ပတ္တမြားစေတီ

ပတ္တမြားစေတီ
Published 19 September 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
ရေချိုးပြီးလျှင်ပြီးချင်း ခါးပန်းကြိုးကို တင်းနေအောင် ပတ်ထားလေ့ရှိသော ကိုရင်ပေါက်စတို့ကို မြင်မိလေတိုင်း အလိုလိုနေရင်း အသက်ရှူ ကျပ်ချင်သလိုလိုဖြစ်ရသည်။ “ဒီကိုရင်ကွာ၊ ကိုယ့်ကျောင်း ကိုယ်နေတာကိုပဲ ခါး ပန်းကြိုးကြီး ပတ်လို့ ဗိုက်မအစ်ဖူးလား” ဟု ရံခါမေးမိသည်။ အသေအချာ ပြန်တွေးကြည့်မိတော့ “အင်း၊ ငါတို့ငယ်ငယ်တုန်းကလည်း သူတို့လိုပဲ ခါးပန်းကြိုး ပတ်ခဲ့တာပါပဲလား”ဟု ပြန်ပြောင်းသတိရမိသွားသည်။
မိမိတို့ ကိုရင်ပေါက်စ အရွယ်ကလည်း ခါးပန်းကြိုးကို နေ့ညမရွေး ပတ်ခဲ့သည်ပင်။ ထိုခါးပန်းကြိုး ထိပ်ဖျား၌ သော့တစ်ချောင်းကို ချည်နှောင်ထားသည်။ ထိုသော့တံသည် ကိုရင်ဝတ်သည့်နေ့က အလှူ့ဒကာ အလှူ့ဒကာမများက လှူလိုက်သော သေတ္တာပေါက်စ ကလေးနှင့်တွဲပါလာသော သော့တံဖြစ်သည်။ သေတ္တာထဲ၌ ဘာပစ္စည်းမှ မည်မည်ရရ မရှိသော်လည်း ကိုယ့်သေတ္တာကို ခဏခဏ ဖွင့်ကြည့်ကြသည်။ ပြီးတော့ပြန်ပိတ်သည်။ သော့ပိတ်တာ ချက်ကျမကျကိုလည်း ပြန်လည် ဆန်းစစ်လိုက်သေးသည်။ သေချာပြီဆိုမှ၊ သင်းပိုင်ကို ပြင်ဝတ်လိုက်ပြီး သော့တံ ချည်နှောင်ထားသော ခါးပန်းကြိုးဖြင့် ခါးကိုတင်း နေအောင် ပြန်ပတ်လိုက်သည်။ သူ့ဟာနဲ့သူတော့ ဟုတ်လို့။
(၂)
စစ်ကိုင်းတောင်ရိုးကို ရောက်သွားတော့ ခါးပန်းကြိုးကို အမြဲတမ်း မပတ်ဖြစ်တော့၊ သို့သော် ခါးပန်းကြိုး ပတ်သည့်အခါတိုင်း ခါးပန်းကြိုး၌ လက်ကိုင်ပဝါကို ခေါက်ပြီး ညှပ်ထားသော အကျင့်တစ်ခုက တိုးလာခဲ့သည်။ ဘယ်ကရလာသော အကျင့်မှန်းလည်း ကိုယ်တိုင်ပင်မသိ။ ထိုလက်ကိုင်ပဝါကိုလည်း တစ်ခါမှ ထုတ်သုံးသည်ဟုမရှိခဲ့။ လက်ကိုင်ပဝါက ကျောင်းပြန်ရောက်သည့်တိုင် အခေါက်မပျက်သေး။ ပြန်တွေးမိတော့ ပြုံးချင်စရာ။
သို့သော် ပတ္တမြားစေတီဘုရားပွဲကို သွားပြီဆိုလျှင်တော့ လက်ကိုင်ပဝါက အခေါက် ပျက်ရတော့သည်။  ပတ္တမြားစေတီဘုရား ပွဲတော်ရက်က တော်သလင်းလပြည့်နေ့ ဖြစ်သည်။ လပြည့်အကြို အဖိတ်နေ့ ညနေခင်း၌ ဆရာသမားက မိမိတို့ ကိုရင်ငယ်အဖွဲ့ကို ပတ္တမြားစေတီ ဘုရားပွဲကို လွှတ်သည်။ မိမိတို့အဖွဲ့ကို ကိုရင်ကြီးတစ်ပါးက ဦးဆောင်သည်။ အတန်အသင့် လတ်သည်ထင်ရသော သင်္ကန်းကို လဲဝတ်ပြီး ဆရာသမားကို ဦးသုံးကြိမ် ချမိချိန်၌ မိန့်မြွက်သော ဆရာသမား၏ သြဝါဒ အတိုကောက်ကိုပင် “ကြာလှချေ၏” ဟု စိတ်ကထင်သည်။ ထို့နောက် ဆရာက ငါးမူးစေ့ တစ်စေ့စီ ထုတ်ပေးသည်။ မုန့်ဖိုးတဲ့။ သူပေး သော ငါးမူစေ့နှင့် မိမိတို့သိမ်းဆည်းထားသော မတ်စေ့လေးစေ့နှင့် ပေါင်းလိုက်တော့ ‘တစ်ကျပ်ခွဲ’ ဟုဖြစ်သည်။ ထိုတစ်ကျပ်ခွဲသော အသပြာကို လက်ကိုင်ပဝါထောင့်၌ အသေချည်ပြီး ကျောင်းထဲက ထွက်ပြီဆိုကတည်းက လူတွေက မြောက်ကြွမြောက်ကြွ ဖြစ်တော့သည်။
ကလေးတုန်းကတော့ ပတ္တမြားစေတီ ဘုရားလောက် သွားလိုက်ရသည်ကိုပင် ကမ္ဘာ တစ်ခြမ်း ပတ်လိုက်ရသည့်အလား အပျော်ကြီး ပျော်ကြသည်။ အူတွေ ဘာတွေ မြူးကြသည်။ ထိုအချိန်၌ မြင်မြင်သမျှ အရာရာတိုင်းက လှနေသည်။ ပတ္တမြားစေတီ ဘုရားပွဲတော်ရက်၌ မလွန်ဆန်လှူ အသင်းကြီးကလည်း စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးတို့၌ ဝါဆိုဝါကပ်ကြသည့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်တို့အား ဆွမ်းဆန်တော်များ လှူဒါန်းသည်မို့ ထိုနေ့ထိုရက်ရောက်လျှင် တောင်ရိုး၌ အင်မတန် လူစည်ကားသည်။ များသောအားဖြင့်တော့ မန္တလေးကလူတွေ။
ပတ္တမြားစေတီကို ဘယ်လိုသွားရမည်ဟု မိမိတို့ကမသိ။ ကိုရင်ကြီးနောက်က အသာမှေးပြီး လိုက်နေရသည်။ ဈေးချိုချောင် အရှေ့ထိပ် ရောက်သည်နှင့် ရှင်ဖြူရှင်လှ စောင်းတန်းဘက်ကို မသွားဘဲ ကားလမ်းအတိုင်း ဘယ်ဘက်ကို ချိုးကွေ့သွားသည်။ ဥမင်သုံးဆယ် အရှေ့ဘက်ကြားရှိ ပရက္ကမချောင် ရောက်တော့ မြောက်ဘက်ကို ဆက်တက်သည်။ တောင်ကြားလမ်းအတိုင်း သွားကြရင်းဖြင့် ချောင်တစ် ချောင်ထဲ ရောက်သွားသည်။ “အနုရုဒ္ဓါချောင်” တဲ့။ ကိုရင်ကြီးက “ဒီပေါ်တက်ကြည့်ကြမယ်” ဆိုတော့ မိမိတို့လည်း ဘုမသိဘမသိ တက်လိုက်သွားကြသည်။
သို့ဖြင့် ကျောင်းအိုကြီးပေါ် ရောက်တော့ ဆရာတော်ကြီးတစ်ပါးကို ဦးချကြသည်။ ထိုဆရာတော်ကြီးကို စာရေးဆရာ “ရွှေကိုင်းသား”ဆရာတော်ကြီးဟုလည်း ထိုစဉ်ကမသိကြ။ ကျောင်းကြီးပေါ်ရှိ တိုင်လုံးကြီးများ၌ လူတစ်ရပ်စာမကမြင့်သော တိုင်ကပ် နာရီကြီးတွေရှိသည်။ ဘုရားခန်းထဲ၌ တွေ့ရသည့် ရွဲလုံးကြီးများနှင့် အရွယ်မျိုးစုံသော လသာမှန်အိမ်ကြီးများကို ကြည့်ပြီး တအံ့တသြ ဖြစ်ခဲ့ကြသော်လည်း အဖိုးတန် ပစ္စည်းများဟုလည်း နားမလည်ခဲ့ကြ။ တန်ဖိုးထား ရကောင်းမှန်းလည်း မသိခဲ့ကြ။ အတိအကျပြောရလျှင် စိတ် ထဲသိပ်မပါလှ။ စိတ်က ပတ္တမြားစေတီကိုပဲ ရောက်နေသည်။
(၃)
ပတ္တမြားစေတီဘုရား၏ အနောက်ဘက်၌ ဘုရားပေါ် အရောက်ဖောက်ထားသော ကားလမ်းရှိသည်။ မိမိတို့က ထိုလမ်းအတိုင်း တက်လာကြခြင်းဖြစ်သည်။ ဘုရားပေါ်ရောက်တော့ ဘုရားကို ဦးသုံးကြိမ်ချပြီး  ဟိုဟိုသည်သည် ငေးကြသည်။ “ငါတို့ကျောင်းက ဘယ်မှာပါလိမ့်” ဆိုပြီး တောင်စူးစူးကို လှမ်းကြည့်ကြသည်။ အဆင်အသွေး အမျိုးစုံစွာသော လူတွေကို လိုက်ကြည့်ကြသည်။ လူနောက် လူပြောင်တွေကိုလည်း တွေ့ရသည်။ ရင်ပြင်တော် အစွန်းကိုသွားပြီး မန္တလေးဘက်ကို လှမ်းငေးသည်။ လေးဖက်လေးတန် မြင် နိုင်သမျှကိုငေးသည်။ လက်ဆုပ်လက်ကိုင် ပြစရာဟု မည်မည်ရရ မရှိလှသော်လည်း ထိုစဉ် ကတော့ စိတ်ထဲအတော်လေး အရသာရှိသည်။
ပြီးတော့ ပတ္တမြားစေတီ အရှေ့ဘက် စောင်းတန်းအတိုင်း ဆင်းလာကြသည်။ အရှေ့ဘက် စောင်းတန်းဆိုသော်လည်း စောင်းတန်းက အစအဆုံးမရှိ။ စေတီတော်အခြေ လောက်မှာသာ စောင်းတန်းရှိသည်။ ကျန်သည့်အပိုင်းက လှေကားထစ်များသာ ရှိသည်။ အဆင်းလမ်းတစ်လျှောက်၌ ဆင်းသူ၊ တက်သူ လူတွေကအများကြီး။ လာသမျှ လူတွေအားလုံးကလည်း ပျော်နေကြပုံရသည်။ အတက် လမ်းက မတ်စောက်စောက်မို့ တက်လာသူအချို့က လမ်းဘေးအုတ်ခုံမှာ ထိုင်ရင်း အမော ဖြေနေကြသည်။ တောင်ခြေရောက်တော့ ဝါးချက်ရွာကို ရောက်သည်။ ဆွမ်းတော်ကြီး အဖွဲ့တွေကို တွေ့သည်။ သို့သော် မိမိတို့က ဆွမ်းတော်ကြီးကို စိတ်မဝင်စား ဟိုးအနောက်နားက ဆပ်ကပ်ရုံကို စိတ်ဝင်စားနေသည်။ ကိုရင်ကြီးကို အပူကပ်ပြီး ဆပ်ကပ်ရုံထဲဝင်တော့ အဝင်ဝက ပိုက်ဆံတောင်းသည်။ “ကိုရင်လေးတွေပါကွ၊ မမြင်ဖူးလို့ ခဏလေးဝင် ပြတာပါ”  ဆိုတော့မှ အထဲကို ဝင်ခွင့်ပြုသည်။
ဝါးချက်ရွာထဲမှာလည်း လူတွေက တင်းကျမ်းပြည့်နေသည်။ ဘုရားပွဲဈေးတန်းကို အရှည်ကြီး လျှောက်ရသည်။ လက်ကိုင်ပုဝါ ထောင့်၌ချည်ထားသော မတ်စေ့နှင့်ငါးမူးစေ့ကို လက်ဖြင့် စမ်းစမ်းကြည့်ရသေးသည်။ ဘာ မှတော့မဝယ်ဖြစ်။ အိမ်တစ်အိမ်ရောက်တော့ ပရိသတ်များကို ဧည့်ခံဖျော်ဖြေနေသော တီး ဝိုင်းတစ်ခုကိုတွေ့သမို့  ခရီးသွားဟန်လွှဲ ဝင်ငေးလိုက်သေးသည်။ နောက်တော့ ဧရာဝတီ မြစ်ကမ်းဘေးအတိုင်း ရှင်ဖြူရှင်လှ ဇရပ်ကြီးဘက်ကို ဆက်ကြသည်။ လမ်းတစ်လျှောက်လုံးလည်း လူတွေကအပြည့်။ မြစ်ထဲကြည် လိုက်တော့လည်း လူတွေက ငှက်လှေစီးလျက် စုန်ချည်ဆန်ချည် ကူးသန်းနေကြသည်။ လှေတစ်စင်းနဲ့တစ်စင်း ပူးကပ်သွားချိန်၌ စကြ နောက်ကြသူတို့၏ အသံဗလံများကို ကုန်းပေါ်မှပင် အတိုင်းသားကြားနေရသည်။
ထိုစဉ်က ရှင်ဖြူရှင်လှ ဇရပ်ကြီးက ခြေတံရှည် ဇရပ်ကြီးဖြစ်သည်။ မလွန်ဆန်လှူ သင်္ဘောကြီးက ထိုဇရပ်ကြီး၏ ရှေ့တည့်တည့်၌ ဆိုက်ကပ်သည်။ ထိုသင်္ဘောကြီးကို သွပ်ပြားများဖြင့် အမိုးအကာ ပြုလုပ်ထားသည်။ ထို သင်္ဘောကြီးနှင့် ယှဉ်တွဲဆိုက်ကပ်ထားသော သင်္ဘောတွေပေါ်ကိုလည်း တက်ကြည့်ကြသည်။ ကျောက်ဆူးကြိုး အဖြစ်သုံးသော ဧရာမသံကြိုးကြီးကိုကြည့်ပြီး တအံ့တသြ ဖြစ်ရသေးသည်။ ဝန်ထမ်းအချို့က သင်္ဘောကြီး၏ ဝမ်းဗိုက်ထဲမှ ဆန်အိတ်များကိုသယ်ပြီး သာသနာ့ဗိမာန် ကျောင်းထဲကို ပို့ကြသည်။ မနက်ဖြန် ဆန်လှူကြမည်မဟုတ်ပါလား။ ငယ်ငယ်တုန်းကတော့ မြင်မြင်သမျှ အရာရာတိုင်းက လှလည်းလှသည်။ ဆန်းလည်းဆန်း၏ ဟုထင်သည်။
(၄)
ဆရာကြီးရွှေဥဒေါင်း၏ “တစ်သက်တာ မှတ်တမ်း” စာအုပ်၌ ပတ္တမြားစေတီဘုရားပွဲ အကြောင်း ရေးထားသော စာတစ်ပိုဒ်ကို တွေ့ရသည်။ ပတ္တမြားစေတီဘုရားပွဲကို ဆရာကြီး ရောက်ခဲ့စဉ်က သူစုံမက်မြတ်နိုးသော မိန်းက လေးနှင့် ဆုံစည်းခဲ့ရပုံများကိုလည်း မှတ်တမ်း တင်ထားသည်။ မိမိတို့က ထိုနယ်မြေ၏ မြေပုံကို ကျေညက်ပြီး ဖြစ်လေရကား သူရေးသမျှ စာတို့ကို သူနှင့်အတူ လိုက်ပါခံစား၍ရ၏ဟု စိတ်ကထင်သည်။ ထိုမိန်းကလေးအမည်က “စံဒေဝီ”တဲ့။ ထိုအမည်က သူ့ဘာသာ ပေးထားသော လျှို့ဝှက်အမည် ဖြစ်သည်တဲ့။ ထားပါ။
ဆရာကြီး၏ တစ်သက်တာမှတ်တမ်းကို ဖတ်မိချိန်၌ ငယ်ငယ်ကရင်းနှီးခဲ့သည့် ပတ္တမြား စေတီ ဘုရားပွဲပုံရိပ်များက စိတ်ထဲအစီအရီ ပေါ်လာကြသည်။ တစ်နေရာ၌ တော်သလင်း လပြည့် အဖိတ်နေ့ည အကြောင်းကို ဆရာကြီး ဖွဲ့နွဲ့ထားပုံက လွမ်းချင်စရာပင် ကောင်းသေးတော့၏။ ဆရာကြီး၏ အဖွဲ့အနွဲ့ကို ခံစား ကြည့်စေချင်ပါသည်။
“တောင်ထိပ်ရှိ ပတ္တမြားစေတီဘုရားသို့ ရောက်ကြသောအခါ၊ တော်သလင်းလဆန်း ၁၄-ရက်ကလည်း ထိန်ထိန်ဝင်းလျက် ဧရာဝတီ မြစ်မင်းကြီးကို ထင်းထင်းကြီး မြင်ရပြန်၊ စေတီတော်၌လည်း ဖယောင်းတိုင်မီးများဖြင့် ဝင်းဝင်းလက်လက် ရှိနေပြန်၊ တီးလိုက်သည့် နရည်းသံကလည်း ဆိတ်ငြိမ်သော တောင်ထိပ်၌ ညအချိန်တွင် အသည်းနှလုံးတို့ကို ယစ်သွားစေမတတ် သာယာပြန်၊ ကျွန်ုပ်၏စိတ်ဓာတ်ကလည်း မျှော်လင့်ချက် အမျိုးမျိုးတို့ဖြင့် ပြည့်တင်းဖောင်းကားလျက် ရှိနေပြန်ရကား ကြည်နူးရွှင်ပြလိုက်ပုံမှာ တစ်သက်တာတွင် မမေ့နိုင်ဆုံးသော ညတစ်ည အနေဖြင့် နှလုံးသားတွင် တံဆိပ်ခတ်နှိပ်ပြီး ရှိပေတော့၏”တဲ့။ 
ဆရာကြီးက ဤသို့မှတ်တမ်းတင်ခဲ့သည်။ သြော်၊ ကြည်နူးလွမ်းမောဖွယ်ရာတို့ဖြင့်ပြွမ်း သော ပတ္တမြားစေတီ၏ ညတစ်ည ပေတကား။
(၅)
စစ်ကိုင်းတောင်၌ တောင်စဉ်တောင်တန်းပေါင်း ၃၇ လုံးရှိသည်။ စစ်ကိုင်းတောင် မြောက်ပိုင်းဒေသရှိ ပတ္တမြားစေတီသည် “မဏိကဉ္စနတောင်” အမည်ရသည့် ပတ္တမြားရွှေ တောင်ကုန်း ထက်၌ တည်ထားကိုးကွယ်သော စေတီမြတ်တစ်ဆူဖြစ်သည်။ သာသနာ ၂၁၈ ခုနှစ်၌ နန်းတက်သော သီရိဓမ္မာ သောကမင်းတရားကြီးသည် နိဂြောဓသာမဏေ၏ တရားကို နာကြားမိချိန်မှစ၍ သာသနာတော်၌ အထူးသက်ဝင် ကြည်ညိုစိတ်ဖြစ်ခဲသည်။
သာသနာတော်ကို မြတ်နိုး ကြည်ညိုလွန်းရကား သာသနာနှစ် ၂၂၄ ခုနှစ်က ၉၆- ကုဋေသော အသပြာငွေကို ထုတ်၍ ဇမ္ဗူဒိပ်ကျွန်းအနှံ့ စေတီပုထိုးများကို တစ်ပြိုင်နက် တည်စေခဲသည်။ အရေအတွက်အားဖြင့် များ လှစွာသော ထိုစေတီပုထိုးတို့၌ “ပတ္တမြားစေတီ” စေတီတော်လည်း အပါအဝင်ဖြစ်၏ဟု အဆိုရှိသည်။  ပတ္တမြားစေတီကို ထပ်မံပြု ပြင်ခဲ့သည့် ပုဂ္ဂိုလ်သည်ကား သက္ကရာဇ် ၇၂၆ ခုနှစ်တွင် (၇၇၆-ဟုလည်း မူကွဲရှိ) ထင်ရှား ကျော်ကြားတော်မူသည့် “ပဒူသံဃရာဇာ” အရှင်မြတ်ဖြစ်၏ဟု သိရပါသည်။

Most Read

Most Recent