၁၉၄၇ ခုနှစ် ပူလစ်ဇာဆုရ A Streetcar Named Desire ပြဇာတ်ကို တင်နက်ဆီဝီလျံက ရေးသားခဲ့သည်။ ထိုပြဇာတ်ကို ရုပ်ရှင် ဒါရိုက်တာကြီး အလီယာကာဇန်က ပြဇာတ် အမည်အတိုင်း ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ အဖြူအမည်း ရုပ်ရှင်ကားကို ၁၉၅၁ တွင် ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်မှာ မာလွန်ဘရန်ဒို ဖြစ်၏။ ယဉ်ကျေးမှုအရ လည်းကောင်း၊ သမိုင်းဆိုင်ရာအရ လည်းကောင်း၊ ရသပညာ ပိုင်းဆိုင်ရာအရ လည်းကောင်း ထူးခြားသည့် ရုပ်ရှင်ဟု ရုပ်ရှင်သုတေသီများက သတ်မှတ်ခဲ့ကြသည်။ယခုလည်း အာဖဂန်တွင် A Streetcar Named Desire (သရော်စာဟု အမည်တွင်သည့် လမ်းပေါ်မှယာဉ်) ဟုဆိုရမည့် ကဘူးလ်အငှားယာဉ် Kabul Taxi ထွက်ပေါ်လာသည်။အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှ အငှားယာဉ်တွင် နိုင်ငံအတွင်း၌ တန်ခိုးထွားနေသော စစ်ဘုရင်များမှသည် နိုင်ငံရေး နယ်ပယ်တွင် အာဏာ ရယူထားသော အေလိများနှင့် အစိုးရ၏ လုပ်ဆောင်မှုများ မကျေ မနပ်ဖြစ်နေမှုများကို သရော်ထားသည်။တကယ်တော့ ကဘူးလ် အငှားယာဉ်မှာ ဖေ့စ်ဘွတ်အမည်တစ်ခု ဖြစ်သည်။ ကဘူးလ် အာဏာပိုင်များက ဖေ့စ်ဘွတ်ကို တည်ထောင်သူများနှင့် ပါဝင် ပတ်သက်နေသူများကိုစုံစမ်းမှုတွေ ပြုလုပ်နေကြသည်။ နိုင်ငံလုံခြုံရေးကို ယင်းဖေ့စ်ဘွတ်က ထိပါးနှောင့်ယှက် နေသည်ဟု စွပ်စွဲမှုတွေ ပြုလုပ်နေကြသည်။နိုင်ငံလုံခြုံရေးကို ယင်းဖေ့စ်ဘွတ်က ထိပါးနှောင့်ယှက်နေသည်ဟု စွပ်စွဲမှုတွေဖြင့် ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ကာဘူးလ်မြို့နှင့် အခြားမြို့များရှိ လူငယ်နိုင်ငံရေး မျိုးဆက်သစ်များကတော့ ကဘူးလ်အငှားယာဉ် အမည်ရှိ ဖေ့စ်ဘွတ်တွင်ပါသည့် သရော်စာများကို နှစ်သက်နေကြသည်။ယခင် ဖေ့စ်ဘွတ်သည် ဧပြီလတွင် စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဝါရောင် တိုယိုတာ အငှားယာဉ်၏ ရှေ့ဘက်ရှိ မှန်သားပြင်တွင် “ ဘဝသည် ခါးသီးပြီး အနာဂတ်သည် မရေရာ ” ဟူသော စာတန်း ရေးထားသည်။ ဤစာကြောင်းသည် စကားတွေအများကြီး၊ အနက်အဓိပ္ပာယ်ကလည်း တစ်ပုံတစ်ပင်။ ပြည်သူလူထုကြီးသည် အကျင့်ပျက်ခြစားမှုများ ပြည့်နှက်နေသည့် အစိုးရကို မကျေနပ်ကြ။အာဖဂန်နိုင်ငံရေးကလည်း ဘာမှ မရေရာ။ ဖေ့စ်ဘွတ်တွင် တင်ထားသော အချို့ အကြောင်းအရာတွေက ရာထူးကြီးမားသော အစိုးရအရာရှိများ ဗျူရိုကရက်ကြီးများသည် လွှတ်တော်ထဲတွင် တီးတိုးတီးတိုး စကားပြောနေကြပုံ၊ ဟာသနှောနေကြပုံများကို တင်ထားသည်။သမ္မတ ဂါနီ၊ သူ့ပြိုင်ဘက် အမှုဆောင် အရာရှိ တာဝန်ယူထားသူ အဗ္ဗဒူလာအဗ္ဗဒူလာ။ ထို့ပြင် အမျိုးသားရေးဆိုင်ရာ လုံခြုံမှု အကြံပေးပုဂ္ဂိုလ် ဟာနစ်အက်မာနှင့် ပတ်သက်၍ ဖော်ပြမှုများ ပါလာသဖြင့် ဖေ့စ်ဘွတ်မှာ တိုက်ခိုက်ခံရသည်။ အက်မာနှင့် သူ့ရင်သွေး ၂၇ ဦးအကြောင်း၊ ထို့ပြင် အမျိုးသား လုံခြုံရေး ကောင်စီတွင် ခန့်ထားသူဦးရေ များပြားနေမှု၊ ၎င်းတို့၏ မြင့်မားသော လစာငွေများ အကြောင်းကိုလည်း ကဘူးလ် အငှားယာဉ် ဖေ့စ်ဘွတ်ထဲတွင် တင်ထားသည်။အာဖဂန်တွင် ဆွေမျိုးကောင်းစားရေး ဝါဒနှင့် လက်သင့်ရာ စားတော်ခေါ်နေသည့် ဝါဒတွေကို တွေ့မြင်ရသည်။ ဖေ့စ်ဘွတ်တွင် ဖော်ပြထားသော အကြောင်းအရာများနှင့် ပတ်သက်ပြီး အက်မာက ဒေါသူပုန်ထနေသည်။ဂျာနယ်လစ်များသည် သူ၏အကြံပေး ပုဂ္ဂိုလ်များကို နာမည်နှင့် တပ်ရေးသားနေကြသဖြင့် အစိုးရ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်နေသည် ဟုလည်း အပြစ်တင်နေသည်။အာဖဂန်ရှိ မီဒီယာများကတော့ အကြံပေး ပုဂ္ဂိုလ် အမည်များမှာ အစိုးရက ထုတ်ပြန်သည့် ဖေ့စ်ဘွတ်တွင် ပါရှိပြီးသား ဖြစ်ကြောင်း ပြန်လည် ချေပကြသည်။ ကဘူးလ် အငှားယာဉ်သည် လူကြိုက်မှုနှုန်း မြင့်တက်လာ သည်။ Like လုပ်သူ ၆၀၀၀၀ ကျော် ရှိလာသည်။ ကဘူးလ် အစိုးရကတော့ သရော်စာ ရေးသူကို အကြမ်းဖက်သမားများအဖြစ် ယူဆနေကြကြောင်း ကဘူးလ် အငှားယာဉ် ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။ဖေ့စ်ဘွတ် အသုံးပြုသူ တစ်ဦးကလည်း “ အာဖဂန်အစိုးရ လုံခြုံရေး ကောင်စီအနေဖြင့် အသေခံ ဗုံးဖောက်ခွဲသူများကို စုံစမ်းရန်သာရှိကြောင်း အငှားယာဉ်မောင်း ဖေ့စ်ဘွတ်ကို စုံစမ်းဖို့ မလိုကြောင်း ရေးသားထားသည်။နိုင်ငံရေး သရော်စာ အရေးအသားသည် အာဖဂန်တွင် ခေတ်စားနေသည်။ စစ်ဘုရင် ဝါဒ၊ အကျင့်ပျက် ခြစားမှုနှင့် ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒများ ထွန်းကားနေသော နိုင်ငံတစ်နိုင်ငံတွင် ပြည်သူ လူထုကြီးသည် အတိဒုက္ခ ရောက်နေကြရသည့် အဖြစ်များကို သရော် လှောင်ပြောင်သည့်စာများ ထွန်းကားလာသည်မှာ သဘာဝကျသည်။အာဖဂန်နိုင်ငံရှိ နိုင်ငံရေး သမားဆိုသူများသည် ရိုးသားမှု မရှိကြ။ သူတို့တစ်တွေသည် အာဏာကို မက်မော နေကြသူများ ဖြစ်ကြသည်။ သူတို့နှင့် ဆက်စပ် ပတ်သက်နေသူများ၏ အကျိုးစီးပွားကို လုပ်ကိုင် နေကြကြောင်း ရေးသားကြသည့် စာတွေကို ပြည်သူလူထုက နှစ်သက် သဘောကျကြသည်။ သို့ဖြစ်၍ သရော်စာများသည် စာဖတ်သူများ ခံတွင်းတွေ့သည့်စာများ ဖြစ်လာသည်။“ အာဖဂန်မှာ သရော်စာရဲ့ အခန်းကဏ္ဍက အရေးပါနေပါတယ်။ သရော်စာက ပြည်သူလူထုအပေါ် သြဇာလွှမ်းမိုးပါတယ် ” ဟု အာဖဂန် ကြက်သွန်နီ အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသည့် ဝက်ဘ်ဆိုက် တည်ထောင်သူ တစ်ဦးက ပြောကြားသည်။အာဖဂန် အာဏာပိုင်တွေက ကဘူးလ် အငှားယာဉ် ဖေ့စ်ဘွတ်ကို စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီး ပိတ်ပစ်လိုက်သည်။ ဤသို့ လုပ်ဆောင်မှုများ လွတ်လပ်စွာ ရေးသားဖော်ပြမှုကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး ကာကွယ်သူများကလည်း ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း မီဒီယာ ဖိနှိပ်မှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။သရော်စာ အတတ်ပညာ စာအုပ်ရေးသားသူ ဂျလာနူးရ်ရာနီကတော့ သရော်စာ ရေးသားသူများသည် အကျပ်အတည်းများကြားမှ လူးလွန့် ထွက်ပေါ်လာမည်ဟု ပြောကြားခဲ့သည်။ သရော်စာ ရေးသားသူများက ထောင်ချနိုင်ပေမယ့် သရော်စာ ရေးသားမှုကိုတော့ ပိတ်ပင်၍ မရကြောင်း နူးရ်ရာနီးက မှတ်ချက်ချသည်။အာဖဂန် အစိုးရကတော့ တာလီဘန်များ တိုက်ခိုက်ခံရပြီးနောက် ထောင်ထဲမှ လွတ်မြောက် ထွက်ပြေးသွားသည့် တာလီဘန်တွေကို မဖမ်းဆီးနိုင်။ သို့သော် ကဘူးလ် အငှားယာဉ် ဖေ့စ်ဘွတ်တွင် ပါဝင်ပတ်သက် နေသူများကိုတော့ လိုက်လံရှာဖွေလျက်ရှိသည်။ အကြမ်းဖက်သမားများနှင့် တာလီဘန်များကို နှိမ်နင်းနိုင်ခြင်း မရှိသည့် အာဖဂန် အစိုးရသည် အမှန်တရားကို ဖော်ပြနေသည့် ဂျာနယ်လစ်များကိုမူ ဖမ်းဆီး အရေးယူမှုများကို ပြုလုပ်လျက်ရှိသည်။ကဘူးလ်မြို့မှ အငှားယာဉ် ဖေ့စ်ဘွတ်မှ သရော်စာများသည် အာဖဂန်အစိုးရအတွက် မခံမရပ်နိုင်လောက်အောင် ပြင်းထန်သည့် ထိုးနှက်ချက်များ ဖြစ်နေသည်။










