လူ့ဘဝဆိုတာ လှေကားသုံးထစ်မှာ အလယ် လှေကားထစ်မှာ ရှိနေပြီး ကောင်းတာတွေ လုပ်ရင်း တက်ကို တက်လှမ်းနိုင်သလို မကောင်းတာတွေလုပ်ရင် အောက်ကို ဆင်းရနိုင်တယ်လို့ စာရေးသူ ယခင်ဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်။ စာရေးသူတို့ ဂေါတမ မြတ်ဗုဒ္ဓက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသော်မှ ပါရမီတော်တွေကို ဖြည့်ကျင့်ပြီးမှ နိဗ္ဗာန်ကို စံဝင်တော်မူသွားတယ်။ စာရေးသူ စဉ်းစားမိတယ်။ မြတ်ဗုဒ္ဓ ဘဝပေါင်းများစွာ မွေးဖွား လိုက်၊ သေလွန်လိုက်နဲ့ ကျင်လည်ခဲ့ရတယ်။ စာရေးသူတို့သော်မှ ဘယ်လောက်ဘဝတွေ ကျင်လည်ကြရဦးမှာလဲ။ မသိနိုင်ပါ။ လူတွေမှာ မသိနိုင်တဲ့အရာက-
(၁) ဘယ်အချိန်မှာ သေရမှာလဲ
(၂) ဘယ်နေရာမှာ သေရမှာလဲ
(၃) ဘယ်လို သေရမှာလဲ
(၄) ဘာရောဂါနဲ့ သေရမှာလဲ
ဆိုတာတွေ ဖြစ်တယ်။ အချို့ဆိုရင် လူ့ ဘဝမရောက်မီ သန္ဓေသားဘဝမှာပဲ သေလွန် သွားကြရတယ်။ အချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေလွန်ကြရတယ်။ အချို့ဆိုရင် ရောဂါဖိစီးမှုကြောင့် သေလွန်ကြရတယ်။ အချို့ဆိုရင် ရန်သူရဲ့ လက်ချက်နဲ့ သေလွန်ကြရတယ်။ မွေးတစ်နေ့ သေတစ်နေ့ ဆိုကြပေမယ့် အဲဒီ မွေးတစ်နေ့ သေတစ်နေ့ အကြိမ်ပေါင်းမည်မျှ မွေးနေ၊ သေနေကြဦးမှာလဲ။
စာရေးသူက သမီးအရွယ် အမျိုးသမီးငယ်လေးတွေကို မမှားသင့်တာ မမှားစေနိုင်ဖို့ မိမိကိုယ်မိမိ ထိန်းထိန်းသိမ်းသိမ်း နေထိုင် တတ်ကြဖို့ အမြဲဆုံးမပါတယ်။ သမီးကို ရည်းစားစကား လာပြောရင် ဘယ်လောက်ချစ်လဲလို့ မေးလိုက်၊ အဲဒီအခါသူက ဘယ်လောက် ချစ်ပါတယ်လို့ ပြောလိမ့်မယ်။ အဲဒီအခါ သမီးက ရှင် ကျွန်မကို အမှန်တကယ်ချစ်ရင် ကျွန်မသေတဲ့အခါ ရှင်လိုက်သေနိုင်မလားလို့ မေးကြည့်လိုက်၊ သေပါ့မလား။ ဘယ်သေပါ့မလဲ။ တကယ်ဆို လူတွေက ဘယ်သူ့ကို အချစ်ဆုံးလဲဆိုရင် မိမိကိုယ်မိမိသာ အချစ် ဆုံးဖြစ်တယ်လို့ ဖြေကြတယ်။ မိမိကိုယ်မိမိရော ချစ်ဖို့ကောင်းရဲ့လားလို့ မေးလိုက်ရင် အမှန်အားဖြင့်တော့ တရားသဘောနဲ့ ကြည့်ရင် မိမိကိုယ်မိမိလည်း ဘာကိုမှ ချစ်ဖို့မရှိပါ။ သေသူကို အိမ်မှာ မထားတော့ဘဲ သချုႋင်း ကုန်းကိုပို့ပြီး မီးသဂြုႋဟ်ကြမှာ ဖြစ်တယ်။
အဲဒီမှာ မှန်ကန်တဲ့ ရွေးချယ်မှု လိုအပ်လာပြီ ဖြစ်တယ်။ လူတစ်ဦးချင်းက ၃၂ ကောဋ္ဌာသလို့ခေါ်တဲ့ အစုအဝေးတွေနဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားလို့ လူလို့ခေါ်နေကြတာ ဖြစ်တယ်။ အကယ်၍ အဲဒီ ၃၂ ခုသော အစုအစည်းတွေကို တစ်ခုစီ ခွဲခြားလိုက်ရင် လူလို့ ခေါ်လို့မရတော့ပါ။ ဒါတွေကို သိရှိနားလည်ထားရင် မှန်ကန်တဲ့ ရွေးချယ်မှု ပြုကြရတော့မှာ ဖြစ်တယ်။
သူ့ကိုယ်လည်း ကိုယ်က မပိုင်
ကိုယ်ကလည်း သူ့ကို မပိုင်
ဘယ်သူ့ကိုယ်ပိုင်မှ ဘယ်သူ မပိုင်
‘ကံသာလျှင် အမိ၊ ကံသာလျှင် ဥစ္စာ’ ဆိုတဲ့အတိုင်း ဖြစ်ပါသည်။
ဒီနေရာမှာ ဘယ်ကိုမျှ မလုပ်ဘဲ ကံကိုသာချည်း ပုံချနေ၍လည်း မရပါ။ ကံကောင်းဖို့ လုပ်ဆောင်ချက်တွေ ကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အလုပ်ကောင်းရင် ကံကောင်းမယ်လို့ ဆိုကြတာ ဖြစ်တယ်။ အလုပ် ကောင်းနိုင်ဖို့ ကံကောင်းစေရမှာ ဖြစ်တယ်။ အလုပ်ကောင်းပြီး ကံကောင်းစေဖို့ အတွေးကောင်းရမယ်။ အပြောအဆိုကောင်းရမယ်။ အသိဉာဏ်စွမ်းရည် ကောင်းရမယ်။ ဒါမှ အလုပ်ကောင်းလာစေမှာ ဖြစ်တယ်။ ဒါဆိုရင် လူတစ်ဦးချင်းမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ရှိစေရမှာ ဖြစ်တယ်။ မှန်ကန်တဲ့ ရွေးချယ်မှု ဆိုတာက အတ္တကို ဖယ်ခွာပြီး အများအကျိုး ရှေ့တန်းတင် လုပ်ဆောင်ပြီး ဘဝတန်ဖိုး မြင့်မားလာစေရမယ်။ ဘဝတန်ဖိုး မြင့်မားလာစေနိုင်ဖို့ အတ္တနဲ့ လုပ်ဆောင်ရမယ့် အလုပ်က တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းတရား အားထုတ်ချိန် တစ်ခုတည်းမှာသာ ဖြစ်တယ်။ ကိုယ်ကျိုး ရှာတယ်ဆိုရာမှာ ဝိပဿနာ ဘာဝနာတရား ကျင့်ကြံပွားများချိန်မှာ အတ္တကြီးကြီး ထားကြရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တလွဲဆံပင် ကောင်းပြီး အာဏာတွေ တည်တံ့ခိုင်မြဲစေဖို့၊ ဥစ္စာဓနတွေ များများရဖို့ လုပ်ဆောင်နေကြတာက သေရင် မိမိနဲ့တစ်ပါတည်း ယူသွားလို့ မရတဲ့အရာတွေ ဖြစ်တယ်။
တရားဘာဝနာ အားထုတ်ပွားများမှုက လောကီလောကုတ္တရာ နှစ်ဖြာအကျိုးရှိတယ် ဆိုတာ သိသူ နည်းတယ်။ ဒါကြောင့်လည်း လွဲမှားတဲ့ ကိုးကွယ်ဆည်းကပ်မှုတွေ လုပ်ပြီး ယတြာတွေချေကာ အောက်လမ်းနည်းတွေ သုံးတာတွေ လုပ်ခဲ့ကြ၊ လုပ်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်မှုမှာ လွန်ကဲစွာ မထားဖို့ မယုံကြည်မှုလည်း မရှိကြဘဲ ဉာဏ်နဲ့ချင့်ချိန် ယုံကြည်တတ်ကြဖို့ လိုအပ်တယ်။ ရွေးချယ်မှု မှားယွင်းရင် ဒုက္ခပင်လယ် ဝေကြရမှာဖြစ်တယ်။ ပညာမတတ်ရင် သူများပြောတာ ယုံလွယ်တယ်။ ပညာလည်းမတတ်၊ ဆင်း ရဲတွင်းနက်ရင် အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်မှုမရှိဘဲ ခိုင်းတာလုပ်တတ်ကြတယ်။
လူတစ်ဦးချင်းစီမှာ လောကီရေးရာနဲ့ လောကုတ္တရာရေးရာ နှစ်ခုရှိကြရမှာလည်း ရွေးချယ်မှုတွေ မှန်ကန်ဖို့ လိုအပ်တယ်။ မကြာမီကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်ဆိုပြီး ပေါ်ပေါက်လာတော့မယ်။ အဲဒီဈေးကွက် သဘောတရားကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့သိအောင် အသိပညာပေး လုပ်ငန်းတွေ လုပ်ပေးကြရမယ်။ သို့မဟုတ်ရင် မသိနားမလည်သူတွေ မိမိချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ ငွေကြေးတွေ ဆုံးပါး သွားနိုင်တယ်။ မကြာမီကပဲ စတော့ရှယ်ယာ ဈေးကွက်မပေါ်မီမှာ ဆာကူရာတာဝါမှာ ရုံးခန်းမှာဖွင့်ပြီး လိမ်သွားကာ ဝန်ထမ်းတွေသော်မှ အလိမ်ခံရတယ်လို့ သိရတယ်။ ဒါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာကလည်း ပြည်သူတွေကို အသိပညာပေးမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ပေးနိုင် ဖို့ လိုအပ်တယ်။ ဒါမှ ရွေးချယ်မှုတွေ မှန်ကန်စွာနဲ့ အမှားဖြစ်မှုကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။










