၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စု ဒုတိယပွဲတွင် ထိုင်းအသင်းကို မြန်မာရှုံးနိမ့်

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စု ဒုတိယပွဲတွင် ထိုင်းအသင်းကို မြန်မာရှုံးနိမ့်
Published 16 September 2015

၂၀၁၆ ရီယိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စုဒုတိယပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းက ဂျော်ဒန်အသင်းကို (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးဒုတိယပွဲစဉ်တွင်မူ အိမ်ရှင်မြန်မာအသင်းက ထိုင်းအသင်းကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို ပထမပိုင်းတွင် ဖိကစားနိုင်ခဲ့ပြီး (၂၇)မိနစ်တွင် ဂိုးဧရိယာထိပ်မှ ရီရီဦးကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးတိုင်အပေါ်က ကျော်သွားခဲ့သဖြင့် ကံဆိုးခဲ့ရသည်။(၃၄)မိနစ်တွင် ထိုင်းအသင်း ပထမဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောက တစ်ဆင့် ကွင်းလယ်လူ အင်နိုဆာရာက ခေါင်းတိုက်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ထိုင်းအသင်းက ဆက်လက်ဖိကစားခဲ့ပြီးအခွင့်အရေးများ ရရှိခဲ့သည်။ ထိုင်းအသင်းအတွက် ဒုတိယဂိုးကို (၆၈)မိနစ်တွင် ကွင်းလယ်လူ အင်နိုဆာရာကပင် ဂိုးဧရိယာထိပ်မှ ရရှိသော ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ ရယူခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို (၇၂)မိနစ်တွင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည် ပွဲပြီးခါနီးနှင့် ထပ်ဆောင်းအချိန်ပိုများတွင် ထိုင်းအသင်းဘက်သို့ ဖိကစားကာ အခွင့်အရေးအချို့ရခဲ့သော်လည်း အသုံးမချနိုင်သဖြင့် ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်တွင် တရုတ်(တိုင်ပေ)က (၂)ပွဲကစား၊ (၂)ပွဲနိုင်၊ ရမှတ်(၆)မှတ် ရရှိထားပြီး မြန်မာအသင်းမှာ (၂)ပွဲကစား၊ (၁)ပွဲနိုင်၊ (၁)ပွဲရှုံး၊ ရမှတ်(၃)မှတ် ရရှိထားသည်။ ထိုင်းအသင်းမှာ (၁)ပွဲကစား၊ (၁)ပွဲနိုင်၊ ရမှတ်(၃)မှတ်နှင့် ဗီယက်နမ်အသင်းက (၁)ပွဲကစား၊ (၁)ပွဲရှုံးဖြင့် အမှတ်မရရှိသေးသလို၊ ဂျော်ဒန်အသင်း မှာလည်း (၂)ပွဲကစား၊ (၂)ပွဲရှုံးဖြင့် ရမှတ်မရရှိသေးကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စုတတိယပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ(၁၈)ရက်(သောကြာနေ့)တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent