စက်တင်ဘာ ၇ ရက်နှင့် ၉ ရက်များတွင် ဆီးရီးယားနိုင်ငံ သဲကန္တာရထဲတွင် သဲမုန်တိုင်းများ တိုက်ခိုက်ခဲ့သည်။ စစ်ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော ဆီးရီးယားနိုင်ငံတွင် နေ့စဉ်နဲ့အမျှ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယားနိုင်ငံ ဒေသအချို့နဲ့ အီရတ်နိုင်ငံ IS တို့သည် တိုက်ပွဲများ ဆင်နွှဲနေခြင်းကို ရပ်တန့်ရန်အတွက် နိုင်ငံတကာမှ လေကြောင်း တိုက်ပွဲများကို ဆင်နွှဲလျက် ရှိသော်လည်း IS တို့၏ ထိုးစစ်များမှာ ရပ်တန့်သွားခြင်း မရှိသေးပေ။
လေးနှစ်ခွဲကြာ ကာလမျှ ရှည်ကြာသော ဆီးရီးယားစစ်ပွဲကြောင့် စစ်ဘေးဒုက္ခသည်များ ဥပဒေသည် လေးသန်းကျော်မျှအထိ ရှိလာခဲ့သည်။ ဆီးရီးယား အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင် တပ်ဖွဲ့များ၊ အာဏာရှင်အစိုးရ၏ တပ်ဖွဲ့များနှင့် IS တို့၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများသည် မြေစာပင်ဘ၀ ရောက်ရှိနေရသည်။
ဆီးရီးယားအရေးသည် အလေးအနက်ထားရမည့် အရေးဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်ကြောင့် ပြည်သူနှစ်သိန်း လေးသောင်းခန့် အသက်ဆုံးရှုံး ခဲ့ကြသည်။ စစ်ဘေးဒုက္ခသည်များ အခြေအနေကလည်း အလွန်အမင်း ဆိုးရွားနေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်း စစ်ဘေးဒုက္ခသည်များ အရေအတွက်သည် အများဆုံးဖြစ်သည်။ နိုင်ငံတကာမှလည်း ဆီးရီးယားနိုင်ငံကို စွန့်ခွာထွက်ပြေးကြသည့် ဒုက္ခသည်များ အရေးကို အလေးအနက်ထား စဉ်းစားနေကြရမည်။
ကျောက်တုံးများသည်လည်း သွေးများဖြင့် စွန်းထင်းနေသည်။ မြေပြင်မှာလည်း သွေးတွေ အိုင်ထွန်းနေသည်။ အယ်လ်ကေးဒါးများနှင့် IS တို့၏ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခဲ့ရသည့် ပြည်သူများ၏ သွေးတွေသည် မြေပြင်ထက်တွင် အိုင်ထွန်းနေ၏။
သြဂုတ်လတွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ သံတမန်နည်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းလာကြသည်။ ရုရှားက အာဏာရှင် အာဆတ်ဘက်မှ ရပ်တည်ခဲ့သည်။ ပူတင်က အခြားအာရပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ဆီးရီးယားအရေးကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ အမေရိကန် အနေဖြင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု မရှိခြင်းကြောင့် ဆီးရီးယားစစ်ပွဲ ရှည်ကြာနေခြင်း ဖြစ်သည်ဟု ဆီးရီးယား အရေးကို စောင့်ကြည့်နေသူများက သုံးသပ်ထားကြသည်။ ဆီးရီးယား အရေးနှင့် ပတ်သက်၍ အိုဘားမား၏ နိုင်ငံခြားရေး အယူအဆတွင် အားနည်းချက်များ ရှိသည်ဟူသော ဝေဖန်ချက်များလည်း ထွက်ပေါ်နေကြသည်။ အီရတ်နှင့် အာဖဂန်စစ်ပွဲများတွင် ပါဝင်ပတ်သက်မှုကြောင့် ဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အမေရိကန် စစ်တပ်များ ခြေကုပ်ယူမှုကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့မှုကြောင့်လည်း ဆီးရီးယားအရေးတွင် အမေရိကန်တို့က လက်ရှောင်နေခြင်း ဖြစ်သည်ဟူသော အယူအဆ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ဤသို့ စစ်တပ်များစေလွှတ်ခြင်း မပြုခြင်းသည် မှန်ကန်သော နည်းလမ်းတစ်ရပ်ကို ချနိုင်ခြင်းမရှိသည့် အဖြစ်နှင့်လည်း ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ရုရှားကတော့ အီရန်နှင့် လက်တွဲပြီး အာဆတ်အစိုးရကို စစ်ရေးအရ လည်းကောင်း၊ သံတမန် ဆက်သွယ်မှုအရ လည်းကောင်း ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ ဆီးရီးယား ခေါင်းဆောင်များသည် IS များကို တွန်းလှန်နိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ဆီးရီးယားနိုင်ငံတွင် တိုက်ပွဲများ ပိုမိုပြင်းထန် နေရခြင်းဖြစ်ကြောင်း အမေရိကန်နှင့် မဟာမိတ်များက ယူဆထားကြသည်။
အာဆတ်ကို ရာထူးမှ ဖယ်ရှားပစ်ရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ ရုရှားက လုံး၀ လက်မခံပေ။ အာဆတ်မရှိလျှင် အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုမြန်ဆန် လာမည်ဟူသော အချက်ကိုလည်း ရုရှားက လက်မခံခဲ့ပေ။
၂၀၁၁ ခုနှစ်၌ စတင်ခဲ့သော ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက အာဆတ်ကို လက်နက်များနှင့် သတင်းထောက်လှမ်းမှုများကို အကူအညီပေးခဲ့သည်။ ရုရှားရေတပ်စခန်းရှိရာ တာတုတွင် ရုရှားရေတပ် သင်္ဘောများ ရပ်နားထားသည်။ ထို့ပြင် ခြေလျင်တပ်များကိုလည်း စေလွှတ်ထားသည်။ စစ်သားဦးရေမှာ ၁၀၀၀ ခန့်ရှိသည်။
ဤအချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များသည် ဆီးရီးယား၌ တပ်ဖွဲ့ဝင်များ လုံးဝစေလွှတ်ခြင်း မရှိဘဲ လေကြောင်းမှသာ ဒုံးကျည်များဖြင့် IS တို့ကို တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။ IS တို့ သိမ်းပိုက်ထားသည့် ရက်ကာတွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ရသည်။ အကယ်၍သာ ဆီးရီးယားနိုင်ငံ၏ ဒုတိယမြို့တော် အလက်ပိုမြို့ကို သူပုန်တပ်ဖွဲ့ဝင်များလက်ထဲ ကျရောက်သွားမည် ဆိုပါက အာဆတ်အနေဖြင့် အထိနာခဲ့မည်ဖြစ်သည်။ သို့သော် အာဆတ်ဆုံးရှုံးမှုထက် ယင်းဒေသတွင် နေထိုင်သည့် ပြည်သူများသည် အသက်ဘေး လွတ်မြောက်ရန်အတွက် ဒုက္ခသည်များအဖြစ် ထွက်ပြေးမှုများ ပြုလုပ်ကြမည် ဖြစ်သည်။
ဆီးရီးယားနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ ဒသမ ၆ သန်းရှိသည့် အနက် လေးသန်းမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ယခုဆိုလျှင် ဥရောပတိုက်သို့ ဒုက္ခသည် လှိုင်းလုံးများသည် ပြင်းထန်စွာ ရိုက်ခတ်နေပြီ ဖြစ်သည်။
အမေရိကန်အစိုးရ၏ မူဝါဒအပြောင်း အလဲမရှိပါက ဆီးရီးယားပဋိပက္ခ ပြေလည်နိုင်မည် မဟုတ်ပေ။ သက်တမ်းကုန်ဆုံးတော့မည့် အိုဘားမားအနေဖြင့် ဆီးရီးယားအရေးနှင့် ပတ်သက်၍ လက်တွေ့ကျသည့် ကိုင်တွယ်မှုမျိုး ပြုလုပ်မည့် လက္ခဏာလည်း မရှိသေးပေ။
ဥရောပတိုက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ဆီးရီးယား ဒုက္ခသည်များကတော့ အန္တရာယ်ကြီးမားလှသော မြေထဲပင်လယ်ကို ဖြတ်ကျော်လျက် ရှိသည်။










