တပ်ချုပ်အသစ် ဘယ်သူ ဖြစ်လာမလဲ ဆောင်းပါးရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ
(Written by : နေထွန်းနိုင်)
(၁)
စက်တင်ဘာ ၁၆ ရက်ထုတ် 7 Day သတင်းဂျာနယ် မျက်နှာဖုံးမှာ သတင်း ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။
“တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး ရေးသားသူရဲ့ အမည်ကို “အောင်ထက်ပိုင်” လို့ ဖော်ပြခဲ့ပါတယ်။
ဒီအရင် 7 Day ရဲ့ နိုင်ငံရေး၊ စစ်ရေးအမြင် ရောယှက်တဲ့ ဆောင်းပါး ဖော်ပြမှုတွေမှာ “အောင်ထက်ပိုင်” ဆိုတဲ့ ကလောင်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။
ဒါ့အပြင် ဆောင်းပါး ပေါ်ထွက်လာချိန်ဟာ တပ်မတော် လေးလပတ် အစည်းအဝေး ကာလနဲ့ တိုက်ဆိုင်နေပါတယ်။
ထူးခြားတာက ဒီသတင်းဆောင်းပါးကို ရေးခဲ့သူဟာ တပ်မတော်က လူ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူဟာ တပ်မတော်နဲ့ နီးစပ်ပြီး အတွင်း သတင်းတွေ သိနေသူ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ သတင်းဆောင်းပါးမှာ ခိုင်မာတဲ့ သတင်းရင်းမြစ်ကို ကိုးကား ထုတ်ဖော်ပြောဆို ရေးသားတာမျိုး မလုပ်ခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီသတင်းဆောင်းပါးကို စာဖတ်သူတွေ အာရုံ စိုက်ခဲ့ပါတယ်။ သာမန်ကြည့်ရင် ဘာမှ မဟုတ်ပေမဲ့ ဆောင်းပါး နောက်ကွယ်မှာ ရှိတဲ့ အကြောင်းအရာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။
(၂)
ဆောင်းပါးရှင် အောင်ထက်ပိုင်က သူ့ရဲ့ ဆောင်းပါးမှာ အဓိက အချက်သုံးချက်
(ထူးခြားချက်လို့သူက သုံးခဲ့ပါတယ်) ကို ထောက်ပြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘယ်သူဖြစ်မလဲ ဆိုတာ တွက်ချက်ပြခဲ့ပါတယ်။
သူပြောတဲ့ အချက်သုံးချက်မှာ ပထမအချက်က တပ်မတော်ရဲ့ တတိယ ခေါင်းဆောင် နေရာအတွက် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကို ခန့်အပ်လိုက်တဲ့ အချက် ဖြစ်ပါတယ်။
တပ်မတော်ရဲ့ အစဉ်အလာအရ ထိပ်ပိုင်း ခေါင်းဆောင် နေရာတွေကို ကြည်းတပ် အရာရှိတွေပဲ ရရှိနေရာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ တပ်မတော် (လေ)က အရာရှိ တစ်ဦးကို ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူး ပထမဆုံး ပေးလိုက်တာ ထူးခြားချက်လို့ သူက ဆိုပါတယ်။
ဒီမတိုင်ခင် အချိန်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းလေ့ကျင့်ရေး သင်တန်းတွေကို တိုးချဲ့ လုပ်ကိုင်ခဲ့တယ်၊ ကြည်းတပ်နဲ့ လေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်၊ လေတပ် အတွက် တိုက်လေယာဉ်တွေကို ဒီနှစ်ပိုင်းအတွင်းမှာပဲ ထပ်ဝယ်တာတွေ လုပ်ခဲ့တယ်၊ ဒါတွေ လုပ်ခဲ့ခြင်းက မြန်မာ့ တပ်မတော်အနေနဲ့ ပြည်ပရန် ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်မှုလုပ်တာကို ထင်ထင်ရှားရှား တွေ့ရတယ်၊ မြန်မာနိုင်ငံ အနေနဲ့ ပြည်ပရန် ရှိနေပြီလား တွေးစရာ ရှိလာတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပထမအချက်နဲ့ ဒုတိယအချက်ကို ချိတ်ဆက် ရေးခဲ့ပါတယ်။
ဒုတိယ ထူးခြားမှုလို့ ဆိုခဲ့တဲ့ အချက်က ကာကွယ်ရေးဝန်ကြီးနေရာကို ကြည်းတပ်က လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို ခန့်အပ်လိုက်တာလို့ ဆိုပါတယ်။
ဒီနေရာမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို အကောင်းမြင် ရှုထောင့်ကနေ ဆောင်းပါးရှင်က ချဉ်းကပ်ခဲ့ပါတယ်။
ဒီနောက် တတိယ ထူးခြားချက်ကို သူ ဆက်ရေးခဲ့ပါတယ်။ တတိယ ထူးခြားချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာနိုင်သူကို အခု အပြောင်းအလဲက တစ်ဆင့် သုံးသပ်လို့ ရနိုင်တယ်လို့ ဆောင်းပါးရှင် အောင်ထက်ပိုင်က ပြောခဲ့ပါတယ်။
စာအရေးအသား သဘောအရ ဒီမှာတင် အဖြေက ရှင်းသွားပြီလို့ ဆိုနိုင်ပါတယ်။ ဆောင်းပါးရှင်ပြောတဲ့ ပထမ ထူးခြားမှုနဲ့ ဒုတိယ ထူးခြားမှုကို အခြေတည်ပြီး တတိယ ထူးခြားမှုကို အဖြေထုတ်ရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်ဟာ ရာထူး အပြောင်းအလဲ လုပ်ခဲ့သူ နှစ်ဦးနဲ့ ဆက်စပ်နေသူတွေပဲ ဖြစ်မယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။
ဒါဆိုရင် အခုချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ ဖြစ်နိုင်ခြေ မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပါယ် ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ဆက်ရေးခဲ့တဲ့ အရေးအသားတွေကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ ဖြစ်နိုင်တယ်ဆိုတဲ့ အစကို ဆွဲထုတ်ပါတယ်။
(၃)
ဆောင်းပါးရှင်ရဲ့ အဆိုအရ အငြိမ်းစား ယူသွားတဲ့ စီနီယာ ဗိုလ်ချုပ်များစွာကို ဖယ်ထုတ်လိုက်တဲ့အခါ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးရင် စီနီကျသူ ငါးဦးသာ ရှိတော့တယ်လို့ ဆိုပါတယ်။
သူတို့က ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဖြစ်ပါတယ်။
စီနီယာ ငါးဦးထဲမှာမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၁၉) အတူ ဆင်းခဲ့သူက ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်ပြီး မကြာမီ အငြိမ်းစား ယူရတော့မယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ စစ်တက္ကသိုလ် အမှတ်စဉ် (၂၀) ဆင်းဖြစ်ပြီး အခု တပ်မတော်ရဲ့ တတိယ ခေါင်းဆောင်နေရာကို ရောက်လာတဲ့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်လည်း၂၀၁၇ ခုနှစ်မှာ အသက် ၆၀ ပြည့်မယ်၊ ဒီအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာနိုင်တဲ့သူ နှစ်ဦးပဲရှိတော့တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
သူပြောတဲ့ နှစ်ဦးက စစ်တက္ကသိုလ် အပတ်စဉ် (၂၂)ဆင်းတွေ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ဖြစ်ပါတယ်။
ဒီနေရာမှာလည်း အရပ်ဘက် (ဒါမှမဟုတ်) အရပ်သား ဝန်ကြီးဌာနဘက် ပြောင်းသွားသူဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လေ့ မရှိတာကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဖြစ်နိုင်ခြေ မရှိဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အပတ်စဉ် (၂၅) ဆင်း ဖြစ်တာကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့နဲ့ ယှဉ်ရင် ဂျူနီယာကျသူ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီနေရာမှာ ထူးခြားတာက ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့လို စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်းဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပယ်ရတဲ့ အကြောင်းရင်းက ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ မကြာသေးမီကမှ ကစထမှူး ဖြစ်လာတဲ့ အတွက် ရာထူးအရ ဂျူနီယာကျသူလို့ ဆောင်းပါးရှင်က ဆိုခဲ့ပါတယ်။
ဒီအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးဟာ လက်ရှိ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပဲ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖွင့်ဆိုတဲ့အခါ သူ့မှာ သားသမီး မရှိဘူး၊ ဘယ်စီးပွားရေးမှ မလုပ်ဘူး၊ တပ်ထဲမှာ သူ့ကို လန့်ကြတယ်၊ စာအုပ်ကြီးသမား၊ စစ်သား စစ်စစ်ဖြစ်ပြီး အငြိမ်းစား ယူပြီးရင်လည်း နိုင်ငံရေး လောကထဲ ဝင်မယ့်သူ မဟုတ်ဘူးလို့ သုံးသပ်ကြတယ် ဆိုပြီး ဆောင်းပါးရှင်က ဆိုပါတယ်။
ဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာရင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်လာနိုင်ပြီး လက်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ဦးထဲက တစ်ဦးဟာ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာလိမ့်မယ်လို့ ဆောင်းပါးရှင်က ဟောကိန်းထုတ်ခဲ့ပါတယ်။
(၄)
ဆောင်းပါးရှင် အောင်ထက်ပိုင်ရဲ့ “တပ်ချုပ်အသစ် ဘယ်သူဖြစ်မလဲ” ဆောင်းပါးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ဆက်စပ်မှုတွေကို စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
ဆောင်းပါးကို ခြုံကြည့်တဲ့အခါ သူဖြစ်ချင်တဲ့ (ဆန္ဒစွဲ) သဘောသုံးခုကို ထင်ထင်ရှားရှား တွေ့ရပါတယ်။
ပထမအချက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသက် ၆၀ ပြည့်တဲ့ ၂၀၁၆ ခုနှစ် မှာပဲ အငြိမ်းစား ယူခိုင်းလိုက်တာ ဖြစ်ပါတယ်။
ဒါကို ပိုသေချာစေဖို့ အတွက် “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်ချုပ်ကို နိုင်ငံ့ ဝန်ထမ်းအဖြစ် သတ်မှတ်ထားသည်” လို့ ဆောင်းပါးရှင်က ထည့်ရေးခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဆိုရင် အသက် ၆၀ မှာ အနားယူရမယ်ဆိုတဲ့ သဘောပါပဲ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ပြီး သူက ပြောပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် အခြေခံမူ အခန်းမှာရော၊ တပ်မတော် အခန်းမှာပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံ့ဝန်ထမ်း ဖြစ်တယ်ဆိုတဲ့ အချက် မပါဝင်ပါဘူး။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံ့ ဝန်ထမ်းအဖြစ် သီးသန့် ဖွင့်ဆိုထားမှု မရှိတာ၊ နိုင်ငံတော် အခြေခံမူတွေအရ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လွတ်လပ်စွာ စီမံပိုင်ခွင့်ရှိတာ စတဲ့ အချက်တွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အငြိမ်းစား ယူခြင်း၊ မယူခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆောင်းပါးရှင် အောင်ထက်ပိုင်ရဲ့ ပထမ ထင်မြင်ချက်ဟာ အလွယ်တကူ ဖြစ်နိုင်ခြေ မရှိပါဘူး။ ဒီလို ဖြစ်နိုင်ခြေ မရှိတဲ့အတွက် လမ်းကြောင်းပေး ရေးသားတယ်ဆိုရင် တစ်မျိုး စဉ်းစားရမှာဖြစ်ပါတယ်။
ဆောင်းပါးရှင်ရဲ့ ဒုတိယ ထင်မြင်ချက်က တပ်မတော်ရဲ့ ထိပ်ပိုင်းနေရာကို ကာကွယ်ရေး ဦးစီးချုပ် (လေ)နဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
ရောက်လာတာကို ပြောခြင်း ဖြစ်ပါတယ်။ ဒါကို ပြောတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုနဲ့ ရောက်လာတယ် ဆိုတဲ့ အချက် ပေါ်လွင်အောင် ပြောခဲ့ပါတယ်။
ဒါကို ရေးရာမှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ နှစ်ဦးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းကို အမွှန်းတင်ခဲ့ပါတယ်။
မြန်မာ့ တပ်မတော်ကို ဘယ်အခါကမှ အကောင်းမပြောတဲ့သူတွေတောင် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို လူကောင်းလို့ ပြောတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒီနေရာမှာ တိုင်းရင်းသား ရေးရာသတင်းများ ရေးသားနေသူ သတင်းထောက်တစ်ဦးက ပြောတယ်ဆိုပြီး “ဦးအောင်ကျော်ဇောတောင် ဗိုလ်ချုပ်စိန်ဝင်းကို လူကောင်းလို့ ပြောတယ်”လို့ ဆောင်းပါးရှင်က ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဦးအောင်ကျော်ဇော် ဘယ်သူ ဆိုတာကို ဆောင်းပါးရှင်က ဖော်ပြမထားပါဘူး။ ဦးအောင်ကျော်ဇော်ဆိုတာ မြန်မာ-တရုတ်နယ်စပ်က စစ်ရေး နိုင်ငံရေး လေ့လာသူဟောင်း တစ်ဦးပါ။ ဆောင်းပါးရှင် သုံးထားတဲ့ ကိုးကားစကားအတိုင်း ဦးအောင်ကျော်ဇော တကယ် ပြောသလား၊ မပြောဘူးလားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
ဒီအတိုင်းပဲ အရာရှိ နှစ်ဦးထဲက တစ်ဦးကို ဘာကြောင့် အမွှန်းတင် ပြောသလဲဆိုတာ ဆောင်းပါးရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဆောင်းပါးရှင်ရဲ့ တတိယ ထင်မြင်ချက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဘယ်သူ ဖြစ်မလဲ ဆိုတာကို ဟောကိန်းထုတ်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ နှစ်ပိုင်းတွေ့ရပါတယ်။ ပထမ တစ်ပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ် နေရာအတွက် ရေပန်းစားနေတဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုရော၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုပါ ဖယ်ထုတ်ပြီး အခြားသူ ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်း တစ်ခုကို အရင်ခင်းပါတယ်။ နောက်တစ်ပိုင်းမှာ အခြားသူဆိုတဲ့ ယူဆချက်ကို ပြန်သိမ်းပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ နောက်တက်လာမယ့် သမ္မတ သဘောတူမှဆိုတဲ့ အာဘော်ကို ထုတ်ပြောပါတယ်။
နောက်ထပ် ထူးခြားတာက ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့နဲ့ စစ်တက္ကသိုလ် အပတ်စဉ်တူတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ဖယ်ထုတ်လိုက်တဲ့ အချက်ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ဂျူနီယာကျသူ မဟုတ်ပါဘူး။ တိုင်းမှူး၊ စစ်ဥပဒေချုပ်၊ လေ့ကျင့်ရေးအရာရှိချုပ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရင်းနှီးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကစထမှူး ဖြစ်ချိန် သူ့လက်အောက်မှာ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး ကာလရှည် လက်တွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ နာမည်ပျက်လည်း မရှိပါဘူး။
ဒါကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ် ဖြစ်လာ နိုင်သူတွေထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ဘာကြောင့် ဖယ်ထုတ်ခဲ့သလဲဆိုတာ စဉ်းစားစရာပါ။
ဒါကို ကြည့်ခြင်းအားဖြင့် ဆောင်းပါးရှင် အောင်ထက်ပိုင်ဟာ ဒီဆောင်းပါးကို ရည်ရွယ်ချက်ရှိရှိ ရေးခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က တပ်တွင်း စည်းလုံးမှု ပြိုကွဲစေချင်တာလား၊ ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အကဲခတ်တွေ သုံးသပ်ချက် အမှားဖြစ်အောင် misinform ပေးသလားဆိုတဲ့ မေးခွန်းဖြစ်စေပါတယ်။
(၅)
ဒီနေရာမှာ ဆောင်းပါးရှင် ဘယ်သူလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 7Day သတင်းဌာနရဲ့ အယ်ဒီတာအဖွဲ့၊ သတင်းထောက်အဖွဲ့ထဲမှာ “အောင်ထက်ပိုင်” ဆိုတာ မရှိသလို အရင်ကလည်း ရေးခဲ့ဖူးတာ မတွေ့ပါဘူး။
ဒါကို အခြေခံပြီး 7Day ရဲ့ ဒုတိယ အယ်ဒီတာချုပ် ကိုအားမာန်ကို တရားဝင် မေးတဲ့အခါ “အောင်ထက်ပိုင်”ဟာ Freelance တစ်ဦးဖြစ်တယ်လို့ သူက ဆိုပါတယ်။
အရင်ကလည်း 7Day ကို ပို့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ နာမည် ပြောင်းထားတယ်၊ စစ်ရေး တပ်မတော်အရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ဖြစ်တာနဲ့ သူက ဒီလိုရေးချင်တဲ့ အတွက် ရေးခဲ့တယ်၊ အရင်ကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးတာများတယ်၊ သူ့ရဲ့ ဆောင်းပါးတွေကို 7Day ရဲ့ နိုင်ငံရေး အယ်ဒီတာများ တည်းဖြတ်သလို နောက်ဆုံး သူတို့ ကိုယ်တိုင်လည်း (တည်းဖြတ်မှု) လုပ်ပါတယ်လို့ ကိုအားမာန်က ပြောပါတယ်။
ဒီအခါ စိတ်ဝင် စားစရာတွေ ထပ်ပေါ်လာပါတယ်။ “တပ်ချုပ်အသစ် ဘယ်သူ ဖြစ်လာမလဲ”ဟာ ပြင်ပက ပေးပို့လာတဲ့ ဆောင်းပါးဖြစ်တယ်။ တပ်မတော်အတွင်း လေးလပတ် အစည်းအဝေး လုပ်ချိန်နဲ့ တိုက်ဆိုင်နေတယ်။ ဆောင်းပါးမှာ တစ်စုံတစ်ခုကို တိုက်ရိုက် သက်ရောက်စေမယ့် ရည်ရွယ်ချက် ပါဝင်နေတယ်။ ဆောင်းပါးမှာ ပစ်မှတ်ရှိနေတယ်ဆိုတဲ့ ပုံစံမျိုးပါ။
ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်ထက် သူ့ရဲ့ အာဘော် ဘယ်ကလာသလဲ ဆိုတာကို ဆန်းစစ်လို့ရပါတယ်။ လာနိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုက သမ္မတရုံး အရာရှိတစ်ချို့နဲ့ နီးစပ်သူ အချို့ဆီက ဖြစ်နိုင်ပါတယ်။ ဒုတိယ တစ်ခုက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) က elements အချိုု့၊ ဒါမှမဟုတ် သူတို့နဲ့ နီးစပ်သူတွေ ဖြစ်နိုင်ပါတယ်။
(၆)
သမ္မတရုံး အရာရှိတစ်ချို့နဲ့ နီးစပ်သူ အချို့ဆီက အာဘော်လို့ ပြောနိုင်တာ ရှင်းပါတယ်။
7 Day ရဲ့ နိုင်ငံရေး အယ်ဒီတာ မအေးသူစံက သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ နီးစပ်မှုရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိထားပြီး ဖြစ်ပါတယ်။ လူ ၁၁၇ ဦးကိုသာ လက်ခံထားတဲ့ ဦးရဲထွဋ်ရဲ့ ရှားရှားပါးပါး Facebook Friend တွေထဲမှာလည်း မအေးသူစံ ရှိနေပါတယ်။ “သမ္မတ၏ အမျိုးသမီး ကိုယ်ရံတော်”အပါအဝင် သူရေးခဲ့တဲ့ ဆောင်းပါး၊ သတင်းတွေရဲ့ အာဘော်တစ်ချို့ဟာ ဦးရဲထွဋ်နဲ့ သမ္မတရုံးက လာတယ်လို့ ဆိုကြသူတွေ ရှိပါတယ်။
“တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ” ဆောင်းပါးကို 7 Day ရဲ့ နိုင်ငံရေး အယ်ဒီတာ မအေးသူစံ တည်းဖြတ်ခဲ့သလား ဆိုတာ မသိရပါဘူး။ ဒီဆောင်းပါးရဲ့ အရေးအသားကလည်း သူ့ပုံစံ မဟုတ်ပါဘူး။ ပြင်ပက ပေးပို့တယ်လို့ ဆိုတာကြောင့် ပေးပို့သူ ကိုယ်တိုင်က သမ္မတရုံးနဲ့ နီးစပ်သူ ဖြစ်နိုင်ပါတယ်။
ထူးခြားချက် တစ်ခုတော့ တွေ့ရပါတယ်။ “တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ” ဆောင်းပါးကို စက်တင်ဘာ ၁၆ ရက် ထုတ် 7 Day သတင်းဂျာနယ်မှာ ဖော်ပြပါတယ်။ အဲဒီနေ့မှာပဲ “ကြေးမုံသတင်းစာ” ဆိုတဲ့ Facebook Account က ဒီဆောင်းပါးကို ပြန်တင်ပါတယ်။ အဲဒီလိုပြန်တင်တဲ့ ဆောင်းပါးကို “ကြေးမုံသတင်းစာ” Facebook Account ကနေ ယူပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သူ့ရဲ့ Facebook Account မှာ Share ပါတယ်။
ဦးရဲထွန်း Share ပြီးလို့ နှစ်နာရီ အကြာမှာ အဲဒီ ဆောင်းပါးဟာ ကြေးမုံသတင်းစာက မဟုတ်ဘူးလို့ ဦးရဲထွဋ်က ဝင်ရှင်းပါတယ်။
“ကြေးမုံ သတင်းစာ မဟုတ်ပါ။ ဆဲဗင်းဒေးပါ”လို့ ဝင်ရှင်းခဲ့တဲ့ ဦးရဲထွဋ် comment က ဦးရဲထွန်း ပြန် Share ခဲ့တဲ့ Post အောက်မှာ ပထမဆုံးနဲ့ အချိန်တိုအတွင်း အမြန်ဆုံး ပြန်ရှင်းခဲ့တဲ့ မှတ်ချက် ဖြစ်ခဲ့ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဆောင်းပါးရဲ့ အာဘော်ဟာ သူတို့ဆီက မဟုတ်ဘူးဆိုတဲ့ သဘော ဦးရဲထွဋ်ဆီမှာ ရှိနေတယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ဦးရဲထွဋ်လို နိုင်ငံရေး ပါးနပ်မှုရှိတဲ့ လူတစ်ယောက်က ဘာကြောင့် ပျာပျာသလဲ ပြန်ရှင်းခဲ့သလဲ ဆိုတာ စဉ်းစားစရာ အချက်တစ်ချက် ဖြစ်ပါတယ်။
(၇)
နောက်တစ်ပိုင်းက MPC က elements အချို့၊ ဒါမှမဟုတ် သူတို့နဲ့ နီးစပ်သူတွေဆီက အာဘော် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကြားမှာ 7 Day ၊ The Voice တို့မှာ ပါဝင်တဲ့ နိုင်ငံရေးအမြင်၊ အာဘော်တွေမှာ MPC ရဲ့ သဘောထားတွေ ပါဝင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက The Voice မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အိုက်ငဲ ဆိုသူရဲ့ “ဟင်္သာ ကိုးသောင်း လွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး” ဆောင်းပါး အပါအဝင် သူ့ရဲ့ ဆောင်းပါးတွေကို ကြည့်ရင် အဲဒီ အာဘော်တွေရဲ့လာရာ လမ်းကြောင်းကို မှန်းဆလို့ ရနိုင်ပါတယ်။
အဲဒီဆောင်းပါးလည်း အချိန်ကိုက် ပေါ်လာတာ ဖြစ်ပါတယ်။
ဇွန်လ နောက်ဆုံးပတ်ထဲမှာပဲ MPC ဦးဆောင်သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို 7 Day က ဖော်ပြခဲ့ပါသေးတယ်။
အမေရိကန် Foreign Policy မဂ္ဂဇင်း မှာ ဦးအောင်မင်း ရေးသားခဲ့တယ် လို့ဆိုတဲ့ Seize the Moment for Peace ဆိုတဲ့ဆောင်းပါး မြန်မာပြန်ကို ဇွန် ၂၇ ရက်ထုတ် 7Day သတင်းစာမှာ ဖော်ပြခဲ့တာပါ။
ဆောင်းပါးရဲ့ အနှစ်ချုပ်က အာမခံချက် ခိုင်မာအောင် လုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်မှတ် မြန်မြန်ထိုးဖို့ ဖိအားပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီဆောင်းပါးနဲ့ ပတ်သက်ပြီး မူရင်း အင်္ဂလိပ်လိုကို MPC မှာ အသက်ငယ်ငယ်နဲ့ ထိပ်ပိုင်းနေရာ ရောက်နေတဲ့ လူငယ်တစ်ဦး ရေးသားတယ်၊ မြန်မာဘာသာပြန်ကို ဆရာဦးကျော်ဝင်းက လုပ်ခဲ့တယ် ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့ခဲ့ပါတယ်။ ဒါကလည်း အဲဒီဆောင်းပါး မြန်မာဘာသာပြန်မှာ ဆရာဦးကျော်ဝင်း တစ်ဦးတည်း သုံးလေ့ရှိတဲ့ အသုံးအနှုန်းတွေ ပါဝင်နေလို့ ဖြစ်ပါတယ်။
ဒီအတိုင်းပဲ ဦးအောင်မင်းရဲ့ ဆောင်းပါး မြန်မာဘာသာပြန် ဖော်ပြဖို့ 7 Day ကို ဖိအားပေးခဲ့သလားဆိုတဲ့ သတင်းထွက်ခဲ့ ပါတယ်။
ဆရာဦးကျော်ဝင်းနဲ့ 7 Day က ထွက်ပေါ်တဲ့ သတင်းတွေကို ပြန်ရှင်းခဲ့ပါတယ်။ မြန်မာ သံတော်ဆင့်ဂျာနယ်ရဲ့ သတင်း ဖော်ပြချက်တစ်ခုမှာ သူတို့ရဲ့ ရှင်းလင်းချက်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဆောင်းပါးကို ဘာသာပြန်ပေးတယ် ဆိုတဲ့ သတင်းတွေ “မဟုတ်ပါဘူး” လို့ ဆရာ ဦးကျော်ဝင်းက ငြင်းပါတယ်။
7 Day ရဲ့ ပြန်ရှင်းချက်မှာတော့ သူတို့ကို ဖိအားပေးတာ မရှိဘူး၊ သတင်းတစ်ပုဒ် နဲ့ ဆက်နွှယ်ပြီး (ဦးအောင်မင်းရဲ့) ဆောင်းပါး သုံးချင်ရင် ဘာသာပြန်ပြီးသား ရှိတယ် လို့ MPC ရုံးအဖွဲ့က ပြောတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ရှင်းတာကို စာဖတ် ပရိသတ်တွေ ဖတ်သင့်တယ်ထင်လို့ ဖော်ပြခဲ့ခြင်းတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ MPC နဲ့ MPC ဦးဆောင်သူတွေဖြစ်တဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ရဲ့ နိုင်ငံတကာ မီဒီယာကို အချိန်ကိုက် အသုံးပြုပုံကို သတိထားမိပါတယ်။
ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးဖို့ Foreign Policy မှာ ဆောင်းပါး ရေးခဲ့သလို မြန်မာ့ ပြုပြင်ပြောင်းလဲရေးပုံရိပ် ကျဆင်းလာတာကို ကာကွယ်ဖို့ ဦးစိုးသိန်းနဲ့ ဒေါက်တာသန့်မြင့်ဦးတို့က The New York Times သတင်းစာ မှာ ဆောင်းပါး ရေးလေ့ရှိပါတယ်။ အစောပိုင်းမှာ ဦးစိုးသိန်း တစ်ဦးတည်း နာမည်ခံ ရေးနေရာက နောက်ပိုင်းမှာ ဦးအောင်မင်း၊ ဒေါက်တာသန့်မြင့်ဦးတို့ပါ ရေးလာကြတာ ဖြစ်ပါတယ်။
The New York Times သတင်းစာမှာ သူတို့ရေးခဲ့တဲ့ ဆောင်းပါးအများစုကို 7 Day က မြန်မာဘာသာ ပြန်ဆိုဖော်ပြလေ့ ရှိပါတယ်။ ဦးအောင်မင်း ဆောင်းပါးကိုတော့ MPC က ပေးတဲ့ ဘာသာပြန်ကို အသုံးပြု ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
“တပ်ချုပ်အသစ် ဘယ်သူ ဖြစ်လာမလဲ” ဆောင်းပါးဟာ တပ်မတော်ရဲ့ အတွင်းသတင်းတွေကို သိထားသူ MPC က elements အချို့ရဲ့ အာဘော်နဲ့ နီးစပ်နေပြီး အဲဒီ ဆောင်းပါးကို 7Day မှာ အချိန်ကိုက် ဖော်ပြခဲ့တာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
(၈)
ဆောင်းပါးရှင်ရဲ့ အရေးအသား၊ ချဉ်းကပ်မှု ပုံစံတွေမှာလည်း ဆက်စပ် စဉ်းစားစရာတွေ ရှိပါတယ်။
တပ်မတော်နဲ့ ပတ်သက်တဲ့ လတ်တလော ဆောင်းပါးတွေကို စဉ်းစားတဲ့အခါ ဖြစ်နိုင်ခြေ အမျိုးအစားနှစ်ခု ထွက်ပါတယ်။
ပထမ အမျိုးအစားက သတင်းအချက်အလက်တွေကို တပ်မတော်ကပဲ ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားက တပ်မတော်ကို manipulate လုပ်ဖို့ misinform ထုတ်ပြီး နိုင်ငံရေးကစားချင်တဲ့ သူတွေ ထုတ်ပေးတာ ဖြစ်ပါတယ်။
အဲတာကို လုပ်နိုင်သူတွေက အစိုးရနဲ့ နီးစပ်သူ အသိုင်းအဝိုင်းကပဲ ဖြစ်နိုင်ပြီး အတိုက်အခံ အသိုင်းအဝိုင်းက မလုပ်နိုင်ပါဘူး။
“အောင်ထက်ပိုင်” ရဲ့ ဆောင်းပါးဟာ ဒုတိယ အမျိုးအစားနဲ့ ကိုက်ညီပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖယ်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တွန်းတင်ရင်း နိုင်ငံရေး ကစားဖို့ ကြိုးစားနေသူတွေက ဒီဆောင်းပါး နောက်ကွယ်က အဓိက ကျောရိုးတွေ ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ခြေ ဒုတိယ အမျိုးအစားနဲ့ ကိုက်ညီတဲ့ ဆောင်းပါးတွေကို ရေးနေသူ နောက်တစ်ဦးက Tomorrow သတင်းဂျာနယ်မှာ ရေးသားနေတဲ့ ဆောင်းပါးရှင် “လက်စောင်းထက်” ဖြစ်ပါတယ်။
7 Day ဂျာနယ်မှာ ရေးခဲ့တဲ့ ဆောင်းပါးရှင် “အောင်ထက်ပိုင်”၊ Tomorrow ဂျာနယ်မှာ ရေးနေတဲ့ ဆောင်းပါးရှင် “လက်စောင်းထက်” ဒီနှစ်ဦးဟာ တစ်ချို့ နေရာတွေမှာ အယူအဆ ရေးရာ ချဉ်းကပ်မှုတွေ တူနေပါတယ်။ နှစ်ယောက်စလုံးက တစ်ဦးတည်း ဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ဘဲ နှစ်ယောက် စလုံးရဲ့နောက်မှာ ရှိနေတဲ့ နိုင်ငံရေး ကစားလိုသူတွေရဲ့ အာဘော် တူနေတာကို ပြောချင်တာပါ။
လက်စောင်းထက် ရဲ့ ဆောင်းပါးတွေ နဲ့ ပတ်သက်ရင် “နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂ နှစ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ်” ဆောင်းပါးနဲ့ “၂၀၁၅ အလွန် ဖြစ်တန်ရာသော နိုင်ငံရေးဟောကိန်းများ” ဆောင်းပါး နှစ်ပုဒ်ကို ကြည့်ရင် သိနိုင်ပါတယ်။
(၉)
“နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂ နှစ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ်” ဆောင်းပါးမှာ သမ္မတ ဦးသိန်းစိန်ကို တပ်မတော်က သမ္မတလောင်း တင်သွင်းခဲ့ရင် တပ်မတော်သား တွေရဲ့ မဲ၊ အစိုးရနဲ့ နီးစပ်တဲ့ တိုင်းရင်းသား ပါတီတွေရဲ့မဲ၊ တပ်မတော်က သြဇာညောင်းတဲ့ ပါတီငယ်တွေရဲ့ မဲနဲ့ ဦးသိန်းစိန် သမ္မတ ဆက် အရွေးခံဖွယ် ရှိနေတယ်လို့ လက်စောင်းထက်က ရေးခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ကျန်းမာရေး မကောင်းတာကြောင့် နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီး အနားယူလိုက်မယ် ဆိုရင် တပ်မတော်က တင်သွင်းတဲ့ သမ္မတလောင်း နေရာ လစ်လပ်သွားမယ်၊ ဒီအခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်က တင်သွင်းမယ့် သမ္မတလောင်း အနေနဲ့ ပေါ်လာမယ်၊ မဲအနေအထားအရ နောက်အစိုးရရဲ့ ကျန်သက်တမ်း သုံးနှစ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သမ္မတအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်လိမ့်မယ်လို့ လက်စောင်းထက်က ထပ် ရေးပါသေးတယ်။
ဒီအတိုင်းပဲ လက်စောင်းထက် ရေးသားတဲ့ “၂၀၁၅ အလွန် ဖြစ်တန်ရာသော နိုင်ငံရေးဟောကိန်းများ” ဆောင်းပါးမှာ တပ်မတော်ကို အာဏာ အပ်နှင်းရလိမ့်မယ် ဆိုတဲ့ အချက်တစ်ခုကို ထည့်သွင်း ရေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အလွန်မှာ တိုင်းရင်းသား ပါတီတွေနဲ့ ပြည်ခိုင်ဖြိုး ပူးပေါင်းတဲ့ ညွန့် ပေါင်း အစိုးရပုံစံ ဖြစ်လာမယ်၊ အခုချိန်မှာ NCA လက်မှတ်ထိုးဖို့ သမ္မတနဲ့ သူရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး ဖြစ်တဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ဦးဆောင်တဲ့ MPC နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းခဲ့ပေမယ့် မရေမရာဖြစ်နေတယ်၊ အပစ်ရပ်စာချုပ်မှာ ပါဝင်ဖွယ်မရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ စံနမူနာပြအဖြစ် အင်အားသုံးပြီး ချေမှုန်းခံရဖွယ်ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြား နားလည်မှု တည်ဆောက်လာဖွယ်ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပြဿနာအဖြစ် ဆက်ရှိဖွယ်ဖြစ်မယ် စတဲ့ အခြေအနေတွေကိုလည်း လက်စောင်းထက်က ထည့်ရေး ခဲ့ပါသေးတယ်။
“တပ်မတော်သို့ အာဏာအပ်နှင်းခြင်း” အပိုင်းမှာ “အကယ်၍ ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲသည် အေးချမ်းစွာ ပြီးဆုံး မသွားဘဲ ရုန်းရင်းဆန်ခတ်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများ၊ မတည်ငြိမ်မှုများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော်သို့ အာဏာ အပ်နှင်းပေလိမ့်မည်။ ထိုအခါ သမ္မတနှင့် ဒုသမ္မတ နှစ်ဦးမှ လွဲပြီး လွှတ်တော်အစိုးရနှင့် တရားရေး မဏ္ဍိုင်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖျက်သိမ်းနိုင်သည့် အခွင့်အရေး အလိုအလျောက် ရရှိ သွားပေလိမ့်မည်” လို့ လက်စောင်းထက်က ရေးခဲ့ပါတယ်။
(၁၀)
လက်စောင်းထက်ရဲ့ ချဉ်းကပ်မှုတွေက misinform ထုတ်ပြီး နိုင်ငံရေး ကစားဖို့ ကြိုးစားခဲ့တယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။ သူ့ရဲ့ဆောင်းပါး နှစ်ပုဒ်စလုံးမှာ ၂၀၁၅ ခုနှစ် အလွန်ရောက်ရင် တပ်မတော်က တိုက်ရိုက်၊ သွယ်ဝိုက်အားဖြင့် အာဏာယူဖို့ လမ်းခင်း ပေးထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ (ဆန္ဒစွဲ) ယူဆချက် နှစ်ခုထဲက ပထမတစ်ခုဖြစ်တဲ့ သမ္မတဦးသိန်းစိန် နှစ်နှစ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သုံးနှစ်ဆိုတာ ဖြစ်နိုင်ခြေ မရှိသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော်ကို နိုင်ငံတော် အာဏာကို အပ်နှင်းဖို့ ဆိုတာလည်း မလွယ်ကူနိုင်ပါဘူး။
တစ်ခုတော့ ရှိပါတယ်။ ရွေးကောက်ပွဲ ကာလမှာ ရုန်းရင်းဆန်ခတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မတည်ငြိမ်မှုနဲ့ အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် ဖန်တီးမယ်ဆိုရင် ပုဒ်မ ၄၁၈ ဆိုင်ရာ ဆွေးနွေးမှုတွေ ကျယ်ပြန့်လာမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်အောင်လည်း လုပ်နိုင်တာက အခုချိန်မှာ အာဏာကို လက်မလွှတ်ချင်သူ လူတစ်စုပဲ ဖြစ်ပါတယ်။ အစိုးရ အတိုက်အခံတွေဘက်က လုပ်နိုင်စွမ်း မရှိပါဘူး။
စိတ်ဝင်စားစရာ ကောင်းတာက လက်စောင်းထက်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အာဘော် ဖြစ်ပါတယ်။ ဒီအာဘော်ကလည်း MPC က elements အချို့နဲ့ ဆက်စပ် နေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် လက်စောင်းထက် ရေးသားနေတဲ့ Tomorrow သတင်းဂျာနယ် က နိုင်ငံရေး လူရွှင်တော် ဦးဇာဂနာ၊ ဦးဇော်သက်ထွေးတို့ နှစ်ဦးစလုံး MPC က elements တွေနဲ့ ရင်းနှီးမှုရှိပါတယ်။
တိုက်ဆိုင်တယ်လို့ပဲ ပြောရပါမယ်။ MPC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ထိုင်းစစ်တပ် အာဏာသိမ်းပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို စက်တင်ဘာ ၁၇ က သူ့ရဲ့ Facebook Account မှာ ရေးခဲ့ပါတယ်။
“ BBC က ပြောတဲ့ ထိုင်းသတင်းတစ်ပုဒ် ဖတ်မိလို့ပါ။ ၂၀၁၄ မေလ ထိုင်းစစ်တပ် အာဏာသိမ်းတုန်းက ဒီတစ်ခေါက် တစ်နှစ်ခွဲလောက် ကြာနိုင်တယ်၊ (၂၀၁၅ အောက်တိုဘာလောက်မှာ ရွေးကောက်ပွဲတွေ လုပ်မလားလို့ပါ) အခု သတင်းအရဆိုရင် အတော် ကြာဦးမှာပါလား။ မှန်းတာလွဲပြန်ပြီ။ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့”လို့ ဦးလှမောင်ရွှေက ရေးခဲ့တာပါ။
MPC က elements အချို့ရဲ့ အာဘော်ကို သိထားသူတွေက ဦးလှမောင်ရွှေရဲ့ တရားဝင် ပြောစကား အတိမ်အနက်ကို သုံးသပ်ချက် ထုတ်ရင်း MPC ကရော အခုချိန်မှာ ဘယ်လို နိုင်ငံရေး ဖဲချပ်တွေ ထုတ်ဖို့ ပြင်နေလဲလို့ မေးခွန်းထုတ်တာ ရှိခဲ့ပါတယ်။
(၁၁)
အခုချိန်မှာ MPC က ဘယ်လို နိုင်ငံရေးဖဲချပ် ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အာဏာကို လက်မလွှတ်လိုသူ လူတစ်စုက နိုင်ငံရေး ကစားချင်သူတွေ ဘယ်လို ဖဲချပ် ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဖြစ်နိုင်ခြေ ဖဲချပ်တွေထဲက ပထမတစ်ခုက ရွေးကောက်ပွဲကော်မရှင် ဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့ အချိန်မှာ မဲဆန္ဒရှင်စာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဘာကြောင့်ပြောခဲ့တာလဲ။ မဲဆန္ဒရှင်စာရင်း အမှားအယွင်း များနေရင် ရွေးကောက်ပွဲ ကျင်းပဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေး အကြပ်အတည်းတစ်ခုကို ဖန်တီးပေးသလို ဖြစ်နေပါတယ်။
အခုချိန်မှာ MPC က ကြိုးပမ်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မဖြစ်နိုင်တော့ပါဘူး။ ရှမ်း၊ ကချင်အပါအဝင် အဓိက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တွေ မပါဘဲ စာချုပ် ချုပ်ခဲ့မယ်ဆိုရင် ဒါဟာ Nationwide လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ NCA လို့ နာမည် မတပ်နိုင်တော့ပါဘူး။ အာလုံး မပါဝင်ဘူးဆိုတာနဲ့ MPC ရဲ့ ကြိုးပမ်းမှု ကျရှုံးတယ်လို့ ဆိုနိုင်ပါတယ်။
ဒုတိယ တစ်ချက်က လေးနှစ်လုံးလုံး MPC က ချုပ်ကိုင်ထားတဲ့ အနောက်အုပ်စုနဲ့ အင်အားကြီး နိုင်ငံတွေကို အစိုးရက မာမာထန်ထန် တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချတာတွေ လုပ်လာပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်အပါအဝင် နိုင်ငံတကာသံရုံး ရှစ်ခုက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုကို ပူးတွဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒီပူးတွဲ ကြေညာချက်မှာ ပါဝင်တဲ့ အချက်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၁၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကို ဦးရဲထွဋ်က သူ့ Facebook မှာ ပြန် Share ခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
ဒါကလည်း MPC အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။
MPC နဲ့ ပတ်သက်ရင် အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ MPC ရဲ့ လုပ်ဆောင်ပုံတွေဟာ ၁၉၈၈/၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ရှိခဲ့တဲ့ ကကလှမ်း (တပ်မတော်ထောက်လှမ်းရေး) လုပ်ခဲ့ပုံတွေနဲ့ အတူတူပါပဲ။
ကကလှမ်းနဲ့ MPC တူညီပုံက အစိုးရနဲ့ သဘောထား ကွဲလွဲတဲ့သူတွေကို မက်လုံးပေး ဆွဲဆောင်ပြီး ကိုယ့်ဘက်သား ဖြစ်အောင် လုပ်တာချင်း တူပါတယ်။ မလျော်သြဇာ သုံးပြီး အသေးအဖွဲ ကိစ္စတွေက အစ အာဏာသုံးချင်တာချင်းလည်း တူကြပါတယ်။ ငွေကြေး ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ အတိုက်အခံ အပါအဝင် သူတို့နဲ့ အဆင်မပြေတဲ့ အဖွဲ့အစည်းတွေထဲမှာ သူတို့ရဲ့ elements ထည့်ပြီး manipulate လုပ်၊ သွေးခွဲဖို့ ကြိုးစားတာလည်း တူပါတယ်။ ဒီလိုပဲ မီဒီယာကို အသုံးချ misinform လုပ်ပြီး ရှုပ်ထွေးအောင် လုပ်တာချင်းလည်း တူပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ MPC က elements အချို့ရဲ့ လုပ်ဆောင်ပုံတွေဟာ ကကလှမ်းရဲ့ လုပ်ဆောင်ပုံတွေနဲ့ တစ်ထပ်တည်း တူလာတယ်လို့ ဆိုကြသူတွေရှိပါတယ်။ ဒါကြောင့်ပဲ ၂၀၀၄ မှာ ကကလှမ်း နိဂုံးချုပ်ခဲ့ရသလို MPC နိဂုံးချုပ်တော့မလား ဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။
ဒါပေမဲ့ ဆက်လက်ရှင်သန်နိုင်အောင် MPC ဘက်က ကြိုးပမ်းနေတာ ရှိပါတယ်။
(၁၂)
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ MPC က elements တွေနဲ့ နီးစပ်တဲ့ ဆက်ဆံမှုရှိတဲ့ The Voice ၊ 7Day နဲ့ Tomorrow သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို ကြည့်ရင် သာမန်မဟုတ်တဲ့ ထူးခြားမှုတွေ တွေ့နိုင်ပါတယ်။
အနီးစပ်ဆုံး ဥပမာက လွှတ်တော်တွင်း တင်းမာမှုနဲ့ သူရ ဦးရွှေမန်းကိစ္စတွေမှာ ကြည့်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပူးတွဲတာဝန်ကနေ သူရဦးရွှေမန်းကို ဖယ်ရှားမှုမလုပ်ခင်မှာ ဦးရွှေမန်းကို အကြီးအကျယ် တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထွက်ခဲ့ပါတယ်။
တစ်ပြိုင်နက်တည်း ထွက်လာကြတာ ဖြစ်သလို MPC က elements အချို့၊ သူတို့ နဲ့ နီးစပ်သူတွေကလည်း အပြင်မှာ အသီးသီး သတင်းဖြန့်ပြီး သွေးတိုးစမ်းခဲ့ပါတယ်။
အထူးသဖြင့် The Voice မှာ ရေးနေတဲ့ ဆောင်းပါးရှင် အိုက်ငဲ၊ Tomorrow မှာ ရေးနေတဲ့ ဆောင်းပါးရှင် လက်စောင်းထက်တို့ ရဲ့ အာဘော်တွေကို ကြည့်နိုင်ပါတယ်။
ဦးရွှေမန်း ဖယ်ရှား ခံရပြီးတဲ့နောက်မှာ အာဏာကို လက်မလွှတ်ချင်သူ လူတစ်စုရဲ့ နောက်ထပ် ပစ်မှတ်တစ်ခု ပေါ်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဦးရွှေမန်းလိုအဆင့် မဟုတ်တော့ပါဘူး။
“တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ” ဆောင်းပါးက တပ်မတော်ကို သွေးတိုးစမ်းလိုက်တာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၁၈ ရက်မှာ သတင်းတစ်ပုဒ် ထုတ်ပြန်ရင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရော၊ တပ်မတော်တွင်းမှာပါ တည်တည်ငြိမ်ငြိမ် ရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။
အဲတာက ရွေးကောက်ပွဲမှာ တပ်မတော် ပိုင်းဆိုင်ရာမှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိရမှာ ဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအရလည်း ဖြစ်စေချင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာကို သတင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အာဏာကို လက်မလွှတ်လိုသူတစ်စုရဲ့ ခြေလှမ်းတွေနဲ့ မြန်မာ့နိုင်ငံရေးက စိတ်ဝင်စားစရာ ကောင်းလာပါပြီ။










