကို အီသန် ပေးထားခဲ့တဲ့ အီသန်ရဲ့ ဘွဲ့ထူးဂုဏ်ထူး တံဆိပ်ကိုလည်း စကားက သူ့ရဲ့လည်ပင်းမှာ ဆွဲထားတာကို တွေ့လိုက် ကြရကြောင်း၊ နောက်ပိုင်းမှာတော့ သူတု့ိနှစ်ဦးနဲ့ ဒက်ဘီတို့ စခန်းအပြင်ဘက်မှာ တွေ့ကြတဲ့အခါ ဒက်ဘီက သူဟာ ကွန်မန်ချီ တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် ပြန်မလိုက်နိုင်တော့ဘူးလို့ အီသန့်ကို ပြောလိုက်ပါတယ်။ ဒါ့ကြောင့် အီသန်က စိတ်ဆိုးပြီး ဒက်ဘီ့ကို ခြောက်လုံးပြူးနဲ့ ပစ်မယ်လုပ်လို့ မာတင်က ရှေ့ကနေ သူ့ကိုယ်လုံးနဲ့ ကာထားရကြောင်း၊ အဲဒီအချိန်မှာ လူနီတစ်ယောက် ပစ်လိုက်တဲ့ မြားက အီသန်ရဲ့နောက်ကျောကို လာပြီးထိမှန်လို့ သူတို့နှစ်ဦး အသက်လုပြီး ထွက်ပြေးခဲ့ရတဲ့ အကြောင်းစုံတွေကို စာထဲမှာ ထည့်ရေးထားပါတယ်။
အဲဒီနောက်တော့ သူတို့နှစ်ဦးဟာ ဂျော်ဂျင်ဆင်တို့ ယာတောကို ပြန်လာကြ ပြန်ပါတယ်။ မာတင်မရှိခိုက်မှာ “ချာလီ” ဆိုတဲ့ လူတစ်ယောက် လော်ရီတို့ ယာတောကို ရောက်လာပြီး လော်ရီ့ကို ပိုးပန်းနေခဲ့ပါတယ်။ အီ သန်နဲ့ မာတင်တို့ ယာတောကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ ချာလီနဲ့လော်ရီတို့ နှစ်ဦးဟာ မင်္ဂဆောင်ဖို့တောင် ပြင်ဆင်နေကြပါပြီ။ မင်္ဂလာပွဲ မစခင် မာတင်နဲ့ ချာလီတို့ စကားများပြီး လက်သီးချင်း ထိုးနေကြတဲ့အချိန်မှာ အမေရိကန် ပြည်ထောင်စုတပ်မတော်က ဗိုလ်”ဂရင်းဟင်း”ဆိုသူ ယာတောကို အပြေး အလွှား ရောက်လာပြီး စကားတို့ စခန်းချတဲ့နေရာကို သိထားပြီဖြစ်လို့ အတူ ထွက်တိုက်ကြဖို့ လာခေါ်ပါတယ်။
ဒါကြောင့် ရိန်းဂျားတပ်က ဗိုလ်ကြီးကလေတန်တို့ တပ်ဖွဲ့တွေနဲ့အတူ အီသန်နဲ့ မာတင်တို့ဟာ လူနီတွေ စခန်းချရာဘက်ကို လိုက်သွားကြပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စကားကျဆုံးသွားပြီး အီသန်ဟာ တူမဖြစ်သူ ဒက်ဘီ့ကို ပြန်ကယ်ထုတ်လာနိုင်ခဲ့တဲ့အပြင် တူမအပေါ် စိတ်ဆိုးတာတွေလည်း ပြေသွားပါတယ်။ လော်ရီက ချာလီနဲ့ လက်ထပ်မယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်လို့ မာတင်လည်း လော်ရီနဲ့ ပြန်ပေါင်းထုပ်နိုင်သွားပါတယ်။
ဒီဇာတ်ကားထဲမှာ အရွယ်ရောက်လာ ပြီဖြစ်တဲ့ ဒက်ဘီအဖြစ် အမေရိကန် ရုပ်ရှင်မင်းသမီးချော “နာတာလီဝုဒ်” Natalie Woodက သရုပ်ဆောင်ထားခဲ့တာပါ။ သရုပ်ဆောင်ချိန်မှာ နာတာလီဟာ အသက် ၁၈နှစ်ပြည့်ခါ စအရွယ်ဖြစ်လို့ မိန်းကလေးတို့ရဲ့အလှပြည့်စုံတဲ့ အရွယ်လို့လည်းဆိုရပါမယ်။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားထဲမှာ အသက် ၁၄ နှစ်သာသာ အရွယ်သာရှိသေးပြီး အင်မတန် ချောမောလှပတဲ့ ဒက်ဘီအဖြစ် နာတာလီက ဝင်ပြီး သရုပ်ဆောင်တဲ့အခါမှာ အံဝင်ခွင်ကျ ဖြစ်နေပြီး ဒက်ဘီ့အသွင်ဟာ အင်မတန် ချစ်စရာ ကောင်းနေတာကို တွေ့ကြရပါတယ်။ “စကား” ရဲ့တဲထဲမှာ ငါးနှစ်ကြာ ကွဲကွာနေတဲ့ ဒက်ဘီ့ကို ပြန်တွေ့လိုက်ရတဲ့အခါ ဦးလေးဖြစ်သူ အီသန် ရင်ကျိုးသွားရတာဟာလည်း သိပ်တော့ အံ့သြစရာမရှိလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပျိုဖော်ဝင်ခါစ နုနုထွတ်ထွတ် တူမလေးဟာ သူ့ရဲ့နံပါတ်တစ်ရန်သူ စကားရဲ့ အပျော်မယားဖြစ်နေတာကို တွေ့လိုက်ရလို့ပါပဲ။
၁၉၅၇ ခုနှစ်လောက်က ကိုယ်တို့နိုင်ငံဟာ သယံဇာတတွေ ကလည်း ပေါကြွယ်ဝ၊ နိုင်ငံရဲ့ပညာအဆင့်အတန်း ကလည်း မြင့်မား၊ လူတွေကလည်း အသိဉာဏ် ထက်မြက်ပြီး အရှေ့တောင်အာရှရဲ့ ထိပ်သီးစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အလားအလာ ကောင်းများစွာရှိတဲ့ ကိုယ်တို့နိုင်ငံဟာ ၁၄ နှစ်အရွယ် ချောချောလှလှ ဒက်ဘီလေးနဲ့ ပုံပမာနှိုင်းမယ်ဆိုရင် နှိုင်းလို့ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒက်ဘီ့ဘ၀ ရေတိမ်နစ်ခဲ့ရသလို ကိုယ်တို့နိုင်ငံရဲ့ တန်ဖိုးကြီးမားလှတဲ့ ပညာရေး စနစ်ဟာလည်း ရေစုံမျောခဲ့ရတာ ဖြစ်လို့ ဒက်ဘီ့ဘဝနဲ့ ကိုယ်တို့နိုင်ငံရဲ့ အဖြစ်ဟာ ကံမကောင်းပုံချင်း ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဂေဟစနစ်တွေ ပျက်စီးသွားရတဲ့အထိ သယံဇာတတွေ ကွယ်ပျောက် သွားရတာဟာ ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သလို နိုင်ငံရဲ့ပညာရေးစနစ် ပျက်စီးသွားတဲ့အဖြစ်ဟာလည်း တန်ဖိုးမဖြတ်နိုင် တဲ့ ဆုံးရှုံးမှုတစ်ရပ်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ပညာရေးစနစ် ပျက်စီးသွားမှုနဲ့ အတူတွဲပြီး လူတချို့ရဲ့ အကျင့်စာရိတ္တ တွေဟာလည်း ပျက်စီးသွားကြလို့ပါပဲ။ ပညာရေးစနစ် ပျက်ယွင်း သွားတဲ့အတွက် လူတချို့ဟာ အသိဉာဏ် နိမ့်ကျနုံ့နည်းပြီး အမှားကို အမှန်ထင်နေတဲ့ အဆင့်ထိ ရောက်လာကြပါတယ်။ သူခိုးတစ်ယောက် ဘာကြောင့် ခိုးရတာလဲဆိုတဲ့ အချက်တွေထဲမှာ လူတိုင်းဟာ သူလိုကိုယ်လို သူခိုးတွေချည်းပဲထင်လို့ ခိုးရတယ်ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါ့ကြောင့် လည်း လူတချို့ဟာ ကိုယ်လုပ်တာ မှားနေတာကို မှန်တယ်လို့ ထင်နေတဲ့အတွက် ကိုယ့်အမှားကို မှန်အောင်ပြင်ဖို့ ကြိုးစားရ ကောင်းမှန်းမသိဘဲ သူတို့ရဲ့လုပ်ရပ်အမှားကို အကာအကွယ် ပေးဖို့အထိ တောင်းဆိုလာကြတာကိုလည်း တွေ့ရှိရပါတယ်။
ဒါ့ကြောင့် ကိုယ်တို့နိုင်ငံရဲ့ လက်ရှိပစ္စက္ခ အခြေအနေဟာ စိုးရိမ်မှတ် အဆင့်ကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်တို့ရဲ့ လက်ရှိအိမ်ဟာ အတော်ပျက်စီးနေပြီ လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအိမ်မ ကောင်းလို့ တခြားအိမ်ကို သွားနေဖို့ ဆိုတာကလည်း မဖြစ်နိုင်။ အလားတူ အိမ်ဟောင်းကို ဖျက်ပြီး အိမ်သစ် ပြန်ဆောက်ဖို့ ဆိုတာကလည်း မဖြစ်နိုင်။ ဒါ့ကြောင့် ဒီအိမ်ထဲမှာပဲ ဆက်နေပြီး အိမ်ကို မကောင်းကောင်းအောင် ပြင်ဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် ၅၃ နှစ် ကြာအောင် ရေမြေအနှံ့ ခြေဆန့်ရှာဖွေခဲ့ရပြီး “လူကလည်း စွမ်း ကံကလည်း-မ”လို့ အခုလိုရလာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးမျိုးကို လက်လွတ်မခံနိုင်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်ကို မကောင်း ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဖို့သာ ရှိပါတော့တယ်။










