၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင် ပယ်မဲဖြင့် အနိုင်ယူနိုင်သောကြောင့် သတိပြုရန်လိုဟု NLD နာယက ဦးတင်ဦး သတိပေး

၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင် ပယ်မဲဖြင့် အနိုင်ယူနိုင်သောကြောင့် သတိပြုရန်လိုဟု NLD နာယက ဦးတင်ဦး သတိပေး
Published 16 September 2015
မင်းသူဝင်းထွဋ်

၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင် ပယ်မဲဖြင့် အနိုင်ယူနိုင်သောကြောင့် သတိပြုရန် လိုအပ်ပြီး မဲစာရင်း ထုတ်ပြန်မှုတွင် မှားယွင်းမှုများ များပြားနေကာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ ဦးတင်ဦးက သတိပေးပြောကြားသည်။ပန်းတနော်မြို့နယ် အောင်သပြေ ဘိုးဘွားရိပ်သာ အတွင်းရှိ ခန်းမဆောင်၌ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ လူထုဟောပြောပွဲနှင့် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။“အခုစနစ်က အရင်အတိုင်းပဲ အများနိုင်ရင် အများအကုန်ယူဆိုတာ။ အခုစနစ်နဲ့ လေးလေးနက်နက် ပြောချင်တာက တစ်မဲသာသူ အနိုင်ယူဆိုတာ။ ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ တစ်မဲစီဟာ အရေးကြီးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘာနဲ့ အနိုင်ယူသွားသလဲ ကြိုတင်မဲနဲ့ အနိုင်ယူသွားတယ်လေ။ အခု ဘာနဲ့ အနိုင်ယူမယ်ထင်လဲ။ ခင်ဗျားတို့ မဲတွေကို ပယ်မဲနဲ့ အနိုင်ယူသွားမယ်။ အခုဆိုရင် မဲစာရင်းတွေကို အမှန်အကန်ဆိုပြီး ထွက်လာတယ်။ ဒါပေမဲ့ မမှန်ကန်ပါဘူး။ ရန်ကုန်မှာ ဆိုရင်လည်း အခုပြဿနာပဲ မဲစာရင်းတွေ ထွက်လာတယ်။ ပထမတုန်းက ပါတဲ့သူတောင် အခုမပါတော့ဘူး။ အမှားပြင်တယ် အမှားပြင်လိုက်တဲ့ အချက်တွေ မှန်မလာဘူး။ အခု ထပ်မှားသွားတယ်။ ကျန်တဲ့ဟာတွေလည်း ရှိသေးတယ်။ ဒါတွေဟာ ကျွန်တော်တို့ အလုပ်မရှုပ်ရှုပ်အောင် လုပ်တဲ့နည်းပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။အဆိုပါ တွေ့ဆုံပွဲ၌ ပန်းတနော်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမန်းညွန့်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မန်းတိုးရွှေ၊ ပန်းတနော်မြို့နယ် မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ ပန်းတနော်မြို့နယ် မဲဆန္ဒနယ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့အား ဦးတင်ဦးက ပြည်သူထံ မိတ်ဆက်အပ်နှံခဲ့ပြီး ညနေပိုင်းတွင် မြောင်းမြမြို့၌ ဆက်လက်၍ လူထုဟောပြောပွဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။