အရှင် အာနန္ဒာက ဘုရားကို မေးလျှောက်တယ်။ “အရှင်ဘုရား ...သမာဓိရဲ့ အကျိုးရင်း အကျိုးဆက်တွေက ဘာပါလဲ” တဲ့။ဘုရားက “အာနန္ဒာ...သမာဓိရဲ့ အကျိုးရင်း အကျိုးဆက်တွေက ယထာဘူတဉာဏ ဒဿန- ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းပဲ” လို့ ဖြေတော်မူခဲ့တယ်။ လောကအကြောင်းပဲ ဖြစ်စေ၊ ဓမ္မအကြောင်းပဲ ဖြစ်စေ အရေးကြီးတာက ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းဆိုတဲ့ ယထာဘူတဉာဏ ဒဿနÓဏ်ပါပဲ။မိလိန္ဒမင်းကြီးက အရှင်နာဂသိန်ကို မေးတယ်။ “အရှင်ဘုရား ...သမာဓိရဲ့ လက္ခဏာက ဘာပါလဲ” တဲ့။အရှင်နာဂသိန်က “မင်းကြီး ...သမာဓိရဲ့ လက္ခဏာက အကြီးအမှူးဆိုတဲ့ လက္ခဏာပဲ” လို့ ဖြေတယ်။ “ဘာရဲ့ အကြီးအမှူးပါလဲ” လို့ ဆက်မေးလို့ “ကုသိုလ်တရားတို့ရဲ့ အကြီးအမှူးပဲ၊ ကုသိုလ်တရား အားလုံးဟာ သမာဓိကိုပဲ ကိုင်းညွတ်ကြရတယ်” လို့ ဖြေတော်မူတယ်။ ကုသိုလ်ကြောင့် ရရှိလာတဲ့ လူ့ဘဝမှာ အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ။ ကျန်တာတွေ မရချင်နေ၊ ကုသိုလ်ရအောင်တော့ နေရမယ်။ အဲဒီ ကုသိုလ်ဆိုတာလည်း သမာဓိရှိမှ ရတယ်။ သမာဓိရမှ ကုသိုလ်ရတယ်။သမာဓိ၊ (သံ + အာဓိ) သံ- ကောင်းစွာ၊ အာဓိ- ထားခြင်း။ အာရမ္မဏေ စိတ္တံ သမ္မာ အာဓိ ယတိ ဌပေတီတိ သမာဓိ ဟူသော အဘိဓမ္မာ အဋ္ဌကထာဝိဂြိုဟ်အရ မိမိအာရုံပြုတဲ့ အာရုံ တစ်ခုခုမှာ မိမိစိတ်ကို ကောင်းစွာထားခြင်းကို ‘သမာဓိ’ လို့ ခေါ်ပါတယ်။အာရမ္မဏေ စိတ္တံ သမံ အာဓိယတီတိ သမာဓိ ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာဝိဂြိုဟ်အရ မိမိယူတဲ့ အာရုံအပေါ်မှာ စိတ်ကို အညီအမျှ ထားခြင်းကို ‘သမာဓိ’ လို့ ခေါ်ပါတယ်။အာရုံတစ်ခုခုဆိုတာ ကောင်းချင်လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးမယ်။ ကောင်းစွာထားဆိုတာ အာရုံနဲ့စိတ် တစ်ထပ်တည်း ကျနေတာ၊ အာရုံတစ်ပါး စိတ်မသွားတာ၊ စိတ်မရောက်တာကို ပြောတာ။ဂုဏ်တော်ပွားတော့ ဘုရားအာရုံ၊ တရားမှတ်တော့ တရားအာရုံ၊ မေတ္တာပို့တော့ သတ္တဝါ ပညတ်အာရုံ၊ ကသိုဏ်းရှုတော့ ကသိုဏ်းအာရုံ၊ အဲဒီလို ကောင်းတဲ့ အာရုံတွေပေါ်မှာ အာရုံတစ်ပါး စိတ်မသွားအောင်ထားတော့ သမ္မာသမာဓိ ဖြစ်တယ်။ ငါးမျှားတဲ့ တံငါသည်က ငါးမျှားတန်၊ ဖော့တုံး စသည်တို့ အပေါ်မှာ ကောင်းစွာထားတာကိုတော့ မိစ္ဆာသမာဓိ ခေါ်တယ်။ ကုသိုလ်ကိစ္စ အပေါ်မှာ ကောင်းစွာထားတော့ သမ္မာသမာဓိ၊ အကုသိုလ် အလုပ်တွေ အပေါ်မှာ စိတ်ကို ကောင်းစွာထားတော့ မိစ္ဆာသမာဓိ။သမထ ဘာဝနာကုသိုလ်၊ ဝိပဿနာ ဘာဝနာ ကုသိုလ်အဆင့်က သမာဓိကိုတော့ ဥပစာရသမာဓိ ခေါ်တယ်။ ဈာန်မဂ်ဖိုလ်တွေနဲ့ စပ်ဖြစ်တဲ့ သမာဓိကိုတော့ အပ္ပနာ သမာဓိ ခေါ်တယ်။ နှစ်ခုစလုံးကတော့ သမ္မာသမာဓိပေါ့။ တရားအလုပ်ဆိုတာ သမာဓိ အလုပ်ပါပဲ။ သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ - သမာဓိရမှသာ ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို သိနိုင်၊ မြင်နိုင်ပါတယ်။သမာဓိဆိုတာ ပျံ့နေလွင့်နေတဲ့စိတ်ကို မပျံ့မလွင့်အောင် အာရုံ တစ်ခုခုမှာ စုနေအောင် စုစည်းတဲ့ အလုပ်ပါပဲ။ တစ်နေရာရာမှာ စုစုစည်းစည်းဖြစ်အောင် လုပ်ရတဲ့ အလုပ်ပါပဲ။နှာသီးဝက ဝင်လေထွက်လေအပေါ်မှာ ဖြစ်စေ၊ ဝမ်းဗိုက်က ဖောင်းတဲ့ပိန်တဲ့ အပေါ်မှာ ဖြစ်စေ ပျံ့နေတဲ့ စိတ်ကို ဆွဲယူစုစည်း ရပါတယ်။ ဝင်လေကို သိပါ၊ ထွက်လေကို သိပါ၊ ဖောင်းတာကို သိပါ၊ ပိန်တာကို သိပါ၊ ထိုင်မှု ထိမှုကို သိပါ၊ အခြားအခြား မြင်မှုကြားမှု၊ နာကျင်ကိုက်ခဲမှုကို သိပါ။ ဒါဟာ သတိပဋ္ဌာန် အလုပ်ပါ၊ သမာဓိ အလုပ်ပါ။သမာဓိ အလုပ်ဆိုတာ စိတ်အနားပေးခြင်းလည်း ဖြစ်ပါတယ်၊ စိတ်အားဖြည့်တာလည်း ဟုတ်ပါတယ်။ မိမိတို့ စိတ်ဟာ ဟိုတွေး ဒီတွေး၊ ဟိုကြံဒီကြံနဲ့ နားရတယ်ကို မရှိပါဘူး၊ ပင်ပန်းလှပါပြီ။ အဆင်မပြေတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ နေနေရတဲ့ သူတွေအဖို့ အထွေထွေ မပြေလည်မှုတွေကြောင့် မကျေနပ်ချက်တွေက များတော့ စိတ်ပိုပင်ပန်းရပါတယ်၊ စိတ်ပိုဆင်းရဲရပါတယ်။ စိတ်ထဲမှာ ဒေါသ ဒေါမနဿ ဆိုတာတွေက အချိန်တော်တော် ယူထားပါတယ်။ အဲဒီတော့ စိတ်အားတွေလည်း ယုတ်ပါတယ်။ အများစုဟာ စိတ်ပင်ပန်း၊ စိတ်နွမ်းနယ်၊ စိတ်အားတွေ ယုတ်လျော့၊ စိတ်ခုခံအားတွေကျ၊ ဒီလို နေနေရတဲ့ ခေတ်ကာလပါ။ ဒါ့ကြောင့် သမာဓိ အလုပ်နဲ့ စိတ်အနားပေးရပါမယ်၊ သမာဓိ အလုပ်နဲ့ စိတ်အားတွေ ပြန်ဖြည့်ရပါမယ်။ သမာဓိ အလုပ်နဲ့ စိတ်အားပြန်ဖြည့်မှ စိတ်ဓာတ်တွေ လန်းဆန်းတက်ကြွ အလုပ်လုပ်လို့ ကောင်းလာမှာပါ၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာမှာပါ။စိတ်ကို စုစည်းနိုင်မှု သမာဓိအလုပ် အားကောင်းလို့ သမာဓိ အားကောင်းလာတဲ့ အခါ လောကသိပ္ပံ ပညာရှင်တွေ ဘယ်လိုမှ လိုက်မမီနိုင်တဲ့ စိတ်စွမ်းအားနဲ့ အထပ်ထပ် ဆန်းကြယ်တဲ့ ဈာန်မဂ်ဖိုလ်တွေ ဖြစ်လာပါတယ်။ သမာဓိ အားကောင်းလို့ ဈာန်အဆင့် ရောက်ရင် မြေလျှိုးချင်သလား လျှိုးလို့ရတယ်၊ မိုးပျံချင်သလား ပျံလို့ရတယ်။ စိတ်ကို စုစည်းနိုင်မှသာ ဈာန်ရနိုင်တယ်၊ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တယ်၊ သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်တယ်။ သမာဓိရဲ့ ပါဝါစွမ်းအားဟာ အဲဒီလောက် ကြီးမားပါတယ်။သမာဓိကို အရကောက်တော့ ဧကဂ္ဂတာ စေတသိက်ရပါတယ်။ ဧကံ အဂ္ဂံ ယဿာတိ ဧကဂ္ဂံ၊ ဧကဂ္ဂဿ ဘာဝေါ ဧကဂ္ဂတာလို့ ဝိဂြိုဟ် ပြုတယ်။ အဓိပ္ပာယ်က အာရုံတစ်ခုတည်းသာ ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ဧကဂ္ဂတာရဲ့ သဘောက မရွေ့မလည် တည်ကြည်ခြင်း လက္ခဏာရှိတယ်။ဝိစိကိစ္ဆာရဲ့ သဘောက အာရုံ တစ်ခုတည်းမှာ အဖုံဖုံ ယုံမှားလျက် ကောင်းစွာ မတည်နိုင်ဘူး။ ဥဒ္ဓစ္စကလည်း အာရုံတစ်ခုမှာ တုန်လှုပ်လျက် ငြိမ်သက်စွာ မတည်နိုင်ဘူး။ ဧကဂ္ဂတာဆိုတာ အဲဒီဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စတို့ကို ဆန့်ကျင်ဘက်ပြုလျက် ငြိမ်သက်တည်ကြည်ခြင်း လက္ခဏာ ရှိတယ်။ဧကဂ္ဂတာဟာ ယှဉ်ဖော်ယှဉ်ဘက် တရားတွေကို ဖရိုဖရဲ မကျဲစေမှု ပေါင်းစုစေတဲ့ အလုပ်ကို လုပ်တယ်။ စည်းစည်းလုံးလုံး ရှိရေးအတွက် စည်းရုံးရေး အလုပ်ကို လုပ်တယ်။ ဥပမာ ရေဟာ ဆန်မှုန့်၊ ဂျုံမှုန့်တွေကို ဖရိုဖရဲ မကျဲအောင်တွေ ခဲပေါင်းစုစေသလို၊ နှစ်ဖက် စစ်တိုက်ရာမှာ ဖရိုဖရဲ ပြိုကွဲလုမတတ်ဖြစ်နေတဲ့ စစ်တပ်ကို စစ်သူကြီးကိုယ်တိုင် အစည်းအလုံး မပျက်အောင် စည်းကြပ်စေသလို ယှဉ်ဘက် စိတ်စေတသိက် တရားတွေကို စည်းစည်းလုံးလုံးဖြစ်အောင် စည်းရုံး ပေါင်းစုပေးခြင်းဟာ ဧကဂ္ဂတာပါပဲ။ဧကဂ္ဂတာဆိုတာ လေငြိမ်ရာအရပ်မှာ ဆီမီးတောက်လေး ငြိမ်သက်နေသလို ငြိမ်သက်နေတဲ့ တရားလို့ ယောဂီမြတ်တို့ရဲ့ဉာဏ်မှာ ထင်ရှားတယ်။ ဧကဂ္ဂတာရဲ့ အစွမ်းကြောင်း အာရုံတစ်ခုမှာ စိတ်ရဲ့တည်တံ့ခြင်းဟာ စိတ္တက္ခဏတစ်ချက်မျှ တည်တံ့ခြင်းမျိုး မဟုတ်၊ လေငြိမ်ရာမှာ မီးလျှံရဲ့ တည်ငြိမ်ပုံမျိုး အာရုံတစ်ခုတည်းမှာ စိတ်အစဉ်မပြတ် ထပ်ကာထပ်ကာ အာရုံပြုနေခြင်း သဘောပဲ။ ဧကဂ္ဂတာဖြစ်ဖို့ အနီးဆုံး အကြောင်းက စိတ်ချမ်းသာမှုပါ၊ စိတ်ချမ်းသာသူမှာ သမာဓိအားကောင်းလို့ စိတ်ချမ်းသာမှုဟာ သမာဓိဖြစ်ဖို့ အနီးဆုံး အကြောင်းပါပဲ။လောကထဲမှာ ဓမ္မလည်း ရှိတယ်၊ အဓမ္မလည်း ရှိတယ်။ ဓမ္မက လောကကို စောင့်ရှောက်တယ်၊ အဓမ္မက လောကကို ဖျက်ဆီးတယ်။ လောကထဲက လူသားဟာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်ရတယ်၊ လောကဆိုတဲ့ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရတယ်။ လောကသားဟာ လောကအလုပ်ကိုလည်း လုပ်ရတယ်၊ ဓမ္မအလုပ်ကိုလည်း လုပ်ရတယ်။ ဓမ္မအလုပ် လုပ်ရာမှာ ဧကဂ္ဂတာကျဖို့ လိုသလို လောကအလုပ် လုပ်ရာမှာလည်း ဧကဂ္ဂတာကျဖို့ လိုပါတယ်။အိမ်တစ်အိမ်မှာ အဖေက တစ်မျိုး၊ အမေက တစ်ဘာသာ၊ သားသမီးက တစ်ပုံစံဆိုရင် ထိုမိသားစု ဘယ်လိုမှ တည်ငြိမ်မှု၊ အေးချမ်းမှုရှိမှာ မဟုတ်ဘူး။ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ မိသားစုဝင် အားလုံးကတော့ အလုပ်အကိုင် အဆင်ပြေချင်တယ်၊ စားဝတ်နေရေး အဆင်ပြေချင်တယ်။ ဒီ အဆင်ပြေချင်တဲ့ ဆန္ဒကတော့ အတူတူပဲ၊ ဧကဂ္ဂတာ ကျတယ်။ အားလုံး ဆန္ဒတွေ တူနေကြရင် ကျန်တာတွေကို ညှိယူရမယ်။ ဘယ်အရာမှ ကိုယ့်အလိုကျ ကိုယ့်စိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး၊ ဒါဟာ အနတ္တသဘောပဲ။ အပေးအယူ၊ အလျှော့အတင်း၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ သဘောထားကြီးမှု၊ အရှည်ကို မျှော်ကိုးမှု စတာတွေနဲ့ သွားကြရမှာ။ အရာရာမှာ ငါတကောကော အတ္တတွေ မာနတွေ ရှေ့တန်းတင်နေလို့တော့ မဖြစ်ဘူး။မိမိတို့နိုင်ငံ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်တော့ တိုင်းရင်းသား ညီအစ်ကိုတွေ စုစုစည်းစည်း၊ စည်းစည်းလုံးလုံး ရှိခဲ့ကြလို့၊ ဧကဂ္ဂတာကျ သမာဓိ ရခဲ့ကြလို့ အင်္ဂလိပ် လက်အောက်က လွတ်မြောက် လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေး ရခါနီးနဲ့ ရပြီးခါစ ကတည်းက သူတစ်လူ ငါတစ်မင်းနဲ့ အစုအစည်းတွေပြေ၊ စည်းလုံးမှု ပျက်ပြားသွားကြလို့၊ ဆန္ဒတွေ ဖရိုဖရဲ ပြိုကွဲသွားကြလို့ တိုင်းပြည် ဒုက္ခရောက်ခဲ့တာ ယခုထက် တိုင်အောင်ပါပဲ။နိုင်ငံတော်ဆိုတာ တကယ်တော့ နိုင်ငံသားတွေပါပဲ၊ ပြည်သူတွေပါပဲ။ နိုင်ငံတစ်ခု တည်ဆောက်ရာမှာ နိုင်ငံသားဖြစ်တဲ့ ပြည်သူတွေနဲ့ပဲ တည်ဆောက်ရပါတယ်။ နိုင်ငံသားဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်မှသာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်ဆိုတာ ဖြစ်ပါတယ်။အစိုးရဆိုတာ နိုင်ငံသားဖြစ်တဲ့ ပြည်သူတွေ ဆန္ဒကို အကောင်အထည် ဖော်ပေးရုံမျှ သက်သက်ပါပဲ။ အစိုးရ အလိုကျ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ မိမိတို့နိုင်ငံ ရာစုဝက်ခန့်မျှ ပရမ်းပတာ ပျက်စီးခဲ့ရတာဟာ နိုင်ငံသားတို့ရဲ့ ဆန္ဒကို မျက်ကွယ်ပြုတိုင်း ပြည်ကို သူတို့အလိုကျ တည်ဆောက်ခဲ့လို့ပါပဲ။နိုင်ငံတစ်ခုမှာ ပြည်သူသာ ပဓာနပါ၊ ပြည်သူသာ ပထမ မဏ္ဍိုင်ပါ။ အစိုးရဆိုတာ ပြည်သူကို လေးစားရသလို ပြည်သူ့ဆန္ဒကိုလည်း လေးစားရပါတယ်။ ပြည်သူ့ဆန္ဒသည်ပင် အစိုးရဆန္ဒဖြစ်အောင် ကြိုးစားလုပ်ကိုင်ရပါတယ်။ ပြည်သူ့ဆန္ဒနဲ့ အစိုးရဆန္ဒ တစ်ထပ်တည်း ဧကဂ္ဂတာ ကျခဲ့ရင် အဲဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခု၊ အဲဒီ နိုင်ငံသားဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသား၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာတဲ့ နိုင်ငံသား မလွဲမသွေ ဖြစ်ရပါလိမ့်မယ်။ နိုင်ငံတော် အရေးကို စီမံခန့်ခွဲသူများ နိုင်ငံသားတို့ရဲ့ ဆန္ဒနဲ့ တစ်သားတည်း ဧကဂ္ဂတာ ကျကြပါစေ။










