နိုင်ငံခြားငွေလဲနှုန်း

နိုင်ငံခြားငွေလဲနှုန်း
Published 17 September 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

(၁)     ၁၉၉၄-၉၅ ခုနှစ်တွင် တောင်အမေရိက နိုင်ငံများ၌ ဖြစ်ခဲ့သော ဘဏ္ဍာရေးဆိုင်ရာ ပြဿနာ၊ ၁၉၉၇-၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံမှ စတင်ခဲ့သော ဘဏ္ဍာရေးပြဿနာ၊ ၁၉၉၈ ခုနှစ်သြဂုတ်တွင် ရုရှားနိုင်ငံတွင် ဖြစ်ခဲ့သော ဘဏ္ဍာရေးပြဿနာ၊ ၁၉၉၉ ခုနှစ် ဇန်နဝါရီတွင် ဘရာဇီးနိုင်ငံတွင် ဘဏ္ဍာရေး လိုငွေပြမှုကို နောက်ခံအနေဖြင့် ရှိခဲ့သော ငွေရေးကြေးရေး ပြဿနာ၊ ၂၀၀၁ ခုနှစ် ဖေ ဖော်ဝါရီလတွင် အလားတူ တူရကီနိုင်ငံတွင် ဖြစ်ခဲ့သော ငွေကြေးပြဿနာ၊ ၂၀၀၁ ခုနှစ် ဇွန်လတွင် အာဂျင်တီးနားနိုင်ငံတွင် ဖြစ်ခဲ့သော ဘဏ္ဍာရေးပြဿနာ စသည်တို့ အပြင် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ စသည့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ပြဿနာများ၏ အခြေခံ အကြောင်းရင်းများကို သိရှိသရုပ်ခွဲနိုင်ရန် လိုအပ်ပေမည်။
(၂)     အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းနိုင်ငံပိုင် ပကတိစီးပွားရေး အခြေခံများ အားနည်းပြီး၊ အရန်နိုင်ငံခြားငွေ ပမာဏ နည်းပါးခြင်း၊ ကုန်သွယ်ရေးလိုငွေနှင့် စီးပွားရေး လုပ်ဆောင်ချက်များ (Economic Performances) တို့အပေါ်တွင် မှီတည်ကာ ဖြစ်ပေါ်လေ့ရှိသည်။
ဆိုလိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အကျပ်အတည်း (Economic Crisis) မဖြစ်ပေါ်မီ ကာလအထိ ရှိနေခဲ့သော အရိပ်လက္ခဏာများနှင့် ယင်းတို့ကို အချိန်မီမတားဆီး နိုင်ခဲ့ခြင်းဟူသော တူညီသော အချက်များ (Common Characteristics) ရှိနေလေ့ရှိသည်။
(၃)     ငွေလဲနှုန်းစနစ် (Exchange Rate System) နှင့် ငွေကြေးအရင်းအနှီး စီးဆင်းမှုပမာဏ (Monetary Transaction Amount) တို့သည်လည်း ဆက်စပ်မှု ရှိလေ့ရှိသည်။ တစ်ဖန် ယင်းငွေကြေး စီးဆင်းမှုများ (Capital Flows) နှင့်အတူ ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်သွယ်မှုများ (Goods & Service Flows) တို့သည်လည်း အပြန်အလှန် ဆက်စပ်နေလေ့ရှိသည်။
(၄)     ၎င်းအပြင် ကုန်သွယ်မှု (ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ တင်ပို့ခြင်းနှင့် တင်သွင်းခြင်း) တို့မှ ဖြစ်ပေါ်လာသော ငွေလဲနှုန်း (နိုင်ငံခြားငွေကြေးနှင့် လဲလှယ်ရာတွင် မိမိနိုင်ငံသုံး ငွေကြေး၏ နှိုင်းယှဉ်တန်ဘိုး အပြောင်းအလဲ) သည် အရင်းအနှီး စီးဆင်းမှုများ (ငွေကြေးအရင်းအနှီး စီးဝင်မှုများနှင့် စီးထွက်မှုများ) မှ ဖြစ်ပေါ်လာသော ငွေလဲနှုန်း (နိုင်ငံခြားငွေကြေးနှင့် မိမိနိုင်ငံသုံးငွေကြေး၏ နိုင်းယှဉ်တန်ဖိုး အပြောင်းအလဲ) နှင့်လည်း ဆက်စပ်ပါသည်။
(၅)     ဤတွင် အရင်းအနှီးစီးဆင်းမှုများ (Capital Flows ဟုဆိုရာတွင် တရားဝင် အရင်းအနှီး စီးဆင်းမှုများ (Capital Inflows) နှင့် တရားဝင် အရင်းအနှီး စီးထွက်မှုများ (Capital Outflows) သာမက အခြားသော ပုံစံများဖြစ်သော ငွေကြေးစီးဆင်းမှုများ (Cash Flows) တို့ကိုပါ လေ့လာရပါသည်။
(၆)     (ဥပမာ- မြန်မာကျပ်ငွေဆိုပါစို့) သာမန်အားဖြင့် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေသော အကြောင်းရင်း နှစ်ရပ်မှာ (က) ပြည်ပပို့ကုန် မြင့်တက်ခြင်း (ခ) ပြည်ပမှ ငွေကြေးအရင်းအမြစ်များ ပြည်တွင်းသို့ စီးဝင်ခြင်းဟူသော အကြောင်းအရာ နှစ်ရပ်ပေါ်တွင် မူတည်သကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေသော အကြောင်းရင်း နှစ်ရပ်မှာလည်း (က) ပြည်ပမှ သွင်းကုန်မျာ မြင့်တက်ခြင်း (ခ) ပြည်တွင်းမှ ငွေကြေး အရင်းအမြစ်များ ပြည်ပသို့ စီးထွက်ခြင်းဟူသော အကြောင်းအရာ နှစ်ရပ်ပေါ်တွင် မူတည်ပါသည်။
(၇)     တစ်ဖန် ပြည်တွင်းဘဏ် တိုးနှုန်းသည် မြင့်မားနေသဖြင့် ပြည်ပမှ အရင်းအနှီးများ (ပုံသဏ္ဌာန်မျိုးစုံ) ဝင်ရောက်လာသော်လည်း ယင်းအရင်းအနှီးများသည် နိုင်ငံ၏ ကုန်ထုတ်စွမ်းရည် (Productive Potential) မြှင့်တင်ပေးရာတွင် အထောက်အကူ မပြုဘဲ ပြည်တွင်းမှ ရရှိသော အကျိုးအကြောင်းများကို ပြည်ပသို့ ပြန်လည်စီးထွက် သွားခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပေသည်။
(၈)     ထိုသို့ဆိုလျှင် ပြည်ပပို့ကုန်ပမာဏ (Exports) ထက် သွင်းကုန် (Imports) က မြင့်မားနေသော အခြေအနေ၊ တစ်နည်းမဟုတ် ပြည်ပပို့ကုန် ပမာဏ တိုးတက်မြင့်မားစေနိုင်သော ထုတ်လုပ်မှုစွမ်းရည် နိမ့်ကျနေသေးသော အခြေအနေတွင်ရှိသည့် နိုင်ငံသည် ယင်း၏ အရန်နိုင်ငံခြားငွေပမာဏ (Foreign Currency Reserves) ကို တစ်စ တစ်စ လျော့နည်းကျဆင်း စေနိုင်ခြင်းကို ဖြစ်ပေါ်စေပါသည်။
(၉)     တစ်ချိန်တည်းတွင် ပြည်တွင်းသို့ စီးဝင်လာသော အရင်းအနှီးများ (Capital Inflows) ထက် ပြည်ပသို့ စီးထွက်သွားသော အရင်းအနှီးများ (Capital Outflows) က ပိုမိုများပြားနေလျှင် (သို့မဟုတ်) Capital/Cash Inflows နှင့် Capital/Cash Outflows တို့မှာ တိုင်းပြည်တွင်းရှိ စီးပွားရေး အရင်းအမြစ်များ (Financial Resources) ကို သိသာသော အထောက်အပံ့ မပေးနိုင်လျှင်၊ တစ်ဖန်ဝင်ငွေ ခွဲဝေမှု ပုံသဏ္ဌာန် အားနည်း၍ ယင်းမှတစ်ဆင့် စားသုံးမှုပုံ သဏ္ဌာန်များ (Consumption Types) စုဆောင်းမှု ပုံသဏ္ဌာန်များ (Saving Types) နှင့် ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌာန်များ (Investment Types) တို့အကြား ချိတ်ဆက်မှု (Linkages) များ အားနည်းနေလျှင် ပြည်တွင်းငွေကြေးတန်ဖိုးသည် ကျဆင်းသွားစေ နိုင်သည်။
(၁၀)    ထို့ကြောင့် မက်ခရိုစီးပွားရေး အနေအထားကို သိရှိရန်အတွက် Balance Of Payment (Current Account နှင့် Capital Account တို့ ပေါင်းစပ်ထားခြင်း) ကို ခန့်မှန်းသုံးသပ် လေ့လာရပေသည်။
#Balance of Payments = Current Account (CA) + Capital Account (KA)
#CA+KA = ∆ RES (အရန်နိုင်ငံခြား ငွေပမာဏ) ပင် ဖြစ်သည်။
CA တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြည်ပတင်ပို့မှုနှင့် တင်သွင်းမှုများ (Balance for Goods Service Trade)၊ Factor-Income ၏ Balance၊ Factor-Income Balance (Inflow/ Outflow) နှင့် Balance for Transfers (Inflow/ Outflow) များ ပါဝင်သည့်
#CA= (EXg – Img) + (EXs – Ims) + (Fli – Flo) + (Tri – Tro)
ဖြစ်သည်။
တစ်ချိန်တည်းတွင် Capital Account တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ၊ အသားတင် Porfolio ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြား တိုင်းပြည်များမှ ချေးငွေများ စသည်တို့ ပါဝင်ပေသည်။
#KA = (FDIi – FDIo) + (PFi - PFo) + (OHi – Oho) တို့ဖြစ်သည်။ KA သည် ပြည်တွင်းအတိုးနှုန်း၊ ပြည်ပနိုင်ငံတို့၏ အတိုးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းတို့နှင့် ဆက်စပ်ပါသည်။
ထို CA နှင့် KA တွင် ဖြစ်တည်နေသော အခြေအနေများသည် နိုင်ငံခြားငွေကြေးနှင့် ပြည်တွင်းသုံး ကျပ်ငွေတို့၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို ဖြစ်တည်စေကာ ယင်းတို့၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲ ပမာဏကို ဖြစ်တည်သွားစေခြင်းပင် ဖြစ်သည်။
(၁၁)    အချုပ်အားဖြင့် နိုင်ငံခြားငွေလဲနှုန်းဟု ဆိုရာတွင် ပြည်တွင်းသုံး ငွေကြေး၏ နိုင်ငံခြားငွေနှင့် နှိုင်းယှဉ်တန်ဖိုး တိုင်းတာမှု အခြေအနေကို ဖော်ပြခြင်း ဖြစ်သကဲ့သို့ နိုင်ငံ၏ စီးပွားရေး ယှဉ်ပြိုင်စွမ်းရည် (Economic Competitiveness Power) နှင့် နိုင်ငံသားတို့၏ ဝယ်ယူစားသုံးနိုင်မှုစွမ်းရည် (Purchasing Power) တို့နှင့်လည်း ဆက်စပ်နေသောကြောင့် ရှိသင့်ရှိထိုက်သော ငွေတန်ဖိုး (ပို့ကုန်နှင့် သွင်းကုန် အခြေအနေ၊ ဘဏ္ဍာရေးစီးဆင်းမှု အခြေအနေတို့မှတစ်ဆင့်) ကို မည်သို့ ပုံဖော်မည်နည်းဟူသော ပြဿနာကို ရင်ဆိုင်ကျော်လွှား သွားရပေလိမ့်မည် ဖြစ်သည်။

Most Read

Most Recent