အာရှယူ-၁၆ ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် မြန်မာအသင်း သြစတြေးလျကို ရှုံးနိမ့်ပြီးခြေစစ်ပွဲမှ ထွက်ခွာ

အာရှယူ-၁၆ ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် မြန်မာအသင်း သြစတြေးလျကို ရှုံးနိမ့်ပြီးခြေစစ်ပွဲမှ ထွက်ခွာ
Published 18 September 2015

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၁၆ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု(J) ဒုတိယပွဲစဉ်တွင် မြန်မာအသင်းက သြစတြေးလျအသင်းကို (၃-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ခြေစစ်ပွဲ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရကြောင်း သိရသည်။ မြန်မာ ယူ-၁၆ အသင်းသည် ယနေ့ပွဲစဉ်တွင်လည်း ဟိန်းထက်အောင်၊ သက်ပိုင်ထွေး၊ စည်သူမိုးခန့် စသည့်အမာခံကစားသမားများအသုံးပြုပွဲထွက်ခဲ့သော်လည်း သြစတြေးလျအသင်းကို ပထမပိုင်း ပေးဂိုးများဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်အတွင်လည်း အိမ်ရှင် ဗီယက်နမ်အသင်းကို (၅-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ဗီယက်နမ်အသင်းမှာ ဂူအမ်အသင်းကို (၁၈-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် မြန်မာအသင်းမှာ ခြေစစ်ပွဲအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။ သြစတြေးလျအသင်းအတွက် ဂိုးများကို ပွဲချိန် (၂)မိနစ်၊ (၂၈)မိနစ်နှင့် (၃၈) မိနစ်တို့တွင် သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကို ပွဲချိန်(၂၆)မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ 
 
သြစတြေးလျအသင်းမှာမူ ပထမပွဲတွင် ဂူအမ်အသင်းကို (၁၄-ဝ) ရလဒ်ဖြင့် အနိုင်ရထားသောကြောင့် (၂)ပွဲ ကစား(၂) ပွဲနိုင် ရမှတ် (၆)မှတ်ဖြင့် ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းသွားပြီဖြစ်ကြောင်း သိရသည်။ဗီယက်နမ်အသင်းနှင့် သြစတြေးလျအသင်းတို့မှာ အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အိမ်ရှင်ဗီယက်နမ်အသင်းမှာ ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။ အာရှယူ-၁၆ ပြိုင်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်တွက် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ် ပြီး ခြေစစ်ပွဲအုပ်စု(၁၁) စုမှ ထိပ်ဆုံး(၁)သင်းစီနှင့် အကောင်းဆုံး အုပ်စုဒုတိယ(၄)သင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး အိမ်ရှင်အသင်းနှင့်အတူ စုစုပေါင်း (၁၆)သင်း နောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။