မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ သမိုင်းဝင် ယက္ကန်းစင်တောင် သာသနိကနယ်မြေအနီး စကျင်ကျောက် ပြန်လည်ထုတ်ယူခွင့်ပြုသည့်အပေါ် ဒေသခံများနှင့် ဆရာတော်များက ကန့်ကွက်လျက်ရှိကြောင်း သိရသည်။
ယက္ကန်းစင်တောင်ဒေသတွင် ခြေတော်ရာစေတီ၊ ဆပ်ဖူးဘုရားနှင့် အခြားသမိုင်းဝင် ဘုရားစေတီများရှိသည့်အပြင် ဒေသအသီးသီးမှ လာရောက် တရားအားထုတ်သူများ၊ အဓိဋ္ဌာန်ဝင်သူများ တစ်နှစ်ပတ်လုံး ရှိနေကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ဧရာဝတီမြစ်ရေ မြင့်တက်သည့်ကာလတွင် ရေဝင်သည့် ကျေးရွာများမှ ယက္ကန်းစင်တောင်ဒေသသို့ လူနှင့် ကျွဲ၊ နွားများပါ ပြောင်းရွှေ့နေထိုင်လေ့ရှိသည့် နေရာများအနီးတွင် ခိုင်မာတိုးကုမ္ပဏီက စကျင်ကျောက်များအား စက်ယန္တရားများဖြင့် တူးဖော်နေသည့်အတွက် ဒေသခံများနှင့် သာသနာ့တာဝန် ထမ်းရွက်နေသော သံဃာများအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ယက္ကန်းစင်တောင်ဒေသဆိုတာ တကယ့်သမိုင်းဝင် သာသနာ့နယ်မြေတစ်ခုပါ။ ဒီတောင်ကို ဒေသအသီးသီးက ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တွေ လာရောက်ပြီး ဘာသာတရားလုပ်ကြတယ်။ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ သမိုင်းဝင် ဆုတောင်းပြည့်ဘုရား လို၊ ခြေတော်ရာစေတီတွေရှိတယ်။ ဒီလိုနေရာအနီးမှာ ယမ်းမိုင်းတွေ ဖောက်၊ စက်ယန္တရားကြီးတွေနဲ့ ကျောက်ထုတ်လုပ်နေတော့ တုန်ခါမှုတွေ၊ ဆူညံမှုတွေဖြစ်တဲ့အတွက် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတယ်” ဟု ယက္ကန်းစင်တောင်ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။
ယခုအခါ ယက္ကန်းစင်တောင်ဒေသတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံ၊ ဘိုးဘားရိပ်သာနှင့် ဓမ္မစင်တာ ဆောက်လုပ်မှု မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေဂုန်တိုင်၊ ရွှေဒုံး၊ ရွှေဘယက်၊ ဝက်ပေါင်၊ လက်ပံစင်၊ ညောင်ပင်ရွာ၊ ငှက်စား၊ ငါးအိမ်ထောင်၊ ကောက်ရိုးပုံ စသည့်ကျေးရွာများ မှလည်း ယက္ကန်းစင်တောင်ပေါ် နေရာအသီးသီးတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
“ခိုင်မာတိုးကုမ္ပဏီက ဆေးရုံ၊ ဘိုးဘွားရိပ်သာရဲ့ ခြံစည်းရိုးအနီးမှာ ကပ်ပြီး စက်ယန္တရားကြီးတွေနဲ့ ကျောက်ထုတ်နေတော့ ဆေးရုံတက်မယ့် လူနာတွေနဲ့ ရိပ်သာဝင်တဲ့သူတွေအတွက် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ နောက် ရေကြီးလို့ တက်နေတဲ့ ဒေသခံတွေရဲ့ နေရာထိုင်ခင်းတွေ လျော့နည်းလာသလို တိရစ္ဆာန်တွေအတွက်လည်း စားကျက် မြေတွေ ပျောက်ကုန်တယ်။ ကုမ္ပဏီက ကျောက်တူးလို့ဖြစ်သွားတဲ့ ချိုင့်ဝှမ်းအတွင်းကိုလည်း နွားတွေ မတော်တဆကျပြီး သေဆုံးတာတွေ လည်း ဖြစ်ခဲ့ဖူးတော့ ဒေသခံတွေအနေနဲ့ ကျောက်ထုတ်ခွင့်ပြန်ပေးတာကို လုံးဝကန့်ကွက်ပါတယ်” ဟု ရွှေဂုန်တိုင်ကျေးရွာမှ ကိုဝင်းထွေးက ပြောကြားသည်။
ယက္ကန်းစင်တောင်ဒေသ သာသနိကနယ်မြေအနီး စကျင်ကျောက်ထုတ်ယူမှုနှင့် ပတ်သက်၍ ဆရာတော်များနှင့် ဒေသခံများ က ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း၊ ယင်းနောက် ကျောက်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး ယခုအခါ သတ္တုတွင်းဝန်ကြီးဌာနမှ စကျင်ကျောက် ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ခွင့်ပေးခဲ့ခြင်းကြောင့် ကုမ္ပဏီမှ ကျောက်များအား ဆက်လက်ထုတ်ယူနေသည့်အပေါ် ဒေသခံများနှင့် ဆရာတော်များက ကန့်ကွက်ကြောင်း သက်ဆိုင်ရာဌာန အသီးသီးသို့ စာတင်သွားမည်ဖြစ်ရာ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိပါက ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယက္ကန်းစင်တောင် သာသနာ့နယ်မြေအနီး စကျင်ကျောက် ပြန်လည်ထုတ်ယူခွင့်ပြုမှုအပေါ် ဒေသခံများနှင့် ဆရာတော်များ ကန့်ကွက်









