နိုင်ငံတကာ သံရုံး ၈ ခုက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထုတ်ပြန်သော ကြေညာချက်၌ ပါရှိချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်

နိုင်ငံတကာ သံရုံး ၈ ခုက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထုတ်ပြန်သော ကြေညာချက်၌ ပါရှိချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်
Published 18 September 2015

ရန်ကုန်မြို့ အခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန် သံရုံးများမှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက် တစ်ရပ်ကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်ပါ ပြည်သူများ အကြား အထင်အမြင် လွဲမှားမှုကို ဖြစ်ပေါ်စေနိုင်သည့် ဖော်ပြချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။မကြာမီတွင် ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည်ကို အလေးထားသည့်အလျောက် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် ယင်းပူးတွဲ ကြေညာချက်ပါ အားပေးထောက်ခံမှုကို အသိအမှတ်ပြုကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာပြည်သူများ အားလုံး တည်ငြိမ် အေးချမ်းစွာဖြင့် တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းအားထုတ် ပြင်ဆင်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် ချောမွေ့တိုးတက် ဖြစ်ပေါ်နေချိန်တွင် ပူးတွဲကြေညာချက်ကြောင့် အပြုသဘော မဆောင်သည့် မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်မည်ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ပူးတွဲကြေညာချက်တွင် ဖော်ပြပါရှိသည့် နိုင်ငံများ၏ စိုးရိမ်မကင်း ဖြစ်ရသည် ဟူသည့် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကိစ္စကြီးငယ်များကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဘက်လိုက်ခွဲခြားမှု မရှိဘဲ တရားမျှတစွာ ဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စီမံ ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ယခုကဲ့သို့ သိမ်မွေ့နက်နဲသည့် အချိန်အခါတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အေးချမ်းကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ရပ်ကို ကြိုးစား ဖန်တီးနေကြသည့် မြန်မာပြည်သူများ၏ ကြိုးပမ်း အားထုတ်မှုများကို လျစ်လျူရှုရာ ရောက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အနိုင်ရသည့် ပါတီအား အာဏာလွှဲပြောင်းမှု မရှိသည့် အခြေအနေနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်အဖြစ် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန် သံရုံးတို့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အသီးသီးသော လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက် ပေးနိုင်သည့် ကောင်းမွန်သော ယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွနု်ပ်တို့က ကူညီပံ့ပိုးလျက် ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။